စစ်အုပ်စု သက်တမ်းရှည်နေသရွေ့- ၈ တိုက်ပွဲဝင် ရဲဘော်တဦး
Monday, February 22, 2010
နိဂုံး
(၁) ၅၃ ရက်တိုက်ပွဲ နှစ် ၃ဝ ပြည့် အထိမ်းအမှတ်အဖြစ် ရေး ခြစ်ပါတယ်။ အချိန်ကြာတာနဲ့အမျှ အမှတ်မှားတာ မေ့ကျန် တာတွေ ရှိပါလိမ့်မယ်။ ဒါကြောင့် သမိုင်းမှတ်တမ်းတင်တဲ့ ဘက် အလေးမကဲဘဲ ပြန်ပြောင်းသတိရချက် တခုအဖြစ်သာ သဘောထားစေချင်ပါ တယ်။
တိုက်ပွဲကြီးတခုလုံးမှာ အောက်ခြေမှ ကျနော်ပေါင်းစပ်ပေးခဲ့ တာက အစိတ်အပိုင်းလေးတခုသာ ဖြစ်ပါတယ်။ အဓိက သော့ချက်နေ ရာမှာပါဝင်ခဲ့တဲ့ ကျနော်တို့ ခေါင်းဆောင်တွေ၊ ကေဒါတွေ နှစ် ၃ဝ အတွင်းမှာ ကွယ်လွန်ကုန်ကြပါပြီ။ တချို့ က ပြန်အဖမ်းခံရပြီး ထောင်ထဲမှာပဲ ကျဆုံးကုန်ခဲ့ကြတယ်။ သူတို့ ရေးမသွားနိုင်ကြပါ။
(၂) ၅၃ ရက် တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သူတွေရော နောက်ပိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရင်း ကျဆုံးသွားကြတဲ့ ကျွန်းရဲဘော် တွေထဲမှာပါ၊ ကျွန်းကာလ အယူအဆ ၃ မျိုးကို သီးခြားစီ ကိုယ်စားပြုခဲ့သူတွေချည်းပါ။ ဒီမှာတွေ့ရတာက လမ်းစဉ်အယူအဆ ဘယ် လောက်ပဲကွဲကွဲ၊ အရင်းခံ မူနှစ်ချက်ကို လက်မလွှတ်သမျှ ကိုယ်စီ ကိုယ်ကျိုးစွန့်နိုင်တယ်။ တော်လှန်ရေးကို အလုပ်အကျွေးပြုနိုင်တယ် … ဆိုတာပါပဲ၊ ဒီနှစ်ချက်ကတော့
(၁) ပါတီကို ယုံကြည်ရမယ်။
(၂) ပြည်သူကို ယုံကြည်ရမယ် … ဆိုတဲ့ တောင်းဆိုချက် ဖြစ်ပါတယ်။
(၃) ရေးနိုင်သူ ပေါင်းစပ်နိုင်သူတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် အများစုက ဒီမိုကရေစီဆိတ်သုဉ်းတဲ့နေရာမှာ ရှိနေကြ တယ်။ သူတို့ကတော့ ကျွန်းရဲဘော်တွေနဲ့ ကျွန်းမှာအတူနေခဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တွေပါ။ သူတို့ရေးနိုင်လာတဲ့တနေ့မှာ ဒီ ပန်းချီကားချပ်ကြီး အတော်အတန် ပြည့်စုံသွားနိုင်ပါတယ်။
ရေးနိုင်မယ့်တနေ့ကို စောင့်ကြိုကြပါစို့။ ။
ကျနော်တို့ခေတ်မှာ ‘ဘွန်း’ ဒီခေတ်ကျတော့ ‘၄ဝ၁’
(၁)
နေရာက အင်းစိန်ထောင် အဆောင် ၎
အချိန်က ညနေစောင်းမှာ
အခန်းထဲမှာ လူ ၃ဝ ကျော်ခန့်ရှိတယ်။ ထမင်းစားပြီး တန်းပိတ် လူစစ်သွားတာလည်း ကြာလှပြီ။ တတောက်တောက်နဲ့ လမ်းလျှောက် နေမိတာ ဘယ်နှစ်ခေါက် ရှိမှန်းမသိ။ အသံတွေ တဖြည်းဖြည်း စဲသွားစ။ တချို့နီးစပ်ရာ ခုတင်ချင်း ‘တွတ်’ထိုးနေတာပဲ ကျန်တော့ တယ်။ တချို့အိပ်ကြပြီ။
သေချာတာ တခုပဲရှိတယ်။ လှုပ်လှုပ်ရှားရှားလုပ်နေတာ ကျနော်တယောက်တည်း။ ကုလားဝါဒါ အေးသိန်း ရေချိုးကန်ဘေး သရက် ပင်ရိပ်က စောင့်ကြည့်နေတာ ကျနော်သိတယ်။ ကျနော့်ချိန်ဆချက် မပြီးပြတ်သေး။ လိုအပ်မယ့် အချက်အလက်တွေ ဖြည့်ဆည်းနေ ဆဲ။ ဘာပြောမယ်ဆိုတာက ရှင်းပြီးသား။ ထိထိမိမိ ဖြစ်သွားလိမ့်မယ်ဆိုတာလဲ စိတ်ချသွားခဲ့ပြီ။
ဘယ်လိုပြောမလဲဆိုတာကြတော့ တုံ့ဆနေမိတယ်။
ကျနော်က လူတယောက်ကို နင်ပဲ ငဆပြောရမှာ အားနာလေ့ရှိတယ်။ မပြောမဖြစ် ပြောရရင်လည်း အသံတုန် တတ်တယ်။ အသေး စိတ်အပိုင်းတွေကတော့ ရောက်ရားပဲပေါ့။ ပြောရဆိုရ ရင်ဆိုင်ရမှာက ဒီနေ့ (ကို--) ရဲ့ ပုံစံအတိုင်း ဖြစ်ချင်မှဖြစ်မယ်။ သူတို့ ရည် ရွယ်ချက် သိပြီးသားဆိုတော့ သိပ်တိမ်းစောင်းစရာ မရှိ။
(၂)
နေ့ခင်းက အဖြစ်အပျက်ကို ပြန်စဉ်းစားနေမိတယ်။
နံက်စာ ထမင်းစားပြီးချိန်မှာ ကျနော်တို့အခန်း အစုလေးရဲ့ခေါင်းဆောင် (စိန်--) ကို ခေါ်ထုတ်သွားကြတယ်။ လာခေါ်ပုံက ဖော်ဖော် ရွေရွေ၊ စောင်အုပ်သွားပုံက သာသာကြည်ကြည်၊ အပြစ်တခုခုကြောင့် ခေါ်ထုတ်ပုံမျိုး မဟုတ်။
သိကြတဲ့အတိုင်း ကျွန်းပြန်တွေဆိုတော့ ထောင်မှူး ကျော်မင်း ဦးစီးတဲ့ ဝါဒါတွေက အလစ်မပေး တခြား လူခံအကျဉ်းသားတွေလည်း မှာထားပြီးသား။ “ဒီကောင်တွေအနား မကပ်ကြနဲ့၊ ဓာတ်လိုက်သွားမယ်၊ တွေ့တာနဲ့ တိုက်ထဲ ပို့ပစ်မယ်”ဆိုတဲ့ ကြိမ်းဝါးသံတွေ တကြား တည်း ကြားနေရတယ်။
သူတို့တတွေ ရေချိုးဆင်းဖို့ ကျနော်တို့အခန်းရှေ့ကဖြတ်သွားတဲ့အခါ ဝါဒါတွေ ရှေ့နောက်ပိတ်ပြီး ခေါ်သွားတာတွေ့ရတယ်။ ပြုံးဖြီးဖြီး မျက်နှာတွေကို တဖက်လွှဲထားကြရတယ်။
ကျနော်တို့ အခန်းတွေကိုတော့ ရေကန်နဲ့ မျက်နှာချင်းဆိုင်ဘက် သံတိုင်ပေါက်တွေက မကြည့်ဖို့ သတိပေးထားတယ်။ ဝါဒါတယောက် လည်း အနီးကပ် လာကြီးကြပ်လေ့ရှိတယ်။ (ရရိုးလား ကြည့်ဖြစ်အောင် ကြည့်ကြတယ်။) ဒါ့အပြင် အထက်ခန်း၊ ဘေးခန်းတွေနဲ့ စာအဆက်အသွယ်က မပြတ်။
(၃)
ကျနော်တို့ကို ကျွန်းကပြန်ပို့လိုက်တော့ ဆိပ်ကမ်းကနေ ဟီးနိုးကားကြီးတွေနဲ့ တင်ခေါ်လာပါတယ်။ ကျနော်တို့ လူ ၃ဝ ကျော်အသုတ် က ကျွန်းမှထွက်စဉ် နောက်ဆုံးသင်္ဘောပေါ်တင်ခဲ့ကြတဲ့ အသုတ်ဖြစ်ပြီး ဘူးထဲသွင်းတော့ ပထမဆုံးဖြစ်ခဲ့တယ်။
ဘူးထဲသွင်းပြီးတဲ့နောက် ပုံစံထိုင်မပေးကြလို့ ပုံစံပြခံကြရပါတယ်။ တဦးကို ဝါဒါ ၂ ယောက်ကျ ညှပ်၊ ချုပ်၊ ဆဲဆို ထိုးကြိတ်ကာ (မျက် နှာစောင် အုပ်လျက်) တံခါးတချပ်ကျော် ခေါ်သွင်းတာ ခံလိုက်ကြရတယ်။ တနေရာမှာ စု အထိုင်ခိုင်းထားတယ်။ ဘေးနားမှာလည်း ရဲ ဘော်တွေ တယောက်ပြီးတယောက် ရောက်လာသံကြားရတယ်။
ဘေးမှာတော့ ထောင်အာဏာပိုင်တွေနဲ့ ဝါဒါတွေက ဝိုင်းထားတယ်။ အနီးကပ် အယ်လ်ဇေးရှင်းခွေးကြီးတွေရဲ့ အီသံ ဟောင်သံတွေ ကြားနေရတယ်။ စိတ်မထင်ရင် မထင်သလို ခြေနဲ့ကန် လက်သီးနဲ့ဝင်ထိုး လုပ်တာလည်း ခံနေကြရတယ်။
အရိုက်ခံလိုက်ရလို့ နံရိုးကျိုးကာ တုံးလုံးကြီးလဲနေတဲ့ လေထီး ဗိုလ်အုန်းမောင်ရဲ့ ညည်းသံကို ကြားနေရတယ်။ ဘာမှလည်း မတတ် နိုင်၊ ဘာလုပ်ရမှန်းလည်း မသိတော့။
၁၅ မိနစ်လောက်ကြာ အောင်နှိပ်စက်ပြီးမှ လူတဦးချင်း နာမည်ခေါ်ပါတယ်။ အခေါ်ခံရသူက လက်ထောင်ပြရပြီး နောက် သူ့ကို ခေါ် သွားသံကြားရတယ်။ ကျနော့်နာမည် ခေါ်သံကြားလို့ လက်ထောင်ပြလိုက်တယ်။ ထုံးစံအတိုင်း ကြမ်းကြမ်းတမ်းတမ်း ခေါ်လာပြီး အ ခန်းတခန်းထဲကို စောင်ခွာပေးလိုက်ကာ ထိုးသွင်းလိုက်တယ်။
မိုးမလင်း မှောင်မိုက်ဆဲအချိန်ဖြစ်ပေမယ့် ဖျော့တော့တော့ ဖန်သီးရောင်ကြောင့် အခန်းထဲ ဘယ်သူမှမရှိကြောင်း သိလိုက်ရတယ်။ ခ ဏနေတော့ ခြေသံတွေကြားရပြီး သော့ဖွင့်လိုက်ကာ နောက်ထပ်တယောက် ဒလိမ့်ခေါက်ကွေး ရောက်လာပါတယ်။ ကျနော့်ကို မြင်တာနဲ့ ကျွမ်းနှစ်ပတ်လောက်ထိုးပြီး ကျနော့်ဆီ ပြေးလာတယ်။
“ဝမ်းသာလိုက်တာ” တဲ့။ ဘာဖြစ်လို့လဲဆိုတော့ “ခင်ဗျားနဲ့အတူ နေရမှာမို့ပေါ့” တဲ့။ ကျနော်တို့နှစ်ယောက်က အဲဒီလောက်ချစ်ကြတဲ့ ရဲဘော်တွေ။ သူကတော့ ရဲဘော် အောင်ဘော်ပါ။
နောက်တော့ သူ့အဖွဲ့ကိုယ့်အဖွဲ့ သူ့ပါတီကိုယ့်ပါတီကလူတွေ တယောက်ပြီးတယောက် ရောက်လာကာ လူပြည့်သွားပါတော့တယ်။ လူ ပြည့်တာနဲ့ အဆောင်မှူး ကျော်မင်းနဲ့ ဝါဒါတသိုက်ရောက်လာပြီး ထောင် စည်းကမ်းတွေ လက်ချာရိုက်ပါတော့တယ်။
သူတို့ ပြန်ထွက်သွားမှ ကိုအောင်ဘော်က “ဒီကောင့် အဆောင်နေရတာ ချောင်မယ့်ပုံ မရှိဘူး။ ကျနော်တို့ကို အထိုင်ခိုင်းထားပြီး သူ တို့က ဝိုင်းထားချိန်မှာ ဝါဒါတွေက တယောက်ပြီးတယောက် ဝင်ရိုက်နေတာ ကျနော်က မြင်နေရတယ်။ ကျနော့်ကို အုပ်ထားတဲ့စောင် က အပေါက်ကြီးနဲ့ဗျ။ ဗိုလ်အုန်းမောင်ကို ရိုက်ချလိုက်တာလည်း မြင်ရတယ်။ တချက်တချက် “မလုပ်နဲ့ မလုပ်နဲ့ လက်လွန်ကုန်မယ်” လို့ အရာရှိပိုင်းက အော်သံတွေ ကြားရတယ် မဟုတ်လား?။ အဲဒါက သင်္ကြန်တွင်း မပက်ကြနဲ့ မပက်ကြနဲ့လို့အော်တဲ့ လူကြီးတွေရဲ့ အသံမျိုး။
တကယ်က သူတို့ လက်ညှိုးထိုးပြတဲ့သူတွေကို ဝင်ရိုက်ကြရတာပဲ။ စစ်ယူနီဖောင်းနဲ့ အကောင်တွေလည်းပါတယ်။ ခုနတုန်းက ထောင် မှူးဆိုရင် “ဟေ့ တော်ပြီ၊ တော်ပြီ ရပ်လိုက်တော့” လို့ အော်ပြီးတာနဲ့ သူ ကိုယ်တိုင် ဝင်ပြီးကန်ခဲ့တဲ့ ကောင်ပဲ။ ကျနော်တို့အပေါ် မီး မောင်းကြီးတွေ ဝိုင်းထိုးထားတော့ ရှင်းရှင်းကြီး မြင်နေရတယ်”
(စကားချပ်- အထက်အညာထောင်တွေကနေ ကျွန်းအပို့ခံရတဲ့သူတွေဟာ အင်းစိန်ထောင်က ထောင်မှူး ထောင်ပိုင် ဝါဒါတွေနဲ့ မ ဆက်ဆံခဲ့ကြရဘူးပါ။ MI ကိုင်တဲ့ တွဲဖက်ထောင်ကနေ တိုက်ရိုက် သင်္ဘောပေါ် တက်ခဲ့ကြရလို့ပါ)
သူက ပြောရင်းပြောရင်းက ကျိတ်မနိုင်ခဲမရ ဖြစ်နေပုံရပါတယ်။ ဗိုလ်အုန်းမောင် အရိုက်ခံရလို့ ညည်းညူနေစဉ်မှာ ကျနော်တို့ တခုခု ထလုပ်သင့်တယ်၊ အနိမ့်ဆုံး‘ကြွေးကြော်သံ’ တိုင်သင့်တယ်။ ခုတော့ ကျနော်တို့ ညံ့ရာကျသွားပြီလို့ ပြောပါတယ်။
“AB ဒီစမ်းသပ်မှုမှာ ကျနော်တို့ တာဝန်မကျေလိုက်ဘူး။ ထားလိုက်တော့ … နောက်ပွဲကြီးပွဲကောင်းတွေ လာနိုင်ပါသေးတယ်”လို့ ကျနော်က ပြန်ပြောမိပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီခေတ်နဲ့စာရင်တော့ တော်သေးတယ်လို့ ဆိုရပါမယ်။ တယောက် တကုတင် အိပ်ကြရတယ်။ လူစစ်တဲ့အခါ ထောင် မှူးစကားပြောတဲ့အခါ ပုံစံ ထိုင်မပေးရ။ မျက်စိနောက်အောင်လုပ်မနေရင် ရတယ်။ သူတို့မြင်သာတဲ့နေရာမှာ ရပ်ချင်ရပ်။ ထိုင်ချင် ထိုင်နေရတယ်။ အိမ်သာထဲက လူကလည်း “ဒီမှာ တယောက်ရှိတယ်” လို့ ဖြည့်ပြောလိုက်ရင် ပြီးတယ်။
သို့သော် ထောင်ဆိုတာ ထောင်ပဲလေ။ တခါ စစ်ဘီလူးတွေ အာဏာသိမ်းထားတဲ့ကာလပဲမို့ ဆုပေးတာ မရှိ။ ဒဏ်ပေးတာပဲ ရှိပါတယ်။ နေ့စဉ်လို ဘဝမမေ့အောင် ဆဲလိုက် ဆိုလိုက် အပြစ်ကျူးလွန်တယ်ထင်ရင် သတိပေးတာ ရေချိုးပိတ်တာ တိုက်ထဲပို့တာ … စသည် တွေ ကြောင့် နေချင်စရာ မကောင်းလှပါ။
ရေချိုးရတာက တပတ်တခါ အဝတ်လျှော်တာအပါ နာရီဝက်ပဲ ခွင့်ပြုတယ်။ ကျွန်းမှာ ရေချိုးရတာနဲ့တော့ ကွာပါဘိ။ တယောက် စည်း ကမ်းချိုးဖောက်တာတွေ့ရင် တခန်းလုံး တလမှ ၂ လအထိ ရေချိုးပိတ်တတ်တာက ရှိသေး။
တာဝန်ခံဝါဒါက တလလို့ ကြေညာသွားပြီးမှ ထောင်မှူးလာတဲ့အခါ ကြိမ်းရင်းမောင်းရင်းက ၂ လ ဖြစ်သွားတာလည်း ကြုံခဲ့ရတယ်။ ဒီတော့ တချို့လူညစ်ပတ်တွေ ကိုယ်ပေါ် အကောင်ကြီးကြီး ဝဝဖီးဖီး သန်းကြေးမတွေ ကပ်ငြိလာပါတော့တယ်။ ဒါပေမယ့် ဘယ်သူ့ ကြောင့် ဘယ်အဖွဲ့ကြောင့်လို့ မငြူစူကြ။ တခန်းလုံးဒဏ်ခံရပေမယ့် အပြန်အလှန် နားလည်မှုနဲ့ ပြဿနာ မလုပ်ခဲ့ကြ။
ကာလတခုဖြတ်ကျော်ပြီးကြတဲ့နောက် တရက်မှာတော့ တခန်းလုံး လူကုန် အပြင်ထုတ်ပါတယ်။ ကျနော်တို့ အဆောင်ရဲ့ ရှေ့အဖီထဲ မှာ ထိုင်ကြရပါတယ်။ ယခင် ထမင်းစားခန်းပါ။ ထိုင်ခုံရှည် စားပွဲရှည်တွေရှိတယ်။ အားလုံးထိုင်နေစဉ် MI နဲ့ ထောင်မှူးအပါ အမှု ထမ်းတချို့ရောက်လာပြီး စာရွက်တွေ ခဲတံတွေ ထုတ်ပေးပါတယ်။ စာမေးပွဲ အဖြေခိုင်းတာပါ။ မေးခွန်း ၁၁ ခု ဖြေရပါတယ်။ မှတ်မိ သလောက် …
ဗမာပြည် ကွန်မြူနစ်ပါတီအပေါ် အမြင်၊ ၄၈ လက်နက်ကိုင်တိုက်ပွဲအပေါ် သဘောထား၊ ဖြုတ် ထုတ် သတ် ကိစ္စ၊ နောက် အလံနီပါတီ၊ ဦးနုရဲ့ပါလီမန် ဒီမိုကရေစီပါတီ၊ မလညပ ပမညတ တို့နဲ့ပတ်သက်တဲ့ သဘောထားများ။
နောက်ဆုံးမေးခွန်းတွေမှာတော့ တော်လှန်ရေးကောင်စီ၊ မဆလ၊ အညမည သဘောတရား၊ တော်လှန်ရေးကောင်စီရဲ့ နိုင်ငံခြားရေး ဝါဒအပေါ် သဘောထားများ စသည် ပါ ပါတယ်။
“အင်း … စာမေးပွဲ ဖြေရမှာကြောက်လို့ နိုင်ငံရေးလုပ်ပါတယ်၊ ဖြေလိုက်ရတဲ့ စာမေးပွဲပြီးတယ်ကို မရှိဘူး” … ဒါက AB (ကိုအောင် ဘော်) ရဲ့ အောက်ကလိအာ အသံ … ကျန်တဲ့သူတွေက ပြုံးလိုက်ကြပြီး MI တင်လှတို့ နှုတ်ခမ်းစူနေပါတယ်။ (တကယ်က ကိုအောင် ဘော်ဟာ စာကြိုးစားပြီး စာတော်သူ ကျောင်းသားတယောက်ပါ။ စာမေးပွဲကြောက်သူ မဟုတ်)
ကျနော်က တိုတိုရှင်းရှင်း ပြတ်ပြတ်ဖြေချလိုက်ပြီး အခန်းထဲ ပြန်ဝင်လာပါတယ်။ AB ကတော့ ဂုဏ်ထူးတွေ ထွက်အောင်များဖြေနေ သလား မသိ။ တော်တော်နဲ့ မပြီး။ တခြား အဖွဲ့အစည်းတွေက အသက်ကြီးကြီး လူကြီးတွေလည်း လက်တွေ့နေကြဟန်တူတယ်။ အ တွေ့အကြုံကများတော့ ပြောစရာတွေ များပုံပဲ။ အချိန်ကလည်း ကန့်သတ်မထား။
နောက်မှ တယောက်ပြီးတယောက် ပြန်ဝင်လာကြတယ်။ သူ့အစု ကိုယ့်အစု ကျိတ်ကျိတ် ကျိတ်ကျိတ်နဲ့ ပြောကြရပြန်တယ်။ အပြန်အ လှန် စိစစ်ကြပါတယ်။ အားရမိတာလည်း ရှိ၊ ဆင်ဝှေ့ရန်ရှောင် ဖြေခဲ့ကြတာတွေ လည်း တွေ့ရတယ်။
တချို့က မျက်စိထဲကြည့်မရတဲ့ တခြားပါတီတွေအပေါ် ဖိရေးလာတာရှိခဲ့တယ်။ ဦးနုကျတော့ သူ အစိုးရ ဖြစ်စဉ်ကလည်း တလျှောက် လုံးခံလာကြရလို့ နှိပ်နှိပ်နယ်နယ် ဖြေလာခဲ့ကြတယ်။ ဒါတွေကို တခန်းနဲ့တခန်း ဖလှယ်ကြည့်ကြတယ်။ နောက်ပိုင်း တခြားအခန်းမှ ကိုဉာဏ်ဝင်း (ရကသ) ဆီက ဝေဖန်ရေး ရောက်လာတယ်။
“ရန်သူကိုပဲ တိုက်ရမယ်။ မိတ်ဆွေမရှိ တပ်ပေါင်းစုမရှိ ဖြစ်သွားအောင် ဘဝတူပါတီတွေကို ကိုယ်က ဦးဆောင်ဖွင့်ချရင် မှားတယ်”တဲ့။ ကျနော်က မဆလ ကို ခပ်ပြတ်ပြတ်တိုက်ခဲ့တာအတွက် ဂုဏ်ယူမိတယ်။
ဦးနုကျတော့ ဖောက်ပြန်တဲ့ လက်ယာအစိုးရတခုကို ကိုယ်စားပြုဖူးသူ၊ ယခု နယ်ချဲ့ နောက်လိုက်ဖြစ်သွားပြီလို့ ဖြေခဲ့တာမှန်တယ် ထင်ကြောင်း။ အလံနီပါတီဟာ ဗကပ ကို ပခုံးချင်းယှဉ်ပြီး ပစ္စည်းမဲ့ပါတီလို့ သူ့ကိုယ်သူ သတ်မှတ်ထားပေမယ့် တကယ်က ဓနရှင် ပေါက်စ ပါတီပဲလို့ ဖြေလာခဲ့တာတော့ မှားတယ်ဆိုရင်လည်း မှားတယ်ပေါ့ဗျာ … လို့ သတင်းပို့လိုက်ပါတယ်။
စာမေးပွဲဖြေအပြီး မကြာမီ ပထမ အသုတ် လူတော်တော်များများ လွှတ်ပေးလိုက်ပါတယ်။ ကျနော်တို့အထဲက လူကြီးပိုင်းတချို့ (ဆရာ ရာဂျန်၊ ဦးမြသန်းတင့် … စသည်) ပါ သွားပါတယ်။ သတင်းစာလာပြလို့ သိရတာပါ။ ဖြတ်သန်းမှုကိုယ်စီ ရှိခဲ့ကြပြီဖြစ်လို့ ရန်သူ့ အထာကို သိကြပါတယ်။ ထွက်သွားတဲ့ ရဲဘော်တွေအပေါ် ဘာမှ သံသယ မရှိကြ။
အချိန်တချို့ ဖြတ်သန်းကြပြီးတဲ့နောက် …
ခု ကျနော်တို့ အစုခေါင်းဆောင်ကို ခေါ်ထုတ်သွားကြပြန်ပြီ။ ဆန်းတော့ ဆန်းတယ်၊ တနေကုန် စိတ်တွေက ဒီအပေါ်မှာပဲ ရောက် နေမိတယ်။
ကျနော်တို့ ထမင်းစားအပြီး ညနေစောင်းမှ ကိုယ်တော်ချောက ပေါ်လာပါတော့တယ်။ စောင်ကို အဆောင် မဝင်ခင်ကတည်းက ဖြုတ် ပေးလိုက်ပုံရတယ်။ စီးကရက် ပါးစပ်မှာခဲလို့၊ ပါးစပ်ကလည်း ကွမ်းလေးမြုံ့လို့ …။
“ကဲ … ဆိုစမ်းပါဦး၊ ကိစ္စက? ”
“ဦးမြတို့ ကိုဘခက်တို့က ခေါ်တွေ့တာလေ၊ ရှေးဟောင်းနှောင်းဖြစ်တွေလည်းပါတယ်။ ဖြုတ် ထုတ် သတ် ကိစ္စ၊ တရုတ်ပြည်ထဲမှာ သခင်သန်းမြိုင်ကို သခင်ဗသိန်းတင်တို့က အရေးယူလိုက်တဲ့ ကိစ္စ၊ အရှေ့မြောက် စစ်ဒေသ ဆိုတာလည်း တရုတ်တွေဝင်တိုက်ပေး နေလို့ ဒီလောက် ကြီးကျယ်လာတာလို့လည်း ပြောတယ်”
“ဒီတော့ ခင်ဗျား ဘယ်လို တုံ့ပြန်ခဲ့သလဲ”
“ဟင့်အင်း … နားပဲ ထောင်နေလိုက်တယ်၊ သိချင်တာပေါ်ရင် မေးကြည့်တာတော့ ရှိတယ်။ သူတို့ ၃ ယောက်က တယောက်ပြီးတ ယောက် အဆက်မပြတ် ပြောနေကြတာဗျ”
ဒေါပွနေပြီဖြစ်တဲ့ ကျနော်တို့တတွေက တယောက်တပေါက် ဝိုင်းဝေဖန်ကြပါတယ်။
“ဒီ သစ္စာဖောက်တွေက ကျွေးတာတွေ ခင်ဗျား စားလာတယ်။ ဆေးလိပ်သောက် ကွမ်းစားလာတယ်။ ခင်ဗျား မရှက်ဘူးလား”… စ သည်။
တကယ်က သူဟာ ရဲဘော်ကောင်း တယောက်ပါ။ မြို့နေဆင်းရဲသား လက်လုပ်လက်စား အလုပ်သမား တယောက် ဖြစ်တယ်။ မြစ် ဖျားတိုင်းနဲ့ အဆက်ရခဲ့ပြီး ပါတီဝင်ဖြစ်ခဲ့တယ်။ သူ့အား နည်းချက်က နိုင်ငံရေးရေချိန်နဲ့ စာပေယဉ်ကျေးမှုရေချိန်နိမ့်တာ ဖြစ်တယ်။ ရိုး ရိုးအအ ဆိုတော့ တုံ့ပြန်နိုင်စွမ်းမရှိ ဖြစ်သွားပုံရပါတယ်။
သူ့အကိုက အာဇာနည် ရဲဘော်တဦးဖြစ်လို့ ရဲဘော်တွေက ချစ်ကြခင်ကြပါတယ်။ ပျော်တတ်ရွှင်တတ်သူမို့ သူ့နာမည်ရှေ့မှာ ‘စိန်’ တပ် ခေါ်ကြတာပါ။ ဒါပေမယ့် ဒီတချီမှာတော့ မညှာနိုင်ကြတော့ပါဘူး။ သူလည်း အတော်စိတ်ညစ်သွားပြီး သူ မှားကြောင်း ဝန်ခံပါတယ်။
နောက် သူက ပွင့်ပွင့်လင်းလင်း တင်ပြတောင်းဆိုလာပါတယ်။ သူဟာ အခန်းအစုခေါင်းဆောင်နေရာနဲ့ မတန်ပါ။ ခေါင်းမဆောင်နိုင်ပါ၊ ဒါကြောင့် ခင်ဗျားခေါင်းဆောင်ပါလို့ သူ့တာဝန်ကို ထိုးအပ်ပါတယ်။ ကျနော်က ငြင်းပါတယ်။ “ဆက်လုပ်၊ ဝန်းရံမယ်” … ပေါ့။
ဒါပေမယ့် ကျန်ရဲဘော်တွေကလည်း “စိန်-- နဲ့ မဖြစ်ပါဘူး၊ ခင်ဗျားပဲ ခေါင်းဆောင်ပါ” လို့ ဝိုင်းတောင်းဆိုတာနဲ့ လက်ခံလိုက်ရပါတယ်။
သူက ဆက်ပြောပါတယ်။ “သူတို့က ခင်ဗျားတို့ အခန်းထဲမှာ ကျနော်တို့ရဲဘော်တွေ ဘယ်နှစ်ယောက်ရှိလဲ၊ ဘယ်သူတွေလဲမေးတာနဲ့ တယောက်စီအကြောင်း မိတ်ဆက်ပေးခဲ့ရတယ်။ ခင်ဗျား အကြောင်း အားကြီး မေးတယ်။ နက်ဖန် ခင်ဗျားကို ခေါ်တွေ့လိမ့်မယ် ထင် တယ်” … တဲ့။
နက်ဖန် လာခေါ်ရင် ငါ ဘာပြောမလဲ? ဘယ်လိုထိုးနှက်တိုက်ခိုက်ရမလဲ? … ဒီ မေးခွန်းတွေက ကျနော့်ကို တရစပ် လမ်းလျှောက်ခိုင်း ထားခြင်း ဖြစ်ပါတယ်။
“ဟေ့ မင်းမအိပ်သေးဘူးလား? ဘယ်အချိန်ရှိပြီလဲ? အိပ်တော့ …”
ဝါဒါ အေးသိန်း ဘယ်အချိန်က သံတန်းနား ရောက်နေတယ် မသိ။
ကျနော် ပြုံးချင်သလိုလို ဖြစ်သွားမိတယ်။ ပဲခူးရိုးမမှာ ဖြစ်ခဲ့ကြတဲ့အကြောင်းချင်းတတွေ သိထားပြီးမို့ပါ။ ရည်းစားလုဘက် နှစ်ယောက် ဒီနေရာမှာတော့ တလှေထဲစီး တခရီးတည်း သွားနေကြပါလား။
(၄)
နံနက် လက်ဖက်ရည်သောက်ပြီးတာနဲ့ ရဲဘော်တွေ ဝိုင်းဖွဲ့လိုက်ကြပါတယ်။ ကျနော်က လာခေါ်လို့ တွေ့ဖြစ်ကြရင် ဘယ်လိုရင်ဆိုင် မယ်၊ ဘာတွေ … ဘာတွေ ပြောမယ်။ ညနေ ပြန်မရောက်လာရင် အဲဒါတွေပြောလို့ပဲဆိုတာ မှတ်ထားကြပါ … လို့ မှာထားပါတယ်။
တွက်ထားတဲ့အတိုင်း နံနက်စာစားပြီးချိန် လာခေါ်ပါတယ်။ အင်းစိန်ထောင်ကို ကျနော် မကျွမ်းပါ၊ စောင်ကလည်း အုပ်ထားလေတော့ ဘယ်ခေါ်သွားလို့ ခေါ်သွားတယ်မသိ။ စောင်ဖွင့်ပေးလိုက်မှ တထပ်တိုက်ကလေးရှေ့ တံခါးဝမှာရောက်နေကြောင်း သတိပြုမိတော့ တယ်။
အပေါက်ဝဘေး ပုဏ္ဏားကွယ်အခန်းရှိ စားပွဲတလုံးဘေးမှာ လူနှစ်ယောက် ထိုင်နေပါတယ်။ (MI တွေပဲ ဖြစ်မယ်) စားပွဲပေါ်မှာ ဘာ ပစ္စည်း တင်ထားတယ် မသိ။ ကဒ်ထူပြားတချပ်ထောင်ပြီး ကွယ်ထားပါတယ်။ (နောက်မှ သိရတာက အသံဖမ်း ရီကော်ဒါ တင်ထား တာဆိုပဲ)
အခန်းထဲဝင်လိုက်တော့ အပြုံးကိုယ်စီနဲ့ လူနှစ်ယောက် မတ်တပ်ရပ်ကြိုနေပါတယ်။ ဘယ်ဘက် စားပွဲဘေးမှာ ရပ်နေသူကို (မတွေ့ဖူး ပေမယ့်) မြင်မြင်ချင်း သိလိုက်ပါတယ်။ ဘခက်ပဲ။ တခြား စားပွဲတလုံးမှာတော့ (ကြည့်ရတာ) ပီကင်းပြန် တင်ရှိန်ပဲ ဖြစ်လောက်တယ်။
ကွာခြားချက်ကတော့ ဘခက်က ဘီလူးမျက်နှာနဲ့မောက်မာပြီး လူရည်လည်တဲ့ပုံ၊ တင်ရှိန်ကျတော့ မျက်နှာ မထားတတ်တဲ့ ပုံ။ သိပ် တက်တက်ကြွကြွ မရှိ၊ မတတ်သာလို့ ဟန်ဆောင်ပြုံးနေပုံ ရတယ်။
“ကျနော်က ရဲဘော် ဘခက်၊ သူက ပီကင်းပြန် ဗိုလ်တင်ရှိန်ပါ”
ကျနော် ပြုံးချင်သလိုလို ဖြစ်သွားမိတယ်။ ပဲခူးရိုးမမှာ ဖြစ်ခဲ့ကြတဲ့အကြောင်းချင်းတတွေ သိထားပြီးမို့ပါ။ ရည်းစားလုဘက် နှစ်ယောက် ဒီနေရာမှာတော့ တလှေထဲစီး တခရီးတည်း သွားနေကြပါလား။
ဘခက်က အင်မတန်မှ လှိုက်လှဲတဲ့ပုံစံနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလာပါတယ်။ ကျနော်က ကပြာကယာ လက်နှစ်ဖက် နောက် ပစ်ထားလိုက်တယ်။ သူကလည်း လူပါး အခြေအနေကို တမဟုတ်ချင်း ပြန်ထိန်း လိုက်တဲ့အနေနဲ့ …
“ကဲ ထိုင်ဗျို့၊ နားဦးဗျာ … ဖြည်းဖြည်းချင်း ပြောကြတာပေါ့” လို့ ပြောပါတယ်။
“ကဲ ဆေးလိပ်သောက်ဗျာ” (ကျနော် မသောက်တတ်ဘူး)
“ကွမ်းရော” (မစားပါဘူး)
“ဒီလိုဆို လက်ဖက်ရည်သောက် … မုန့်စားပေါ့”
(သြော် … ခက်ပါပြီ၊ ခင်ဗျားတို့ ကျွေးတာမွေးတာ စားဖို့သောက်ဖို့ အစကတည်းက သဘောထား မရှိဘူးဗျ)
သူ ကျွဲမြီးတိုသွားဟန် ရှိပါတယ်။
“ရပါတယ်၊ ရပါတယ်”
ပြောပြီး ခေါင်းတညိတ်ညိတ် လုပ်နေပါတယ်။ ကျနော့်ရဲ့ ပထမ ထိုးစစ် ထိရောက်သွားပုံပဲ။
တခဏတော့ အရာအားလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့တယ်။ နောက်တော့မှ “ဒီလိုဗျာ … ခင်ဗျား အကိုနဲ့ အပြင်မှာ ခဏခဏ ဆုံ ဖြစ်ကြတယ်။ သူက ဒီတခေါက် လူတွေအများ ကြီးလွတ်လာပေမယ့် ကျုပ်ညီပါမလာဘူး၊ ကြည့်လည်း လုပ်ပေးပါဦးဗျာ … ပြောတာနဲ့ ခင်ဗျားကို ဦးစားပေး ခေါ်တာပါ” တဲ့။ (အပြင်ရောက်လို့ အကိုဖြစ်သူ ကို မေးကြည့်တော့ “ဟ ဒီကောင်နဲ့ငါက ကမ္ဘာရန်ပဲကွ၊ တွေ့ပါ့ မလား” လို့ ဖြေပါတယ်။)
ကျနော်က “ဟုတ်ရဲ့လားဗျ”
လို့ တုံ့ပြန်လိုက်တော့ သူ့အသံ တော်တော်နဲ့ ထွက်မလာ။ နောက်မှ …
“ဒီနေ့ ကိုမြ ပါမလာဘူး၊ အလင်းရောက် ရဲဘော်တယောက် အိမ်နေရာချထားဖို့ မင်္ဂလာဒုံဘက် သွားနေရတယ်။ သူပါမှ ဆွေးနွေးချင် တယ်ဆိုလည်း ရတယ်၊ မနက်ဖန် ရွှေ့လိုက်ကြတာပေါ့” လို့ ပြောထွက်လာတယ်။
“ကိစ္စမရှိပါဘူး၊ ခင်ဗျားတို့ ၃ ယောက်စလုံးနဲ့ ကျနော်နဲ့က ဘယ်တုန်းကမှသိခဲ့ဖူးကြတာ မဟုတ်ဘူး။ ဘယ်သူပါမှ မပါမှ ဆွေးနွေးချင် တယ်ဆိုတာမျိုး မရှိဘူး။ ကျနော့်ဘက်က တောင်းဆိုချင်တာတခုပဲ ရှိတယ်။ အစာငတ်ခံ တိုက်ပွဲဒဏ်ကြောင့် ကျနော့်မှတ်ဉာဏ်တွေ သိပ်မကောင်းဘူး။ ဖြတ်ပြောရဦးမယ်၊ ခင်ဗျားတို့ပြောတာပဲ နားထောင်ရမလား။ ကျနော်က ပြန်ပြောနိုင်ခွင့်ရှိသလား၊ သိချင်တယ်”
“ဟာ … ရပါတယ်။ ပြောချင်သလောက် ပြောနိုင်ပါတယ်”
“ကောင်းပြီ၊ ဒီလိုဆိုရင် ကျနော့်ကို မှတ်စရာ စာရွက်နဲ့ ခဲတံ ပေးပါ၊ မေ့မသွားခင် မှတ်တေးထားပြီးမှ ပြန်ပြောချင်တယ်။ ဖြစ်မလား?”
“ကျနော်တို့ကလည်း အဲဒီလို အပြန်အလှန်ဆွေးနွေးချင်တာပါ” … လို့ပြောပြီး ဘခက်က သူ့ အိတ်ထောင်ထဲက ဘောပင်တချောင်း ထုတ်ပေးရင်း တင်ရှိန်ဘက်လှည့်ကာ “စာရွက်ပေးလိုက်ပါ” … လို့ လှမ်းပြောပါတယ်။ ( သြ … သူက အထက်ကပါလား)
တင်ရှိန် စာရွက်လာချစဉ် ဘခက်ပေးတဲ့ ဘောပင်လေးကို လှည့်ပတ်ကြည့်နေမိပါတယ်။ Lotus … တဲ့။ ဒီစဉ်က (၇၂ ခုနှစ် ဖြစ်မယ်) ဘောပင်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးသေးဟန် မတူ။ (သုံးရင်လည်း ထောင်ထဲ ၆ နှစ်လောက် ရောက်နေသူ တယောက်အနေနဲ့ မတွေ့ မသိ။)
ဒါကြောင့် စိတ်ဝင်စားပြီး ခုအထိ မှတ်မိနေသလား၊ နောက်တခုကထောင်ထဲမှာ ခဲတံ၊ ဖောင်တိန်ဆိုတာ ရတနာ ပါ၊ ဒါကြောင့် စွဲထင် သွားသလား မပြောတတ်။ ဘခက်က စကားဆက်ကို ပြန်ကောက်ပါတယ်။
“ပထမ အသုတ်ထဲ ခင်ဗျားပါမသွားတာက ခင်ဗျားဖြေလိုက်တဲ့ ၁၁ ချက်ထဲက အဖြေတွေကြောင့်ပဲ။ ခင်ဗျားက တော်လှန်ရေးကောင် စီနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရစရာမရှိအောင် အပြစ်တင်ထားတယ်။ ကွန်မြူနစ်ပါတီ ကိုကျတော့ အရင်အတိုင်း အကဲဖြတ်ထား တာ တွေ့ရတယ်။ နောက် တရုတ်ပါတီနဲ့ ယဉ်ကျေးမှုတော်လှန်ရေး ကိုလည်း ထောက်ခံတယ် ပြောတယ်။ ဒီတော့ တရုတ်ပါတီ CPC နဲ့ CPB ဆက်ဆံရေးအတွင်းပိုင်း အခြေအနေ တွေ အာဏာလုပွဲအကြောင်းတွေကို ကိုတင်ရှိန်က စ, မိတ်ဆက်ပေးလိုက်ပါဗျာ”
တင်ရှိန်က ပထမဆုံး ဗမာပြည်ထဲက ပါတီခေါင်းဆောင်တွေနဲ့ ရဲဘော်တွေ တရုတ်ပြည်ထဲ ဘယ်လိုဝင်ကြတယ် ဆိုတာ စ ပြောပါ တယ်။ တဖြည်းဖြည်း ရုပ်လုံးဖော်လာပါတယ် သခင်သန်းထွန်း နောက်ဆုံးနေ့များ ၂ တွဲစလုံး ဖတ်ထားပြီးမို့ အသစ်အဆန်း မပါ။ သူ ပြောလို့ အရှိန်ရပြီဆိုတာနဲ့ “နေဦး” လို့ ကျနော်က လက်ပြပြီးတားပါတယ်။
“ကျနော်သိတာ ကြားတာက ခင်ဗျားပြောသလို မဟုတ်ဘူး” ပီကင်းရေဒီယိုက ဘယ်လို ပြောတယ်၊ ပြည်သူ့ အသံက ဘယ်လို ပြောတယ်၊ ပဲခူးရိုးမရောက်ဖူးတဲ့ ရဲဘော်တွေက ဘယ်လိုပြောတယ် ဆိုပြီး သူ့စကားကို ချေဖျက်ပါတယ်။
“ပြည်သူ့အသံ ဆိုတာလဲ တရုတ်အသံပဲ၊ တရုတ်ပြည်ထဲက လွှင့်နေတာ …”
“မဟုတ်ဘူး၊ ကြူကုတ်က လွှင့်နေတာ”… ကျနော်က ဘယ်ကသိထားတဲ့ အချက်အလက်မှန်းမသိ ချေဖျက်ရပြီးရော ရမ်းတုတ်လိုက်ပါ တယ်။
အဆောင်ထောင့် ကျွန်းသားတိုင်ကြီးပေါ်မှာ ခဲဆံနဲ့ မှိန်ဖျော့ဖျော့လေး ရေးခြစ်ထားတဲ့ ‘ကြူကုတ်ကို ပါတီက ၆၈ ခုနှစ်မှာ သိမ်းလိုက် ပြီ’ ဆိုတဲ့ စာတမ်းလေးကြောင့်လား?။ ကျွန်းတုန်းက တယောက်ယောက်ရဲ့ ခန့်မှန်းပြောဆိုချက်ကြောင့်လား မသိ။ (ခု ဒီစာရေးနေ စဉ်မှာတော့ ပြုံးမိပါတယ်။)
ဒီနေရာမှာ အချက်အလက် ခိုင်မာတိကျဖို့ ပြိုင်နေတာမဟုတ်။ ရပ်တည်ချက်ချင်း ပြိုင်နေတာဖြစ်လို့ ပြဿနာ မရှိ။
သူကတော့ အတော် ရှုံ့သွားပါတယ်။ သို့သော် ဆက်လက်ကြိုးစားပြီး အချက်အလက်တွေ တင်ပါတယ်။
ယဉ်ကျေးမှုတော်လှန်ရေးကာလမှာပဲ သခင်ဗသိန်းတင် ခေါင်းဆောင်တဲ့အစုက သခင်သန်းမြိုင်ကို သေဒဏ်ပေးပြီး အဆုံးစီရင်လိုက်ပြီ ဖြစ်ကြောင်း ပြောပြန်တယ်။ (တလောကမှ သခင်သန်းမြိုင်တယောက် ဖျားနာသေဆုံးသွားကြောင်းသိရလို့ ဒီ စာရေးနေစဉ်မှာ ဒုတိယံ ပိ ပြုံးမိပြန်ပါတယ်။)
ထားပါတော့ ဘခက်အလှည့်ကို ဆက်လိုက်ပါဦးမယ်။
ဘခက်က ချောင်းသံပေးလိုက်ပြီး။ “ခင်ဗျားက ဗမာပြည်ကွန်မြူနစ်ပါတီအပေါ်အမြင်ဆိုတဲ့ မေးခွန်းနံပါတ် ၁ ကို ‘ဗမာပြည်၏ တခု တည်းသော ပစ္စည်းမဲ့လူတန်းစားပါတီ’ လို့ ဖြေထားတယ်။ အရင်ကတော့ ဟုတ်ခဲ့တယ်။ အခု မဟုတ်တော့ဘူးဗျ” ဆိုပြီး ‘နောက်ဆုံး နေ့များ’ ထဲက အချက်အလက်တွေ ရွတ်ဖတ်သရဇ္ဈယ်ပါတော့တယ်။
ကျနော်ကလည်း ထုံးစံအတိုင်း ရေးလိုက်မှတ်လိုက် ပြုံးလိုက်။ သူ အရှိန်တက်လာတာနဲ့ တားလိုက် ချေဖျက်လိုက် လုပ်နေပါတယ်။ သူက တော်တော်နဲ့ မရပ်၊ ပါတီဗဟို ရုံးအုပ်လုပ်လာသူဆိုတော့ လမ်းစဉ်အမှားတွေအကြောင်း၊ ဗဟိုကော်မတီတွေအကြောင်း၊ ဖြုတ် ထုတ် သတ် ကိစ္စတွေအကြောင်း စာအုပ်လွတ် တတွတ်တွတ် ရွတ်ပြလို့ ကောင်းနေပါတယ်။
“ဗန်းမော်တင်အောင်နဲ့လည်း တွေ့ပြီးပါပြီ။ ဖြုတ် ထုတ် သတ် ကိစ္စတွေပြောပြတော့ ‘ဟုတ်ရဲ့လား ကိုမြရယ်’ လို့ စုတ်တသတ်သတ် ဖြစ်သွားတယ်။ ခင်ဗျားတို့ ကျွန်းမှာ နောက်ဆုံးတိုက်ပွဲတိုက်တော့ ‘အလဟဿ သေကုန်တော့မှာပဲ၊ ကျနော်တို့ ကိုကိုးကျွန်းသွားချင် တယ်။ ပဲခူးရိုးမ ဖြုတ် ထုတ် သတ် ကိစ္စတွေ ရှင်းပြပြီး ရဲဘော်တွေ အသက်ကယ်ပေးချင်တယ်၊ ခွင့်ပြုပါ’ … လို့ ဗိုလ်မှူးကြီး တင်ဦး (မျက်မှန်) ဆီ တင်ပြပါသေးတယ်။ သူက နောက်မှသွားကြတာပေါ့၊ ပြောတာနဲ့ မလာဖြစ်တာ ကိုယ့်ရဲဘော်တွေပဲဗျာ” … ဆိုပြီး လူတန်းစားမေတ္တာတွေ ထုတ်ပြနေပါသေးတော့တယ်။
(တောက် … လာလိုက်လို့ကတော့ ပွဲကြီးပွဲကြီးကောင်း ဖြစ်သွားမယ်။)
“ခင်ဗျားဖြေတဲ့အထဲမှာ တော်လှန်ရေးကောင်စီနဲ့ပတ်သက်ပြီး ဖောက်ပြန်တဲ့စစ်အုပ်စုလို့ အကဲဖြတ်တယ်။ ကျနော်တို့က ဒီလိုမထင် ဘူး။ သူတို့ဟာ ဆိုရှယ်လစ်လမ်းစဉ်ကို ရိုးရိုးသားသား ယုံကြည်လုပ်ကိုင်နေသူတွေပဲ၊ မလုပ်တတ် မကိုင်တတ်တာတွေ ရှိချင်ရှိမယ်။ သူတို့အထဲမှာ ဖောက်ပြန်တဲ့အပိုင်းလည်း ရှိချင်ရှိမှာပေါ့။ ဒါတွေကို ပါတီတွင်းတိုက်ပွဲနဲ့ ပြောင်းလဲပစ်နိုင်တယ်လို့ ယုံ … (ကျနော် ပြုံး လိုက်တာ မြင်လိုက်ဟန်တူပါတယ် ယုံရဲ့နောက်မှာ ‘ကြည်’ လိုက်မလာဘဲ) ထင်တယ်” (အင်း … ရမယ် … ရမယ်)
“နောက်တခု မဆလ ကို ဆိုရှယ်လစ် အတုအယောင်လို့ ဖြေတယ်။ ဒါလည်း ကျနော်တို့နဲ့ ကွဲတယ်” … ဆိုပြီး သိဒ္ဓွိတင်တာတွေ လုပ် လာပြန်တယ်။ နေကလည်းစောင်း နားကလည်းညည်းလာပြီမို့ …
“ကဲ … ခင်ဗျား ရှင်းလင်းချက်တွေလည်း အတော်ရှည်လှပါပြီ။ ဒါပေမယ့် ကျနော့်ထင်မြင်ချက်တွေလည်း တချက်တလေတောင် ပြောင်းမသွားပါဘူး” … ဆိုပြီး ဘရိတ်အုပ်ပစ်လိုက်ပါတယ်။
“တခြားပြောချင်တာရှိသေးလား?” လို့လည်း မေးလိုက်ပါတယ်။ သူလည်း အတော်တော့ မောနေပုံရပါတယ်။
“အေးဗျာ ကျနော်လည်း ခင်ဗျားလို ငယ်ငယ်လေးကတည်းက ယုံကြည်ချက်နဲ့ တော်လှန်ရေး လုပ်လာတာပါ၊ မိဘမေတ္တာ ဆွေမျိုး သားချင်းမေတ္တာတွေ မျက်ကွယ်ပြုခဲ့တယ်။ ခု ကျနော် အိမ်ထောင်ကျပြီး သားသမီးရလာမှ မိဘမေတ္တာဆိုတာ ဒီလောက်အထိ တောင်ပါပဲလားလို့ သိလာတယ်။ ခင်ဗျားကိုလည်း အိမ်က လာတွေ့သွားပြီမဟုတ်လား? သူတို့မေတ္တာကို ခင်ဗျားခံစားမိမှာပါ။ မကြာ ခင် အမြန်ဆုံစည်းပါတော့မယ်။ ကဲ … နောက်ဆုံးအနေနဲ့ ကျနော်တို့ သိချင်တာလေးတခုတော့ ဖြေသွားဗျာ”
( အင်း … ခုမှပဲ ကျနော် စောင့်နေတဲ့အကွက် ရောက်လာပါတော့တယ်)
“ကျနော်တို့ အလင်းဝင် ရဲဘော်တွေထဲကို ၃ မျိုး ၃ စားခွဲနိုင်တယ် ထင်ပါတယ်။ နံပါတ်တစ် အမျိုးအစားက နိုင်ငံရေးလည်းစွန့်လွှတ် လူမှုရေးလည်း ဖောက်ပြန်ကြတယ်။ နောက်တမျိုးကျတော့ မာ့က်စ်ဝါဒ လီနင်ဝါဒကို မစွန့်လွှတ်၊ ဒါပေမယ့် လူမှုရေးကျတော့ ဖောက် ပြန်တာရှိတယ်။ နောက်ဆုံး အမျိုးအစားက မာ့က်စ်ဝါဒ လီနင်ဝါဒကို ဆက်လက်ကိုင်စွဲ တိုက်ပွဲဝင်နေကြပြီး လူမှုရေးဘက်မှာလည်း မှဲ့တပေါက်မစွန်းအောင်နေတဲ့သူလို့ တွေ့ရတယ်။ ကျနော်တို့ကို ဘယ်လိုအမျိုးအစားထဲကလို့ သတ်မှတ်ချင်ပါသလဲ?”။
မနေ့က တညနေလုံး လမ်းလျှောက်ရင်း စကားလုံးစီထားတဲ့ အချက်အလက်တွေထဲက အဓိက ကျတဲ့ ဝါကျတွေ အသုံးဝင်လာပါပြီ။
“ဟုတ်ပြီ ကျနော်ပြောမယ်၊ ကျနော်ချစ်တဲ့ လေးစားကြည်ညိုတဲ့ ရဲဘော်တွေ ခေါင်းဆောင်တွေဟာ သူတို့ အသက်ကိုစွန့်ပြီး တော် လှန်ရေးလုပ်ရင်း ရာသက်ပန် တော်လှန်ရေးသမားဘဝကို ခံယူသွားခဲ့ကြပါပြီ။ ဒါပေမယ့် ဒီအထဲက တချို့ရဲဘော်တွေကျတော့ အ ပြီးအပိုင် မစွန့်လွှတ်နိုင်လို့ တော်လှန်ရေးခရီးလမ်းဆုံးအောင် မလိုက်ပါ နိုင်ဘဲ တပိုင်းတစနဲ့ ကျန်နေရစ်ခဲ့ကြတာ တွေ့ရတယ်။
- ဒီထောင်ထဲမှာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဧပြီ ထိုးစစ် နာမည်တပ်ပြီး Suppression (ဖိနှိပ်ရေး) လုပ်ခဲ့တယ်။ ရဲဘော် တော် တော်များများ တောင့်ခံကြတယ်။ ဒီအထဲက ကျနော် လေးစားတဲ့ ရဲဘော်တယောက်ဟာလည်း အချိန်အတော်ကြာ တောင့်ခံထားပါ တယ်၊ ထမင်းမကျွေး ရေမပေးဘဲ တိုက်ခန်းကျဉ်းတွေထဲ လူအပြည့် ထည့်ထားတာပါ၊ တခါတရံ ဝင်ရိုက်လိုက်သေးတယ်။
အညံ့ခံတဲ့ သူကို အဆောင်ပြန်ပို့ပြီး ကောင်းကောင်းကျွေးမွေးတယ် … တဲ့။ သူဟာ နောက်ဆုံးကျန်တဲ့အထိ တောင့်ခံနေပါသေးတယ်။ နောက်ဆုံး သေရမယ့်အချိန်ရောက်တော့ တောင့်မထားနိုင်တော့ဘူး၊ ‘အညံ့ခံ လက်မှတ် ဘွန်း(BOND)’ ထိုးပေးလိုက်ရတယ်။
- အဆောင်ပေါ်ပြန်ရောက်တော့ ယူကြုံးမရ အဆောင်နံရံတိုင်ကြီးကို ခေါင်းနဲ့တိုက်တိုက်ပြီး ငိုတယ်ဆိုပဲ။ ပါးစပ်က သူ့နာမည်ကို ရွတ် ရွတ်ပြီး “--- မင်းခွေးဖြစ်ပြီ၊ --- မင်း ခွေးဖြစ်ပြီ” … လို့လည်း ရွတ်ဆိုသတဲ့။
- ကဲ … ဒီတော့ ခင်ဗျားတို့ စဉ်းစား၊ မခံနိုင်လို့ လက်မှတ်ထိုးမိတဲ့ ပါတီဝင်တယောက်ကတောင် သူ ခွေးဖြစ်ပါပြီလို့ ခံယူတယ်ဆိုရင် ဒူးထောက်လက်နက်ချရုံတင်မက ကိုယ့်ပါတီ ကိုယ် သစ္စာဖောက်တဲ့သူတွေဟာ ဘာဖြစ်သွားမလဲ? ကိုယ်ဘာသာ ဆုံးဖြတ်ပေတော့ …”
ကျနော်က အသက်မရှူအားဘဲ တရစပ် ပြောချလိုက်ပါတယ်။
မင်းသားခေါင်းစွပ်ကြီး ပြုတ်ကျသွားပါပြီ။ မျက်နှာကြီး ညိုမည်းသွားကာ ဝုန်းခနဲ ထရပ်လိုက်ပါတယ်။ တင်ရှိန်ရော အပေါက်ဝမှာ အသံ ခိုးဖမ်းနေတဲ့ ၂ ယောက်ပါ လှုပ်လှုပ်ရှားရှားဖြစ်သွားကြတာ သတိထားလိုက်မိတယ်။
ဘခက်က စားပွဲကိုလက်ဝါးနဲ့ တဖျန်းဖျန်းရိုက်ရင်း …
“ခင်ဗျားက ကျုပ်တို့ကို ခွေးလို့ ပြောတာပေါ့၊ ဟုတ်လား၊ ဒီမယ် ကို-- ခင်ဗျားကို ဘယ်တော့မှ မလွှတ်ဘူး၊ ဒါပဲ” … လို့ အံကြိတ်ပြီး ပြောပါတော့တယ်။
“ကျနော်ကလည်း ခင်ဗျားတို့ခေါ်လို့လာတာ။ လွတ်ချင်လို့လာတာ မဟုတ်ဘူး။ ကြိုက်သလောက်သာထား” … လို့ အရသာရှိရှိ ပြောပစ်လိုက်ပါတယ်။
ကျနော့် ရည်မှန်းချက် ပေါက်မြောက်သွားပေပြီ။
(၅)
မျှော်တော်ဇောနဲ့ မောနေတဲ့ အခန်းထဲက ရဲဘော်တွေ … ကျနော့်ကိုမြင်တာနဲ့ အားရဝမ်းသာ ဖြစ်ကုန်ကြတယ်။
“ကဲ … ထမင်းချန်ထားတယ် မဟုတ်လား၊ ဆာလှပြီ၊ စားရင်း ပြောကြတာပေါ့”
ကျနော့် ဇာတ်လမ်းလည်း ကြားပြီးရော အားလုံး ကျွက်ကျွက်ညံသွားကြတယ်။
“ဘယ်လို လုပ်ရမလဲ? တခြားအဖွဲ့အစည်းကလူတွေကိုကော ပြောရမလား?”
“ပြောပေါ့၊ ကျနော်တို့ ဘယ်လိုရပ်တည်တယ်ဆိုတာ အသိပေးရမယ်။ ဒါမှ သူတို့ ဘယ်လို ရပ်တည်ရမယ် … ဆိုတာ စဉ်းစားနိုင် လိမ့်မယ်”
ရဲနီတွေကလွဲပြီး ကောင်းသောဂယက် ဖြစ်သွားပါတယ်။ သူတို့က ‘လေကျယ်တာပါ၊ အဲဒီလို ပြောရင် တိုက်ထဲရောက်သွားမှာပေါ့’ လို့ ပြောကြောင်း တခြားအဖွဲ့အစည်းတွေက ပြန်ပြောပြလို့ သိကြရတယ်။
အထက်ခန်း၊ ဘေးက အခန်းတွေလည်း သတင်းဖြန့်လိုက်ပါတယ်။ ရဲဘော်အသီးသီးက မောင်းတင်ထားကြပေပြီ။ နောက်ပိုင်းခေါ် တွေ့တဲ့အခါ ၃ ယောက်တတွဲ ၄ ယောက်တတွဲတွေ ဖြစ်သွားပါတယ်။ ပွဲကလည်း တစတစနဲ့ ပိုကြမ်းလာပါတယ်။
ကိုအောင်ဘော်တို့ အဆိုင်းကတော့ သာသာနဲ့နာနာနှက်လာတဲ့ အဆိုင်းဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရပိုင်ခွင့်နဲ့ လက်ရှိဖြစ် နေတာ ခင်ဗျားတို့ပြောတာတွေနဲ့ ကျုပ်တို့ ခံနေရတာတွေဟာ ခါးတောင်းကျိုက်တခြား ဖင်တခြား ဖြစ်နေတယ်လို့ ‘လှောင်ပြောင်’ ပြီး ရိခဲ့ကြတာကြားလို့ ပြုံးမိရသေးတယ်။
(အုတ်ရိုးသတင်းတခုအရ ဖိုးသံ(ချောင်း)က သူတို့နဲ့ စကားမပြောဘူး၊ ပါလာတဲ့ MI ဗိုလ်မှူး စိုးမြင့်ကို “သူတို့က သစ္စာဖောက်တွေ ကျနော် စကားမပြောနိုင်ဘူး၊ ပြောစရာရှိရင် ခင်ဗျားတို့နဲ့ပဲ ပြောမယ်” … လို့ ရပ်ခံခဲ့ကြောင်းကြားကြရလို့ ကျန်ရဲဘော်များ ပိုပြီး အား တက်ကုန်ပါတယ်။ ကြုံလို့ မေးကြည့်တော့ ဟုတ်ကြောင်း သိရတယ်။)
နောက်ဆုံးအဆိုင်းကတော့ ပွဲအကြမ်းဆုံး ဖြစ်သွားပါတယ်။ DSI အရာရှိဟောင်း ကရင်ကြီး ကိုအောင်နိုင်က …
“ဒီမယ် ကိုမြ၊ ခင်ဗျားနဲ့ကျနော် ပဲခူးရိုးမကတည်းက သိခဲ့ကြတာဖြစ်တယ်။ ခင်ဗျားကို ဖမ်းမိသွားတော့ ‘အသေဖမ်းမိခြင်း’ လို့ သတင်း စာထဲ ထည့်လိုက်တယ်။ အဲဒါကိုပြပြီး လက်နက်ချမလား၊ မချဘူးလား မေးတယ်၊ သေရမှာကြောက်ပြီး ခင်ဗျား လက်နက်ချလိုက်တာ မဟုတ်လား?” လို့ ချက်ကျကျ မေးခဲ့တယ်။
ရမ်းဗြဲကျွန်းသား ရခိုင်ကလေး ကိုကံမြင့်က “ခင်ဗျားတို့ဟာ ရန်သူနဲ့ပေါင်းပြီး ယုတ်ယုတ်မာမာတွေ လုပ်ခဲ့ကြတယ်။ ခင်ဗျားတို့လည်း ရန်သူပဲ။ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ” လို့ ကြိမ်းခဲ့တယ်။
ရဲဘော် အောင်ထီက “ခင်ဗျားတို့က ကျနော်တို့ကို လွှတ်ပေးမယ် ပြောတယ်။ ဒီနေ့ လွှတ်ရင် နက်ဖန် တောခိုပြီး ခင်ဗျားတို့ကို တိုက် မယ်”လို့ ပြောပြန်တယ်။
သူတို့တတွေကတော့ အဆောင်ပြန်မရောက်ဘဲ တိုက်ထဲရောက်ကုန်ကြပါတယ်။
မကြာမီ ဒုတိယအသုတ် (၃ဝ ကျော်) လွှတ်ပေးလိုက်ပါတယ်။ ဗိုလ်အုန်းမောင်၊ ဦးခင်မောင်မြင့် အပါအဝင် ပြည်သူ့တိုးတက်ရေး ပါတီ က ရဲဘော်များ၊ ကိုဉာဏ်ဝင်း၊ ကိုတင်မောင်ဝင်း ညီအကို၊ ထက်မြက်၊ ကျနော်တို့ အခန်းထဲက ကိုဌေးမောင်၊ ကိုညွန့်ခေါင်၊ ကိုခင် မောင်ဇော် စသည့် ရဲဘော်တွေ လွတ်သွားပါတယ်။
ကိုဉာဏ်ဝင်းတို့ ညီအစ်ကိုကို သူတို့ဖခင်ရဲ့တပည့်ဖြစ်ခဲ့ဖူးတဲ့ မျက်မှန်တင်ဦးက သူကိုယ်တိုင် ကားမောင်းပြီး အိမ်တိုင်ယာရောက် ပို့ပေးတယ်ဆိုတဲ့ အုတ်ရိုးသတင်းတခုလည်း ထွက်လာခဲ့တယ်။
ကျနော်တို့ရဲဘော်တွေနဲ့ သစ္စာဖောက် ၃ ဦးတို့ ထိပ်တိုက်ရင်ဆိုင်ပြီးတဲ့နောက် (လွတ်တဲ့သူ လွတ်ကုန်ကြတဲ့ အထိ) သူတို့ကိုခေါ်မ တွေ့လို့ ရဲနီတွေ ပူစပ်ပူလောင် ဖြစ်လာကြပါတယ်။ ထောင်မှူး ကျော်မင်းကတဆင့် “ရဲဘော်မြ၊ ကိုဘခက်တို့နဲ့ တွေ့ပါရစေ” လို့ တင် ပြကြပါတယ်။
အကြောင်းပြန်ကြားချက်ကတော့ “ခင်ဗျားတို့နဲ့ ကျနော်တို့ ဘာပြဿနာမှ မရှိတော့ဘူး၊ မကြာခင် လွှတ်ပေးတော့မှာပါ” တဲ့။
“မဟုတ်ပါဘူး၊ ကျနော်တို့အနေနဲ့ တခြားတင်ပြဆွေးနွေးစရာတွေလည်းရှိလို့ ခဏစီဖြစ်ဖြစ် တွေ့ချင်ပါတယ်” လို့ ထပ်ဆင့် တင်ပြကြ ပြန်တယ်။
ဒါကြောင့် ရဲနီအားလုံး အဆောင်ထဲကသာမက တိုက်ထဲက ရဲနီတွေပါတပေါင်းတည်း ခေါ်တွေ့ပါတယ်။ ၂ဝ ကျော်လောက် ရှိပါမယ်။ ဒါပေမယ့် ကျနော်တို့အခန်းထဲက ရဲနီကြီးတယောက် ပါမသွားပါ။ တနာရီလောက်ကြာမှ တခေါက် ပြန်ခေါ် ပါတယ်။
ဖြစ်ပုံက ချန်ထားတဲ့ကိစ္စ သူတို့က မေးမြန်းတောင်းဆိုတော့ ဘခက်က “ --- ရဲ့ ညီကို ပြောတာ မဟုတ်လား၊ ဒီကောင်က ဘဝင်မြင့် နေတာ၊ ကျနော်တို့ကို ခွေးလို့ပြောသွားတဲ့ကောင်ပဲ၊ တွေ့ပြီးပြီ” လို့ပြောမှ နာမည်တူ တနယ်ထဲသားချင်းပါလို့ ရှင်းပြရကြောင်း၊ ရဲနီကြီး ဦးအောင်ရက ပြန်ပြောပြပါတယ်။
သူတို့က အခွင့်အရေးတွေ တောင်းဆိုခဲ့ကြောင်း၊ စာနယ်ဇင်းမဖတ်ရလို့ ကမ္ဘာကြီး ဘာဖြစ်နေတယ်ဆိုတာ မသိရကြောင်း၊ အသစ် တက်လာတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးသစ် ပဲရစ်ဒီကွေးလျား ဘယ်နိုင်ငံသားမှန်းမသိ ဖြစ်ရကြောင်း၊ ဒါကြောင့် စာဖတ်ခွင့်ပြုဖို့ တောင်းဆိုခဲ့ကြောင်း မိတ်ဆက်ပေးပါတယ်။
ဘခက်တို့ဘက်က “ခင်ဗျားတို့ ဆရာကြီး သခင်စိုး အင်းစိန်ထောင်ထဲမှာပဲ အေးအေးဆေးဆေး စာဖတ် ကျမ်းပြု နေကြောင်း သီးသန့် အိမ်ကလေးတလုံးနဲ့ သီးခြားထားတာဖြစ်ကြောင်း၊ ကိုယ့်အိမ် တံခါးကိုယ့်စိတ်ကြိုက် ဖွင့်ချင်ဖွင့် ပိတ်ချင်ပိတ်လို့ရကြောင်း၊ ဒါ့အပြင် ဆရာကြီးက ကျန်းမာရေးအတွက် အလေးမ လေ့ကျင့်ခန်းတွေ လုပ်နေကြောင်း၊ ထောင်ထဲမှာပဲ မခင်စုနဲ့ နောက်ထပ် ကလေးတ ယောက် ရနေပြီဖြစ်ကြောင်း” … စသည်များလည်း ပါ,ပါတယ်။
“ခင်ဗျားတို့ စိတ်ချလက်ချသာနေ လွှတ်ပေးဖို့ စီစဉ်နေပါတယ်” လို့ ကတိပေးလိုက်ကြောင်းလည်း … ရှင်းပြပါတယ်။
ပြောတဲ့အတိုင်းပါပဲ၊ ၃ လလောက်ရှိတော့ ရဲနီတွေအားလုံး လွတ်သွားကြပါတယ်။
အဆောင်မှာ ကျွန်းပြန်ဆိုလို့ ကျွန်တော်တို့ ၇ ယောက်ပဲ ကျန်ပါတော့တယ်။ တိုက်ထဲမှာတော့ ၄-၅-၆ ယောက် ကျန်နိုင်သေးတယ်။ ကျနော်တို့ကို လက်ကျန်တွေနဲ့ မရောဘဲ ထားပါတယ်။ မကြာခင် အထက်အခန်းမှ ကျောင်းသား ရဲဘော်တွေနဲ့ အဆက်အသွယ် ရလာပါတယ်။
သူတို့ပွဲတောင်းချက်အရ ညနေမှာ ပြည်သူ့အသံက သီချင်းတွေ၊ တခြား တော်လှန်ရေးသီချင်းတွေ ကျွန်းအာဇာနည် ရဲဘော် ၈ ဦး (ပေါင်း ၉ ပုဒ်) သီချင်းတွေကို ကျနော်က ဆိုပြရပါတယ်။ ဝါဒါတွေ ဂျူတီချိန်းချိန် တနေ့ တပုဒ်, နှစ်ပုဒ် လောက်ပဲ ဆိုပြခွင့်ရတာပါ။
အဆောင်နံပတ် ၄ နဲ့ကပ်လျက်ရှိတဲ့ အဆောင်နံပတ် ၅ မှာလည်း အကျဉ်းသားများ ပြည့်နေပါတယ်။ ၄ ဆောင် အပေါ်ထပ် ကျွန်းပြန် ရဲဘော်တွေနဲ့ ၅ ဆောင်အပေါ်ထပ်ရှိ ရွှေရတု လှုပ်ရှားမှုမှ ထိန်းသိမ်းခံကျောင်းသားများ ဆက်သွယ်မိခဲ့ကြပြီး ဖြစ်တယ်။
ညအချိန် အဆောင် ၄ အပေါ်ထပ် ကျွန်းပြန်တွေမှ ဆေးလိပ်မီး ဝှေ့ယမ်းအချက်ပြမှုကို ၅ ဆောင်က ကျောင်းသားများ ဖတ်လို့ရ သွားရာက သတင်း အပြန်အလှန် ပို့နိုင်ခဲ့ကြတာဖြစ်တယ်။
နောက် ကျနော်တို့ ၇ ယောက်ကို လူရှင်းထားတဲ့ ၅ ဆောင်အောက်ထပ်ကို ရွှေ့ပေးရာက ရွှေရတု ကျောင်းသားတွေနဲ့ အထက် အောက် တိုက်ရိုက်ဆက်သွယ်မှု ရခဲ့တာပါ။
အထက်က တက်တက်ကြွကြွ ဆက်သွယ်ရေးလုပ်ပေးနေသူ နှစ်ဦးကတော့ ကျောင်းသားတွေပဲ ဖြစ်ကြတဲ့ ကိုခင်မောင်ဝင်းနဲ့ ကိုမောင် မောင် ပါ။ တယောက်က ပုပု၊ တယောက်က ရှည်ရှည် အိုင်တီ အစ် (it) အတွဲပါ။
တခါတော့ အရှေ့မြောက်စစ်ဒေသ တိုက်ပွဲတခုကမိလာတဲ့ ရဲဘော်လေးတယောက်အကြောင်း သိကြရတယ်။
“ယူနီဖောင်းကြီးနဲ့မိလာတာ၊ အဲဒီ ယူနီဖောင်း ခုအထိ သူ့ဆီမှာရှိဆဲ”… လို့ အပေါ်ထပ်က စာတစောင်ကျလာတယ်။ ကျနော်တို့ ရဲဘော်အားလုံးရဲ့မျက်လုံးတွေ တောက်ပြောင်သွားကြတယ်။
“ကြည့်ချင်လိုက်တာ” … လို့ တသံတည်း ထွက်လာကြတယ်။ “ကြံစမ်းပါဦး”… လို့လည်း တောင်းဆိုလာကြတယ်။
နောက်တနေ့ညနေ ဝါဒါတွေရှင်းခါစ သီချင်းဆိုပြပြီးတာနဲ့ ကြမ်းခင်းပျဉ်ကို ဖောက်ထားတဲ့ အပေါက်ကနေ ကုန်းကြည့်နေတဲ့ အပေါ် ထပ်က ရဲဘော်ကို သမံတလင်းပေါ်မှာ လက်နဲ့ စာရေးပြလိုက်တယ်။
“နက်ဖန် ရေချိုးဆင်းရင် ကိုတင်ဝင်း (အရှေ့မြောက်)ကို P.A ယူနီဖောင်းဝတ်ပြီး ဆင်းခဲ့ပါ”… လို့။
စဉ်းစားသာ ကြည့်ကြပါတော့၊ အားလုံးရဲ့ခံစားချက်မှာ စိတ်တုန်လှုပ်တာက တဖက်၊ ကြည်နူးရတာက တဖက် ဆင်းလာတုန်း ယူနီ ဖောင်းကြီး ဆွဲချွတ်ပစ်လိုက်မလား? ယူနီဖောင်းကြီးနဲ့ပဲ တိုက်ထဲ ပို့လိုက်မလား?
သို့သော် ဘာမှမဖြစ်၊ ချပ်ချပ်ရပ်ရပ်နဲ့ စမတ်ကျကျ ဝတ်ဆင်းလာတဲ့ ရဲဘော်ဟာ (ရေမချိုးမီ) ရေကန်ပတ်ပြီး လမ်းလျှောက်လိုက်၊ ကျန်းမာရေးလေ့ကျင်းခန်း လုပ်ပြလိုက်နဲ့ ကျက်သရေရှိလိုက်ပါဘိ။ ခုတင်ပေါ်မှာ အိပ်သလိုလိုနဲ့ကြည့်သူ လမ်းလျှောက်ရင်း ကြည့်သူ ကွယ်ကြည့်သူတွေ အားလုံး ပီတိပြုံး ကိုယ်စီနဲ့ပေါ့။
အသေးစိတ်ကအစ စိတ်ထဲမှတ်တေးထားကြပြီး သူတို့ ပြန်ထွက်သွားတာနဲ့ စားမြုံ့ပြန်ကြတော့တယ်။ အင်္ကျီကျယ်သီး ဘယ်နှစ်လုံး၊ အရောင်က ဘာ၊ ယူနီဖောင်းအသားက ဘာ အစ၊ အရောင်က ဘယ်တပ်နဲ့ နီးစပ်တယ်၊ ချုပ်ပုံက ဘယ်လို … စသည် မြိန်ရေရှက်ရေ ပြောမိကြတယ်။ ဒါနဲ့ မပြီး။ ညနေရောက်တော့ တခါ စာရေးပြလိုက်တယ်။
“ယူနီဖောင်းက ကြယ်သီးတလုံး လိုချင်တယ်။ ချပေးလိုက်ပါ”
ကျလာတာနဲ့ အလုအယက် ကောက်ကိုင်ကြည့် လက်နဲ့ပွတ်ကြည့် ဆိတ်ကြည့်ကြတယ်။ အညိုရောင် မျက်နှာပြည့် ဖောင်းဖောင်းလေး နဲ့ ချစ်စရာပါ။ ဒီ ကြယ်သီးလေးကို အိမ်နဲ့အင်တာဗျူးတွေ့ရစဉ် ရလာခဲ့တဲ့ မျက်နှာသုတ်တဘက်ကြီး အစွန်းမှာ အပ်နဲ့တွယ်ချုပ်ထား လိုက်မိပါတယ်။
နောက်တော့ ကျနော်တို့ ၇ ယောက်စလုံး အပေါ်ထပ် အခန်းကျဉ်း တခန်းထဲပို့ပါတယ်။ မူလအခန်းကြီးကို ၃ ပိုင်း ပိုင်းထားတာမို့ လမ်းလျှောက်လို့ မကောင်း။
ဒီ အချိန်က ဦးနုရဲ့အဖွဲ့တွေ ‘ဆင်ဖြူတော်’ နာမည်နဲ့ တခြားအဆောင်တွေမှာ ရှိနေပြီဖြစ်တယ်။ ရုပ်ရှင်မင်းသား မောင်မောင်တာလည်း ပါတယ်လို့ အုတ်ရိုးသတင်းက ဆိုပါတယ်။
မကြာခင် ကျနော်တို့အဆောင် အောက်ခန်းတွေမှာ ‘ဇူဇကာ စစ်ဆင်ရေး’ နဲ့ ကုန်သည် ပွဲစားတွေ ရောက်လာပြန်တယ်။ ကိုအောင် ဘော် ဦးလေးကြီးတယောက် ပါလာပါတယ်။ ပြင်းစရာ တယ်မရှိလှတော့ပါ။ မဆလခေတ်မှာ နို့ဆီခွက်ခေါက် ခေါ်နေစရာမလို အချိန် တန် လူတွေပြည့်နေတာချည်းပါပဲ။
(၆)
မှတ်မှတ်ရရ ၁၉၇၃ ခု၊ ဧပြီလ ၁၃ ရက်
နံနက်ခင်းကတည်းက ထောင်ထဲမှာ လှုပ်လှုပ်လှုပ်လှုပ်၊ အုတ်အုတ်ကျက်ကျက် အသံတွေကြားနေရပါတယ်။ သင်္ကြန်အကြိုနေ့မို့ အ လှူရှင်ပေါ်ပြီး စားကောင်းသောက်ဖွယ်များ ကျွေးမလို့လား၊ မဟုတ်ပါ။
မကြာခင် ကျနော်တို့အဆောင် အောက်ထပ်က ဇူဇကာတွေ အသံကျယ်ကျယ်လောင်လောင် ကြားလာရတယ်။ တယောက်ပြီးတ ယောက် ခေါ်ထုတ်နေတာလည်း တွေ့ရတယ်။ (သြော် … လူတွေ လွှတ်နေတာကိုး) အဆောင်နေ ဝါဒါတွေလည်း မြူးကြွနေပါတယ်။ ပေးထား၊ ချန်ထားတဲ့ လက်ကျန်ပစ္စည်းတွေ သူတို့ရတော့မှာလေ။
ကျနော်က အခြေအနေတွေ (အထူးသဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံအသစ်) တွက်ပြပြီး “ကျနော်တို့လည်း ပါနိုင်တယ်၊ ဘွန်း (Bond) အထိုး ခိုင်းရင် မထိုးကြဖို့” ကြိုဆွေးနွေးထားလိုက်ပါတယ်။
၁၂ နာရီလောက်ရှိတော့ အပေါ်ထပ်ရှိ ကျောင်းသားရဲဘော်တွေ တယောက်ချင်း လာခေါ်ပါတယ်။ သူတို့ဖြတ်သွားတဲ့အခါ ကျနော်က စာရေးဟန်ပြပြီး (လက်မှတ် မထိုးကြဖို့) ခေါင်းယမ်းပြတော့ သူတို့က ခေါင်းညိတ်ပြကြတယ်။
နေ့ခင်း ၃ နာရီလောက်မှာ ကျနော့်ကို စ,ခေါ်ပါတယ်။ အောက်ဆင်း တံခါးမကြီးနားရောက်မှ စောင်အုပ်ပါတယ်။ တိုက်ပုလေး တခုရှေ့မှာကျမှ ဖွင့်ပေးပါတယ်။ ဘခက်နဲ့တွေ့စဉ်က အခန်းမဟုတ်၊ အပေါက်ဝမှာ စွပ်ကျယ် လက်ပြတ်နဲ့ ဗလမောင် ဒု တပ်ကြပ် တင်လှ … ကျောက်ရုပ်ကြီးတရုပ်လို တောင့်တောင့်ကြီး ရပ်လို့။
အခန်းထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး စားပွဲ ကုလားထိုင်နဲ့ အခံ့သားထိုင်နေကြတယ်။ ကြိုဆိုတဲ့ လက္ခဏာ မရှိသလို တရားလို တ ရားခံ မျက်နှာထားမျိုးလည်း မဟုတ်။ ခံစားချက်မရှိတဲ့ မျက်နှာတွေနဲ့ …။
“ထိုင်ဗျာ၊ အချိန်လည်း မရှိတော့ဘူး၊ ခင်ဗျားကို လွှတ်ပေးတော့မယ်၊ မလွှတ်ခင် ထုံးစံအတိုင်း လုပ်စရာ ရှိတာလေးတွေ လုပ်ကြ ရအောင်” … လို့ တယောက်က ပြောတယ်။ ကျန်တယောက်က ကျနော့်မျက်နှာကို စေ့စေ့ကြီး စိုက်ကြည့်နေတယ်။ (ဒါလား ဆိုက်ကို) ဆက်ပြောတယ်။
“ဒီ စာရွက်လေး ဖတ်ကြည့်ပါဦး”
အသင့်ချထားတဲ့ စာရွက်တရွက်ကို ထိုးပေးလာတယ်။ ကျနော် ကတိုက်ကရိုက် ယူဖတ်လိုက်တယ်။
၁။ ကျနော် ထောင်ကထွက်ရင် နိုင်ငံရေး မလုပ်တော့ပါ … တဲ့။ ချက်ချင်းပြန်ပေးလိုက်ပြီး သူတို့ကို ပြန်စိုက်ကြည့်လိုက်မိတယ်။
“ဖတ်ပြီးပြီလား?”
(ပြီးပြီ)
“မြန်လှချည့်လား?”
(နံပါတ် ၁ တချက်နဲ့ လုံလောက်ပါတယ်။)
“ဘယ်လိုလဲ?”
(ခင်ဗျားတို့ဟာက ‘ဘွန်း’ ပဲ)
“ကျနော်တို့က ခင်ဗျားတို့လို လူမျိုးတွေကို စိတ်ချလက်ချ ဒီအတိုင်းလွှတ်မပေးရဲဘူးလေ”
(ဘာပဲဖြစ်ဖြစ် ကျနော် လက်မှတ်မထိုးနိုင်ဘူး)
“ဒီလိုဆိုလည်း သွားပေဦးတော့ပေါ့၊ ဟေ့ … ဆရာတင်လှ ခေါ်သွား”
တင်လှရဲ့ တဟားဟား ရယ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ “ဟား … ဟား … ဟား ကြိုက်ပြီ၊ ဒီလိုခေါင်းမာတဲ့ ကောင် တွေရဲ့ခေါင်းတွေ ရိုက်ခွဲလာခဲ့တာ များပြီ၊ လာလိုက်ခဲ့”
အတိုချုပ်လိုက်ရင်တော့ တိုက်အခန်းကျဉ်းလေးထဲ ဒလိမ့်ခေါက်ကွေး ရောက်သွားပါတယ်။ နေရာသစ်မို့ အခန်းကို စူးစမ်းလေ့လာရင်း ဘာတွေဖြစ်လာဦးမလဲ စဉ်းစားနေမိတယ်။ အိုက်လိုက်တာကလည်း လွန်ရော။
နာရီဝက်လောက်ကြာတော့ တံခါးဖွင့်သံကြားရပြီး နောက်တယောက်ရောက်လာတယ်။ ပျော်ရပြန်ပါပြီ။ A.B ပဲပေါ့။ သူက တခွိခွိ ရယ်ပြီး သူ့ဖြတ်သန်းမှုကို မိတ်ဆက်ပြပါတယ်။
“ဘူးဝဘက် ခေါ်မသွားဘဲ ဟိုငနာ ၂ ကောင်ဆီရောက်သွားကတည်းက တိုက်ထဲတော့ တန်းနေပြီ၊ အပြင်မှာ နေရသလောက် အချိန် ဆွဲနေလိုက်ဦးမယ် … လို့ စဉ်းစားရင်း သူတို့ပေးတဲ့ စာရွက်ကို စိမ်ပြေနပြေ ဖတ်နေတာ ပေါ့၊ သူတို့ ကျနော့် မျက်နှာရိပ်မျက်ကဲ မမြင်ရအောင် စာရွက်ကိုမြှောက်ပြီး ကွယ်ဖတ်ထားတယ်။
ကျနော် နားလည်လိုက်ပါတယ်။ သူ့ဇနီးက နောက်အိမ်ထောင် ပြုထားပြီးပြီ။ ကလေးတွေရအောင်တောင်းပြီး သူ့မိဘအိမ် ပြန်ထားဖို့ စိတ်ကူးကြောင်း၊ ကျနော့်ကို ပြောထားခဲ့ဖူးပါတယ်။ (ပြောတဲ့အတိုင်း လက်နက်ကိုင် တော်လှန်ရေး ဆင်းသွားပြီး မြစ်ဝကျွန်းပေါ်မှာပဲ ကျဆုံးသွားခဲ့ပါတယ်)
“ကိုင်း … ဒီလိုဆို ခု ဘယ်သွားမလဲ၊ ဘယ်သူ့ဆီသွားကြရင် ကောင်းမလဲ”
“ဗိုလ်အုန်းမောင်က မှာထားတာရှိတယ်။ လွတ်တဲ့အခါ သူ့အိမ်ဝင်ပါဦး ပြောတယ်”
ဘူးဝမှာ ကျနော့်ငွေ လက်ကျန်ရှိသေးတာမို့ သွားထုတ်ပြီးတာနဲ့ တောင်ဥက္ကလာပဘက် ထွက်မယ့်ကားပေါ် တက်လိုက်ကြပါတယ်။
ကိုကိုးကျွန်းတိုက်ပွဲနဲ့ပတ်သက်ပြီး ရေးနိုင်သူ ပေါင်းစပ်နိုင်သူတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် အများစုက ဒီမိုကရေစီ ဆိတ်သုဉ်းတဲ့နေရာမှာ ရှိနေကြတယ်။ သူတို့ကတော့ ကျွန်းရဲဘော်တွေနဲ့ ကျွန်းမှာ အတူနေခဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တွေပါ။ သူတို့ ရေးနိုင်လာတဲ့တနေ့မှာ ဒီ ပန်းချီကားချပ်ကြီး အတော်အတန် ပြည့်စုံသွားနိုင်ပါတယ်။
ရေးနိုင်မယ့်တနေ့ကို စောင့်ကြိုကြပါစို့။
ငါတို့နားမှ သူရဲကောင်းများ
ပါတီရှိလျှင် - ဖူးချစ် ရှိသည်။
ပါတီရှိလျှင် - ဗက်သွန်း ရှိသည်။
ပါတီရှိလျှင် - လျူးဟူလန်း ရှိသည်။
ပါတီရှိလျှင် - ဗန်ထရွိုင်း ရှိသည်။
ပါတီရှိလျှင် - သူရဲကောင်း ရှိသည်။
သူ့ရပ်သူ့မြေ
သူ့ဌာနေမှ သူရဲကောင်းများ။ ။
ပါတီရှိလျှင် - သန်းထွန်း ရှိသည်။
ပါတီရှိလျှင် - ဗဟိန်း ရှိသည်။
ပါတီရှိလျှင် - ဘသင် ရှိသည်။
ပါတီရှိလျှင် - ဌေးလှ ရှိသည်။
ပါတီရှိလျှင် - သူရဲကောင်းရှိသည်။
ငါ့ရပ် ငါ့မြေ
ငါ့ဌာနေမှ သူရဲကောင်းများ။ ။
သည်ရပ်သည်မြေ - သည်ဌာနေမူ
သည်လိုသူရဲကောင်း - ရှားဘိတောင်ဟု
(အောက်)အောက်မေ့မိခဲ့
သတိမမူ ဂူမမြင်ခဲ့။ ။
ဒီနေ့ကာလ
ကျလာတာဝန် - လွန်ကျေပွန်၏။
အသက်စွန့်မည် - စိတ်ကရည်၏။
ပါတီယုံမှတ် - အသက်အပ်၏
ဒီရပ်ဒီမြေ
ဒီဌာနေမှ သူရဲကောင်းများ။ ။
ငါသိပါပြီ
ပါတီရှိလျှင် - သူရဲကောင်း ရှိသည်။
ပါတီရှိလျှင် - သိန်းကြည် ရှိသည်။
ပါတီရှိလျှင် - ၈ ယောက်ရှိသည်။
ဒီကျွန်း ဒီမြေ
ဒီဌာနေမှ သူရဲကောင်းများ ။ ။
(ပြီးပါပြီ)
တိုက်ပွဲဝင် ရဲဘော်တဦး
ဆက်လက်ဖော်ပြပါမယ်...
http://oothandar.blogspot.com
စစ်အုပ်စု သက်တမ်းရှည်နေသရွေ့
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
|