မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၈)
ရဲဘော်ရှောင်း
Monday, February 22, 2010
လှေနံတွင် ကွဲကုန်သောပျဉ်တွေကို ပြန်ပြီးခွာထုတ်၊ ပျဉ် တွေထပ်စု လုပ်ရပါသည်။ တကယ်က ကျနော်တို့လှေ ကလေးမှာသစ်ကောင်း ပျဉ်ကောင်းနှင့် လုပ်ခဲ့ရခြင်း မ ဟုတ်ပါ။ ပေးအပ်သည့် အခြေအနေအောက်မှာသာ လုပ် ခဲ့ရခြင်းဖြစ်ပါသည်။
ရက် ၄၀ အစာငတ်ခံတိုက်ပွဲ ပြီးဆုံးပြီးနောက် အစာငတ် ခံတိုက်ပွဲဝင် ရဲဘော် တော်တော်များများ ချည့်ကုန်ပါ သည်။ ဝါးခယ်မ ကိုတင်ရီ၊ ဘိုကလေး ကိုလှကြည်၊ ဦး အောင်ငွေ အခြားသူများ မမှတ်မိတော့ပါ။ ဘိုကလေး ကို လှကြည်မှာ ယခုအချိန်အထိ မသန်မစွမ်းဖြစ်ကျန် ရစ်ခဲ့ ပါသည်။
အရှေ့တောင်အာရှ၏ ရာသီဥတုမှာ မေလအလယ်လောက်တွင် မုတ်သုန်ရာသီ စပါပြီ။ နဂိုမူလ ဖထီးမန်းစီစဉ်ခဲ့သော အစီအစဉ်မှာ ရာသီဥတု ကောင်းမွန် စိတ်ချရသည့်အချိန်ကို ရွေးချယ်ခဲ့ပါသည်။ မမျှော်လင့်ဘဲ ကိုတင်ငြိမ်း သေဆုံးခဲ့ရသည့်အတွက် မူလအစီ အ စဉ်များ လွဲခဲ့ရလေပြီ။
မတတ်နိုင်ပါ။ မိုးရာသီ မကုန်တကုန်အချိန်တွင် ပြန်လည်ရွှေ့ဆိုင်းရန် သတ်မှတ်လိုက်သည့်အတွက် ရာသီဥတုကိုလေ့လာရန် လိုပါ သည်။ ဖထီးမန်းက ကျနော့်ကို ရာသီဥတုလေ့လာရန် တာဝန်ပေးပါသည်။ မြန်မာ့အသံမှ သတင်းများ ကြေညာပြီးသည့်နောက်တွင် ရာသီဥတုသတင်းကို အမြဲကြေညာပါသည်။
သတင်းအပြီးတွင် မြန်မာ့ပင်လယ်ပြင်တွင် သာသာယာယာရှိမည်၊ မြန်မာ့ ပင်လယ်ပြင်တွင် လှိုင်းကြီးမည်၊ မြေပြင် ရေပြင် လေသည် တနာရီ မိုင် ၃၀ နှုန်း တိုက်ခိုက်မည် စသည်ဖြင့် ရာသီဥတုသတင်းကို ကြေညာလေ့ရှိပါသည်။
လှိုင်းအသင့်အတင့်ရှိမည်ဟုကြေညာလျှင် ပင်လယ်တွင် တကယ်ဖြစ်ပေါ်နေသော လှိုင်းအသင့်အတင့်အရွယ်ကို လေ့လာမှတ်သားရ ပါသည်။ မြေပြင်ရေပြင်လေသည် တနာရီ မိုင် ၃၀ နှုန်း တိုက်ခတ်သည့် လှိုင်းအရွယ်ကို လေ့လာမှတ်သားပါသည်။
ကျနော် ရာသီဥတုသတင်းကို ၆ လခန့် ဂရုတစိုက်လေ့လာရာ လေတိုက်နှုန်းနှင့် လှိုင်းပမာဏကို အကဲခတ်လို့ ရလာပါသည်။ လှိုင်း ဖြစ်ပေါ်နေသည့်အရွယ်ကို ကြည့်ပြီး လေတိုက်နှုန်းကိုလည်း ခန့်မှန်း၍ ရလာပါသည်။ မြန်မာ့အသံမှာ လကုန်ရက်ရောက်တိုင်း ရှေ့ လာမည့်လ၏ လဆန်း ၁၀ ရက် အတွက် ရာသီဥတု ကြိုတင် ခန့်မှန်းကြေညာချက်ကို ကြေညာပေးလေ့ ရှိပါသည်။
အာဇာနည်သူရဲကောင်းတို့၏နောက် ဖဝါးခြေထပ် ထပ်ချပ်မကွာ
ကျနော် မှတ်မှတ်ရရ ဖြစ်ရပ်လေးတခုကို မှတ်တမ်းတင်ချင်သေးသည်။ ထိုနေ့သည် မေလ ၂၀ ရက်နေ့ဖြစ်သည်။ ညနေစောင်း ၅ နာရီ ထိုးလောက်ရှိမည် ထင်သည်။ မြောက်ဘက်ဖိုကြီး၏ နောက်ဘေးဘက် သဲခုံတွင်ဖြစ်သည်။
ကျနော်ထိုင်နေသည့် ရှေ့နား ၅ ကိုက်လောက်တွင် သံဆူးကြိုးဝင်း ကိုက် ၁၀၀ အဝေလောက်တွင် အိုနာဆစ် သင်္ဘောပျက်ကြီး မီး လောင်ခဲ့သည့်ဒဏ်၊ လှိုင်းဒဏ်၊ လေဒဏ်၊ ပင်လယ်ရေငံစားထားသည့်ဒဏ်ကြောင့် သံချေးတွေတက်ပြီး ဝါကျင့်ကျင့်၊ ညိုမဲမဲအရောင် ဖြစ်နေသည်။ အရှေ့ပင်လယ်ပြင် တမျှော်တခေါ် မျက်စေ့တဆုံးကို လှမ်းမျှော်ကြည့်လိုက်လျှင်လည်း ပင်လယ်ပြင်ကြီးမှာ သာယာ သည့်အသွင် မဆောင်ဖြစ်နေသည်။
ပင်လယ်၏သဘောသည် ကြေးမုံကဲ့သို့ပင် ဖြစ်သည်။ ကောင်းကင်ပြင်တွင် တိမ်တွေကင်းစင်ပြီး နေသာလျှင် ကောင်းကင်ပြာကြီးမှာ သာယာပါသည်။ ဤကောင်းကင်ပြာ၏အရိပ်သည် အပြောကျယ်လှသော ပင်လယ်ပြင်ကြီးသို့ အရောင်ဟပ်သည့်အခါတွင် ပင်လယ် ပြင်ကျယ်ကြီးတခုလုံးမှာလည်း အပြာရော၊ မဲနယ်ပြင်ကြီးအသွင်ဆောင်လျက် အလွန်သာယာ လှပပါသည်။
ယခု မေလ ၂၀ ရက်နေ့ရောက်လာပြီမဟုတ်ပါလား။ မုတ်သုန် အရိပ်နိမိတ်၊ မုတ်သုန်၏အငွေ့အသက်တို့သည် ထင်ဟပ်လာပါပြီ။ တိမ် မဲညိုတို့သည် ကောင်းကွင်ပြင်တခွင်လုံး ဖုံးအုပ်၍နေပါသည်။ ပတ်ဝန်းကျင်မြင်ကွင်း တခုလုံးမှာလည်း မှောင်အိုက်အိုက် ဖြစ်နေသည်။ ကောင်းကင်ပြင်ရှိ တိမ်မဲညိုတို့၏အရောင်သည် ပင်လယ်ပြင်ကြီးကိုလာပြီး ထင်ဟပ်နေသည့်အတွက် ပင်လယ်ပြင်ကြီးမှာ ညိုမဲမှောင် ၍ ခဲပုတ်ရောင်အသွင် ဆောင်နေပေသည်။
ရာသီဥတုနိယာမသည် သဘာဝပတ်ဝန်းကျင်ကို ပုံဆောင်ဖော်ပြလျက် မြင်ကွင်းတခုလုံးမှာ စိတ်လက်မကြည်မသာနှင့် အလိုမကျ စိတ်မသက်မသာ ဖြစ်နေသူလူကြီးတဦးနှင့် အလားသဏ္ဍာန် တူနေပါသည်။ ကျနော်လည်း ကောင်းကင်ပြင်နှင့် ပင်လယ်ကိုကြည့်ပြီး စိတ်လက်ရွှင်လန်းမှုမရှိပါ။ စိတ်လေးလံနေသည်။
ထိုအချိန်တွင် ဦးမြသန်းတင့်ရောက်လာပြီး ကျနော့်ဘေးနားသို့ လာထိုင်ပါသည်။ ကျနော့်အနေနှင့် လောကဝတ်အရ ခေါ်ပြောနှုတ် ဆက်ခြင်းလည်း မရှိ။ ကျနော် ဒီလိုပဲထိုင်ပြီး ပင်လယ်ပြင်ကို ငေးနေပါသည်။ ကျနော့်မျက်နှာသည်လည်း ကျနော့်အတွင်းစိတ်၏ လာ ရောက် ထင်ဟပ်မှုကြောင့် ရွှင်ပြသည့်အသွင်ကို မဆောင်နိုင်ပါ။
ဦးမြသန်းတင့်က ...
“ဒီအချိန်ဆိုရင် ပင်လယ်ပြင်ဟာ စိတ်မချရတော့ဘူး၊ ပင်လယ်ကို ဖြတ်လို့ မကောင်းဘူး”
ဦးမြသန်းတင့်စကားသည် ကျနော်ကို လှုပ်နှိုးလိုက်သကဲ့သို့ ဖြစ်သွားပါသည်။ ကျနော် ဘာမှပြန်မပြောပါ။ ၂ ယောက်သား အတွေး ကိုယ်စီနှင့် ရှိနေပါသည်။ သူလည်း ရှေ့ဘာမှဆက်ပြီး မပြော၊ ကျနော်လည်း ဘာမှပြန်မပြောပါ။ ကျနော်တို့ ၂ ဦး၏ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ပြီးတော့မှ သူအရင် ပြန်ထသွားသည်။ ကျနော်လည်း စိတ်လက် မရွှင်မလန်းနှင့် ပြန်ပြီး ထလာပါသည်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်။ ကျွန်းဘဝကိုရေးနေတဲ့အချိန် မနေ့က ဦးမြသန်းတင့်နဲ့ပတ်သက်တဲ့ အခန်းလေးတခုကို ရေးခဲ့သေး တယ်။ ဒီမနက် ဘီဘီစီမှာ ဆရာကွယ်လွန်တဲ့သတင်းကို ကြားလိုက်ရလို့ ဝမ်းနည်းတုန်လှုပ်စွာ ခံစားရပါတယ်။
ဆရာ ဦးမြသန်းတင့်ဟာ ကျနော်တို့ လူငယ်တွေအပေါ်မှာ ကျေးဇူးများခဲ့တဲ့ ဆရာကြီးတဦး ဖြစ်ပါတယ်။ ဒီမှတ်တမ်းရဲ့အစပိုင်းမှာ ကျနော်ဖော်ပြခဲ့သလိုပဲ တောင့်တင်းသန်မာတဲ့ ကျနော်တို့လူငယ်တွေ ထင်းခွေ၊ ထင်းဖြတ်လို အလုပ်မျိုးကို ကျနော်တို့နဲ့အတူ လိုက် ပါလုပ်ဆောင်ခဲ့တယ်။ သူ့ခန္ဓာကိုယ်ဖွဲ့စည်းမှုက ဒီလို ပင်ပန်းကြမ်းတမ်းတဲ့အလုပ်နဲ့ လိုက်ဖက်သည် မဟုတ်ပါ။
သူ့မျက်မှန်အထူကြီးနဲ့ တပ်ထားတာကိုက သူဟာ ပညာရှင်တယောက်၊ ပညာတတ်တယောက်ရဲ့ ရုပ်သွင် လက္ခဏာမျိုးပါ။ ကျနော်တို့ လူငယ်တွေက ထင်းဖြတ်တဲ့အခါတိုင်း လူလဲတဲ့အခါမျိုးမှာ ဆရာက ...
“ကျနော် တလှည့်ဝင်မယ်”
သူကပြောပြီး အတင်းလွှဝင်ဆွဲဖို့လုပ်ပါတယ်။
“ဟာ … ဆရာ၊ နေပါစေ မလုပ်နဲ့”
ပြောလည်းမရပါ။ လွှကို သူနိုင်သလောက် ဝင်ပြီးဆွဲပါသည်။ ကျနော်တို့နဲ့ဆရာလိုက်လာတာ ကျနော်တို့ ပျော်ပါသည်။ လူငယ်တွေထဲ မှာ လူကြီးတယောက်ပါတော့ အားရှိတာပေါ့။ လူငယ်တွေထဲမှာ မိဘလို၊ ဆရာသမားလို၊ ခေါင်းဆောင်လို ပုဂ္ဂိုလ်တယောက်ပါတော့ ပိုပြီးအားရှိ အားကိုး ကြတာပေါ့။
ကျနော်တို့ထင်းဖြတ်ပြီး ခဏတဖြုတ်နားကြသည့် အခါမျိုးတွင် ၅ နှစ်၊ ၆ နှစ်သားသမီးလေးများ လောကကို စူးစမ်းသကဲ့သို့ ကျနော်တို့ တတွေ သိချင်တာတွေ မေးကြတာပဲ။ ဆရာကလည်း ဖြေပါသည်။ ဆရာကလည်း တက်ကြွထက်သန်သော ကျနော်တို့ လူငယ် ရဲဘော်လေးများနှင့် လိုက်ရသည်မှာ ကျနော်တို့၏တက်ကြွမှုပါ သူ့ကို ဓာတ်ကူးပုံရပါသည်။
ဆရာဦးမြသန်းတင့် ကွယ်လွန်ချိန်နှင့် သူ့အကြောင်းရေးသည့်အချိန် တိုက်ဆိုင်နေပါသည်။ ဆရာ ဗန်းမော်တင်အောင်ကို အိပ်မက် မက်ခဲ့စဉ်က ဆရာကွယ်လွန်တာနဲ့ တိုက်ဆိုင်ခဲ့သည်။
ကျနော်၏ ကျွန်းဘဝတွင် ကြုံတွေ့ဖြတ်သန်းခဲ့ရသော အတိတ်ပုံရိပ်လွှာကို မှတ်တမ်းပြန်လည်ရေးသားသော အချိန်မှာ ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ပြီးရေးသားပါသည်။ KNU ၏ ရှေ့တန်း ပြောက်ကျားဒေသတနေရာတွင် တော်လှန်ရေးတာဝန်များ ကို ထမ်းဆောင်နေစဉ် အားလပ်သည့်အချိန်ကလေးတွင် ရေးသားခဲ့ပါသည်။
ကျနော်ရေးသား သည့်ပတ်ဝန်းကျင်မှာ ဒေါနတောင်ခြေ၏တနေရာဖြစ်ပြီး ယာယီစခန်းချထားသည့်နေရာမှာ ရေတံခွန်တခုရှိပါသည်။ ရေတံခွန်၏ ‘တဝေါဝေါ’ ကျနေသည့်အသံမှာ ကိုကိုးကျွန်းဘဝများက ပင်လယ်ပြင်၏ လေသံ၊ လှိုင်းသံနှင့် အတော်တူပါသည်။
ကျနော်တို့၏အဖြစ်အပျက်များကို ပြန်လည်မှတ်တမ်းတင်ရန် ကွယ်လွန်သူ ဥက္ကဋ္ဌကြီး မန်းဘဇန်၊ ကွယ်လွန်သူ ဗိုလ်ချုပ် မြမောင်၊ ကွယ်လွန်သူ ဆရာကြီး စကောလယ်တော၊ ကွယ်လွန်သူ မန်းဒါဝိတ်နှင့် ရဲဘော်ရဲဘက်များ၊ မဟာမိတ် ခေါင်းဆောင်များက အ ကြောင်းဆုံတိုင်း ကျနော့်ကို တိုက်တွန်းကြပါသည်။ “ရေးတာပေါ့ဗျာ” လို့သာ ကတိပေးခဲ့သည်။
ယခုနှစ်ပေါင်း ၃၀ နီးပါးကြာမှပင် ရေးဖြစ်ပါတော့သည်။ အချို့အဖြစ်အပျက်ကလေးများပင် ပမာဒလေခ မေ့လျော့၍ နေခဲ့ပါပြီ။
မနေ့က ၁၈-၂-၉၈ ရက်နေ့ ဘီဘီစီ နံနက်ခင်းသတင်းကို ကျနော့်ယာယီတဲကလေးတွင် နားထောင်နေရာ ဆရာဦးမြသန်းတင့် ကွယ် လွန်ကြောင်း ဒေါ်ယဉ်ယဉ်မေ ကြေညာသွားခဲ့သည်။ ကျနော် စိတ်ထိခိုက် တုန်လှုပ်စွာ ခံစားနေရပါသည်။ ဘီဘီစီသတင်းကြေညာ ပြီးပြီးချင်း ယခုမှတ်တမ်းကို ရေးသားလိုက်ခြင်း ဖြစ်ပါသည်။
ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည် စစ်အာဏာရှင်တိုက်ဖျက်ရေးတိုက်ပွဲတွင် လက်တွဲတိုက်ခဲ့ကြသော ရဲဘော်ရဲဘက်များ၊ ခေါင်း ဆောင်များ၊ ဘဝတူများတို့သည် တဖျောက်ဖျောက်နှင့် ကြွေလွင့်ခဲ့ရလေပြီ။
သူတို့၏မွန်မြတ်သော အသက်ဝိဉာဉ်များကို ပြည်သူတို့၏ဘဝလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေးအတွက် ပေးလှူခဲ့ကြ လေပြီ။ ကိုယ်ကျိုးမဖက် အသက်စွန့်ခဲ့ကြသည့် ဤရဲဘော်များသည် ကျနော်တို့၏ အသည်းပြင်မှာ သူတို့၏ နှလုံးသွေး၏ နှလုံးသွေး များနဲ့ ရေးသွားခဲ့ကြလေပြီ။
ကျနော်တို့၏ရှေ့မှ ကိုယ်ကျိုးစွန့်ခဲ့ကြသည့် ရဲဘော်များ၊ ခေါင်းဆောင်များ၊ ဘဝတူများ၏ ရဲရင့်ပြတ်သားစွာ အသက်ပေး၍ ညွှန်ပြခဲ့ သည့် လမ်းကြောင်းအတိုင်း ကျနော်တို့သည် ဖဝါးခြေထပ် ထပ်ချပ်မကွာ လိုက်ပါမည်ဟု ရဲဝံ့စွာ ကတိပြုပါသည်။
ကျနော် ထောင်မှပြန်လွတ်လာပြီးနောက် ရန်ကုန်အရှေ့ပိုင်း ဆေးရုံတွင် ဗိုလ်ချုပ်ကျော်ဇော၏သမီး ဒေါက်တာ လှကျော်ဇောက ဆေးရုံတင်ပေးခဲ့ပြီး ကုသကူညီစောင့်ရှောက်ပေးခဲ့ပါသည်။ ဆေးရုံတွင်တက်ရောက်စဉ် ဆရာဦးမြသန်းတင့်က သူ့ ဓားတောင်ကို ကျော်၍ ဝတ္ထုကို ကျနော့်ကို ပေးဖတ်ပါသည်။
ဓားတောင်သည် ကျနော့်ဘဝ တစိတ်တပိုင်း ပါဝင်ပါသည်။ ဓားတောင်ကိုဖတ်ပြီး ကျနော် လွန်စွာခံစားခဲ့ရပါသည်။ ဆရာပေးဖတ် သည့် ဓားတောင်ကိုကျော်၍ ဝတ္ထုစာရွက် အလွတ်ထဲတွင် ကျနော့်ခံစားမှုနှင့် အမြင်ကို ရေးထားခဲ့ပါသည်။
ဆရာ့စာအုပ်ကိုပြန်ပေးသောအခါ ကျနော်ရေးထားသော ခံစားချက်ကို ဆရာဖတ်ပြီး ...
“ခင်ဗျားရေးထားတဲ့ ဒီစာလေးကို ဒီ စစ်အစိုးရကျဆုံးတဲ့နေ့မှာ ကျနော် ပူးတွဲထုတ်ဝေမယ်”
လို့ ဆရာပြောခဲ့ပါသည်။ ဆရာက ဆက်ပြောခဲ့သေးသည်။
“ကျနော့်ဓားတောင်ထဲက သံချောင်းဟာ ကျွန်းက ရဲဘော် ၄ ယောက်ရဲ့ စရိုက်၊ ဟန်ပန်၊ စိတ်နေစိတ်ထားကို စုပေါင်းပြီး သံချောင်း အဖြစ် ဖန်တီးထားတာ၊ ကိုချစ်ဆွေ (ကျွန်းဖျက်သိမ်းရေးတိုက်ပွဲတွင် ကျဆုံး)၊ ကိုအုံးမော်( ကျွန်းဖျက်သိမ်းရေး ၅၂ ရက်ကြာ အစာ ငတ်ခံတိုက်ပွဲတွင် ကျဆုံး)၊ ကိုလတ် (ကျွန်ဖျက်သိမ်းရေး ၅၂ ရက်ကြာအစာငတ်ခံတိုက်ပွဲတွင် ကျဆုံး)၊ နောက်ဆုံးတယောက် က တော့ ကျနော်”
လို့ ဆရာက ပြောခဲ့ပါသည်။
ပြည်သူတို့၏ ဘဝလွတ်မြောက်ရေးအတွက် စာပေအနုပညာဖြင့် အလုပ်အကျွေးပြုခဲ့သော ဆရာဦးမြသန်းတင့်အား KNU ကရင့် လက်နက်ကိုင် တော်လှန်ရေး ဒေသတနေရာမှနေ၍ ဂရုဂရဝ နိဝါတ နိမာနဖြင့် ရိုသေစွာ ဦးညွတ်ကန်တော့ လိုက်ပါသည် ဆရာ ခင်ဗျား။
အောင်ပွဲသို့
သင့်ရဲဘော်
ရဲဘော်ရှောင်း
………………………………..
ကျွန်းကိုရောက်ခါစအချိန်တွင် ရေဒီယိုသတင်းကို ဆရာဗန်းမော်တင်အောင် အမြဲနားထောင်ပါသည်။ သတင်းထူးလျှင် မျက်နှာကျက် ဘိလပ်မြေကျောက်ပြားအကွဲပေါ်တွင် မြေဖြူခဲနှင့် သတင်းရေးသားထားပြီး စားရိပ်သာတွင် ထောင်ထားပါသည်။ ဆရာဗန်းမော် တင် အောင် ထုတ်ပြန်သည့်သတင်းကို ‘လင်းယုန် သတင်းစာ’ ဟု ကျနော်တို့က တင်စားခေါ်ဝေါ်ပါသည်။
တခါတရံတွင် ပထဝီနိုင်ငံရေးအမြင်ဖြင့် ကမ္ဘာ့မြေပုံပေါ်တွင် နိုင်ငံတကာတော်လှန်ရေး အခြေအနေအပေါ်ကို ဖော်ပြမှု ပြုလုပ်ပါသည်။ ဤပုဂ္ဂိုလ်မှာ ဗကသ ကျောင်းသားခေါင်းဆောင် ကိုစိန်ဝင်း ဖြစ်ပါသည်။ အခြားတယောက်မှာ လူထုသတင်းစာ အယ်ဒီတာ ကိုစိန်ဝင်း ဖြစ်ပြီး သူ့ကို အားလုံးက လူထု ကိုစိန်ဝင်း ဟု ခေါ်ပါသည်။
ကျနော်တို့ ကျွန်းပို့ခံရပြီးနောက် ၆၉ ခုနှစ်၊ မိုးတွင်းဘက်တွင် လူထုစိန်ဝင်းမှာ စားဖိုဆောင်တွင် ဦးစီးပြီး ရဲဘော်များ စားရေးသောက် ရေးအတွက် ကိုယ်တိုင်ကိုကျ စီစဉ်ချက်ပြုတ်ကျွေးပါသည်။ လူထုစိန်ဝင်းမှာ ကျန်းမာရေးသိပ်ကောင်းသူ မဟုတ်ပါ။ ခန္ဓာကိုယ်အရ လည်း တောင့်တင်းသူ မဟုတ်ပါ။
တညနေတွင် ဖိုကြီးမှ ချက်ပြုတ်ပြီး မောမောပမ်းပမ်းနှင့် ၎င်းနေထိုင်ရာ အဆောင် အမှတ် ၈ သို့ ပြန်လာခဲ့ပါသည်။ အိပ်စင်အစွန်းတွင် ထိုင်နေရာမှ မူးမေ့ပြီး အောက်သို့ပြုတ်ကျပါသည်။ ဒေါက်တာ ဖေစိန်၊ ဒေါက်တာ ကူးမား၊ ဒေါက်တာ ကျီးတို့ ကြိုးစားပြီးကုသော်လည်း ကျန်းမာရေးအခြေအနေ တိုးတက်မှု မရှိပါ။
မိုးတွင်းကာလ ပြည်မသို့ ပြန်ပို့လိုက်ရပါသည်။ ပြည်မသို့ပြန်ပို့ပြီးနောက် ကောင်းမွန်လုံလောက်သည့် ဆေးဝါးကုသမှုကို မရခဲ့ပါ။ တိုက်သို့ ပြန်ပို့ခံခဲ့ရပါသည်။ တိုက်ထဲတွင် တလျှောက်လုံးနေခဲ့ရပြီး ၁၉၇၃ ခုနှစ်၊ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် ကျွန်းပြန် ရဲ ဘော်များအား လွှတ်ပေးသည့် တတိယအသုတ် ရဲဘော် ၁၃ ယောက်နှင့်အတူ လွတ်မြောက်ပါသည်။
လူထု ဦးစိန်ဝင်းမှ ၁၉၇၆ ခုနှစ်တွင် မဆလ၏ ဒုတိယအကြိမ် ပြန်လည်ဖမ်းဆီးခံခဲ့ရပြီး လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခံရမှုကြောင့် ချိနဲ့သွားခဲ့သည်။ ယခုအချိန်အထိ ချိုင်းထောက် ၂ ဖက်နှင့် လမ်းလျှောက်နေရပါသည်။ ခရီးဝေးဝေး မလျှောက်နိုင်တော့ပါ။
ဗကသ ကျောင်းသားခေါင်းဆောင် ကိုစိန်ဝင်းမှာ ၁၉၅၈ ခုနှစ် ကျောင်းသားဆန္ဒပြပွဲတွင် ပုလိပ်က နံပတ်တုတ်ဖြင့်ရိုက်သောကြောင့် ခါးရိုးကျိုးသွားပြီး ခါးမှာ မသန်စွမ်းတော့ပါ။ သူ၏ခါးကို ထိန်းထားသည့် ခါးပတ်ပြားကြီးတခုကို အမြဲဆောင်ထားရပါသည်။ သည့်အ တွက် သူ့ကို ခါးကြီးကိုစိန်ဝင်းဟု ခေါ်ကြပါသည်။ (၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ လူထုအုံကြွမှုတိုက်ပွဲကြီးတွင် ခေါင်းဆောင်ခဲ့မှုကြောင့် နဝတ၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး အင်းစိန်ထောင်တွင် ညှဉ်းပန်းသတ်ဖြတ်ခံခဲ့ရသည်)
ကျွန်းမှပြန်လွတ်လာပြီးနောက် သူ၏ဇာတိ တညင်တွင် ကျူရှင်ဆရာ လုပ်ခဲ့ပါသည်။ ၈၈ ခုနှစ် ကျောင်းသား လူငယ်များ တော်လှန် ရေး နယ်မြေသို့ရောက်ရှိလာခဲ့ရာ ဦးစိန်ဝင်း၏တပည့် ကျောင်းသားလူငယ်များ အတော်များများကို တွေ့ရှိခဲ့ရပါသည်။
ကွယ်လွန်သွားခဲ့သည့် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်လည်း ဇာတိရပ်တူဖြစ်ပါသည်။ ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့် လည်း အတော်ရင်းနှီးကြောင်း ဦးမြင့်ဇော် ပြန်လည်ပြောပြပါသည်။ ၈၈ ခုနှစ် အရေးတော်ပုံတွင် ဦးမြင့်ဇော်တို့နှင့် အတူတကွ လှုပ်ရှား တိုက်ပွဲဝင်ခဲ့ကြောင်း သိရပါသည်။
ကျနော် ထောင်မှပြန်လွတ်လာပြီးနောက် တော်လှန်ရေးနယ်မြေသို့ ထွက်ခါနီးဆဲဆဲ ရက်ပိုင်းတွင် ခါးကြီး ကိုစိန်ဝင်းနှင့် မမျှော်လင့်ဘဲ ရန်ကုန်တနေရာတွင် ပြန်တွေ့ကြရာ တဦးနှင့်တဦး ဝမ်းသာအားရ ပွေ့ဖက် နှုတ်ဆက်ကြပါသည်။ သူ့ခါးကိုဖက်ရင်း သူသွားမည့်နေရာ သို့ ဖြည်းဖြည်း လမ်းလျှောက်ခဲ့ကြပါသည်။
“ကိုစိန်ဝင်းရေ၊ ကျနော်တို့ နောက်ကို တယောက်နဲ့တယောက် ပြန်တွေ့ကြဖို့ မလွယ်တော့ဘူး ထင်တယ်၊ ကျနော် ခရီးရှည်တခု ထွက် စရာရှိတယ်။ ကျနော် နှုတ်ဆက်ခဲ့တယ်ဗျာ၊ ကျွန်းမှာတုန်းက ကျနော်နဲ့ပတ်သက်ပြီး စိတ်မသက်မသာဖြစ်ခဲ့တာရှိရင်လည်း ကျနော် တောင်းပန်ပါတယ်ဗျာ”
သူက ...
“ကျနော် နားလည်ပါတယ်ဗျာ၊ ကျနော်တို့ဟာ ရဲဘော်ရဲဘက်တွေပဲ။ ခင်ဗျားရဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်ကို ဖော်ပြခဲ့တဲ့သူပဲ”
ကျနော်တို့ နှုတ်ဆက်ခွဲခွာခဲ့ကြပါသည်။ သူနှင့်နောက်ဆုံးအကြိမ် တွေ့ခဲ့ကြခြင်းလည်း ဖြစ်ပါသည်။ တော်လှန်ရေနယ်မြေသို့ ထွက်ခါနီး မတွေ့မဖြစ်တွေ့ရမည့် ပုဂ္ဂိုလ်တဦးလည်း ရှိပါသေးသည်။ ကျနော် အလွန်လေးစား ကြည်ညိုသည့် ဆရာဗန်းမော် ဖြစ်ပါသည်။ သူ့ စာပေ၊ သူ့သြဇာ၊ သူ့အရိပ်ဖြင့် တော်လှန်ရေး လမ်းကြောင်းပေါ်သို့ ကျနော် ရောက်လာခဲ့သည်။ ကျေးဇူးကြီးမားသူ ဖြစ်သည်။ ဆရာ အနေများသည့် ဘားလမ်းမှ ပင်းယစာပေတိုက်တွင် ဖြစ်သည်။
ဆရာ့ကိုသွားတွေ့ပြီး အရိပ်အမြွက်ပြော၍ ကန်တော့နှုတ်ဆက်ခဲ့သည်။ ဆရာ့အပေါ် ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကြောင့် မဟုတ်ပါ။ ဆရာ သည် အလွန်သိမ်မွေ့ ဖော်ရွေသူ၊ ကြီးငယ်မဟူ လေးလေးစားစား ဆက်ဆံတတ်သူ၊ ကျနော်တို့မှာ သူ့တူ သူ့သား အရွယ်လောက်သာ ရှိပါသည်။
ကျနော်တို့လူငယ်များ မရှင်းလင်းသည်များကို သိချင်သည်များရှိပါက ဆရာ့ကိုမေးမြန်းလျှင် အမြဲပင် တလေးတစား ဂရုတစိုက် ရှင်း လင်းဖြေကြားတတ်ပါသည်။ ဥပဓိရုပ်လည်း ကြည်လင်သန့်ရှင်း ခန့်ညားသူ ဖြစ်သည်။
တော်လှန်ရေးနယ်မြေသို့ရောက်ပြီး လေးငါးနှစ်အကြာ ညတညတွင် မဖြစ်စဖူး ဆရာဗန်းမော့်ကို အိပ်မက်ပါသည်။ အိပ်မက်ထဲတွင် …
“ဆရာ … ကျွန်းမှာတုန်းက ကျနော်တို့က လူငယ်တွေဖြစ်တော့ တက်ကြွတာပဲရှိတယ် ဆရာ၊ အတွေ့အကြုံ နုနယ်သေးတယ်။ ဆရာ အပေါ်မှာ ဆက်ဆံခဲ့တာ အပြစ်ကြီး အပြစ်ငယ်ရှိရင် ကျနော့်ကို ခွင့်လွှတ်ပါဆရာ”
ကျနော်ပြောပြီး လန့်နိုးလာပါသည်။ အိပ်ရာမှနိုးသောအခါ မျက်ရည်ဝဲနေပါသည်။ ဆရာ့ကို တမ်းတမ်းတတ သတိရမိသည်။
၁၉၈၈ ဒီဘက်နောက်ပိုင်း ဆရာဦးလှဖေတို့၊ ကိုအောင်စောဦးတို့ကို မေးကြည့်သောအခါ ကျနော် အိပ်မက်သည့်ကာလနှင့် ဆရာဗန်း မော် တင်အောင် ကွယ်လွန်သည့်ကာလမှာ တလတည်းဖြစ်ပြီး တိုက်ဆိုင်နေပါသည်။
(ဆက်လက်တင်ဆက်သွားပါမည်)
http://oothandar.blogspot.com.. မှ
မုန်းတိုင်းကိုဆန် ပင်လယ်ကိုဖြတ်သောအခါ အခန်းဆက်များ
အပိုင်း(၁) ... ဖဒိုမန်းရှာလားဖန်း အမှာစာ
အပိုင်း(၂) ... ငရဲခန်းများ
အပိုင်း(၃) ... ငရဲခန်းသို့
အပိုင်း(၄) ... အခြားသောငရဲခန်းတခုသို့
အပိုင်း(၅) ... တိုက်ပွဲကလေး နိုင်ပွဲကလေးတွေကနေ စတိုက်
အပိုင်း(၆) ... အထွေထွေပြင်ဆင်မှုများ
အပိုင်း(၇) ...
|