အပိုင်း(၈)
Monday, February 22, 2010
ကျနော်တို့အားလုံး ဒဏ်ရာပြင်းထန်သဖြင့် အိပ်ရာမှထလိုက်သည့်အခါတိုင်း ဒုက္ခရောက်ကြရသည်။ ထထိုင်ရန် ပေါင်ကိုကွေးလိုက် တိုင်း တင်ပါးမှခြောက်ကာစဒဏ်ရာများ ကွဲပြဲထွက်ကုန်ကာ သွေးများယိုစိမ့်ထွက်လာတတ်သည်။ သာမန်ထထိုင်ရာတွင်ပင် အခက် အခဲရှိသည်ဖြစ်ရာ အလေးအပေါ့သွားသောအခါပိုဆိုးသည်။ ဆောင့်ကြောင့်ထိုင်ချလိုက်သည်နှင့် တင်ပါးအရေပြားများပိုတင်းသွားပြီး ရှိသမျှဒဏ်ရာများကို ဆွဲဖြဲလိုက်သလိုဖြစ်သွားသည်။ ဤဒဏ်ရာပြဿနာကြောင့်ရော၊ ဂန်ဖလားမလုံလောက်သည့် ပြဿနာကြောင့် ပါ ဆီးများများမသွားစေရန် ရေကိုချိန်ဆ၍သောက်ကြရသည်။
ကျနော်တို့အတွက် သောက်သုံးရန်ဘုံဘိုင်ရေ လက်ဆွဲပုံးတပုံးကို အခန်းရှေ့အင်္ဂတေဘောင်ပေါ်တွင် လာတင်ပေးထားသဖြင့် ရေမှာ သိပ်ရှားရှားပါးပါးမဟုတ်။ ကျနော့်မှာ ဒဏ်ရာအပြင်းထန်ဆုံးဖြစ်သည်။ အချို့ကြိမ်ရိုက်ချက်များမှာ တနေရာထဲတွင်နှစ်ကြိမ်၊ သုံးကြိမ် ထပ်နေသဖြင့် အသားတွင်းသို့နက်ရှိုင်းစွာ ထွင်းဖောက်ဝင်ရောက်သွားကြရာ ဒဏ်ရာမှာနက်လှသည်။ ကျောအောက်ပိုင်းနှင့်တင်ပါးမှ သည် ခြေသလုံးအထိဒဏ်ရာများမှာ အပ်ချစရာနေရာမကျန်အောင် ပြည့်နှက်နေသည်။ နှိပ်စက်ခံရစ၌ တအားဆောင့်ကန်၍ ရုန်းခဲ့ရ သဖြင့် ကျနော့်ခန္ဒာကိုယ်မှာ တစောင်းအနေအထားသို့ ရောက်သွားခဲ့ပုံရသည်။ အချို့ကြိမ်ချက်များမှာ တင်ပါးနှင့်ပေါင်များ၏ဘေးမှာ ရောက်နေသည်။
ဘယ်ဘက်ပေါင်မှာ အညိုရောင်ဖြစ်နေပြီး မူလကထက်နှစ်ဆမျှအထိရောင်ကိုင်းနေသည်။ လက်ကောက်ဝတ်နှစ်ဖက်မှားလည်း ရုန်း ကန်ခဲ့စဉ်ကချည်ထားသော ကြိုးများပွန်းရှထားသဖြင့် နှစ်ဘက်စလုံးနီရဲနေသည်။ ထို့ပြင်ဘယ်သကောင့်သားက စေတနာ့ဝန်ထမ်းဝင် လုပ်သွားမှန်းမသိသော ရင်ဘတ်တခုလုံးပွနေသည့် ဆေးလိပ်မီးလောင်ကျွမ်းထားသည့် ဒဏ်ရာများကလည်း ရှိနေသေးသည်။ အ ကယ်၍ ကျနော်တို့သည်နိုင်ငံတကာစစ်ပွဲတခုတွင် ပါဝင်တိုက်ခိုက်ခဲ့စဉ် ဤကဲ့သို့ဒဏ်ရာရလာခြင်းဖြစ်ပါက ရန်သူ့ဘက်မှပင်မိသွားစေ ကာမူ ဆေးတပ်၊ ဆေးမှူး၊ ဆရာဝန်တို့၏အစွမ်းကုန် ဂရုစိုက်ကုသမှုကိုခံရမည်ဖြစ်၏။
ယခုမူကျနော့်မိတ်ဆွေများသည် လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်ခဲ့ခြင်း မဟုတ်။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင့်ကန့်ကွက်သောစ ကားပြောခြင်း၊ စာရွက်စာတမ်းဝေငှခြင်းစသည်တို့ဖြင့် ဖမ်းဆီးခံထားကြရခြင်းဖြစ်သည်။ ကျနော့်မှာမူ သံသယရှိရုံမျှဖြင့် ဖမ်းထားခံရ ခြင်းဖြစ်သည်။ အကြမ်းမဖက်သောလှုပ်ရှားထက် မည်သူမျှ လွန်ကျွံခြင်းမရှိခဲ့ကြ။ ထို့ကြောင့်အကျဉ်းသားအခွင့်အရေးတော့ ရှိသင့် သည်။ သိုပါလျက်နှင့်စစ်အာဏာပိုင်တို့သည် ကျနော်တို့အား တဘက်သတ်ဖမ်းဆီးကြသည်။ အကြမ်းဖက်နှိပ်စက်ကြသည်။ ပြီးတော့ ဘာမျှကုသမပေးပဲ ပစ်ထားကြသည်။ သည်ကြားထဲအသားလွတ် လာရောက်ကြိမ်းမောင်းသည့် အကြိမ်မှာလည်းမနည်းလှ။ အဆိုး ဆုံးမှာ ဒုတပ်ကြပ်တင်လှဖြစ်သည်။
သူသည်မူလတန်းပညာကိုပင် ဆုံးခန်းတိုင်အောင် သင်ကြားနာယူခဲ့ဖူးသူမဟုတ်။ “မင်းတို့က သိပ်မိုက်ကြတာကိုး။ ငါ့လိုမှမကြိုးစားပဲ။ ဒီမှာကြည့်” သူသည်သူ့လက်မောင်းပေါ်မှ ရှားရှားပါးပါးအရစ်ကလေးတရစ်ကို လက်ဖြင့်ပုတ်ပြပြီး… “တွေ့လား၊ ငါကြိုးစားလို့ ခုလိုရ လာတာပေါ့” မူလတန်းပညာတပိုင်းတစသာရှိသော ဒုတပ်ကြပ်တင်လှက အနည်းဆုံးတက္ကသိုလ်နောက်ဆုံးနှစ်မှသည်ဘွဲ့တခု၊ နှစ်ခုရ ထားသူများအား ယခုလိုလာရောက်ကြိမ်းမောင်းဝါကြွားခြင်းမှာ နာလိုခံခက်ရှိလှသည်။ သို့သော် ကျနော်တို့စိတ်ဓာတ်မကျ။ မြန်မြန် နေကောင်းဖို့အရေးကြီးသဖြင့် အပြန်အလှန်ကူညီရိုင်းပင်းကြသည်။
အခြားရောဂါတခုခု မ၀င်လာအောင်ဂရုစိုက်ဖို့လည်း အချင်းချင်းသတိပေးကြသည်။ မည်မျှပင် ဂရုစိုက်ကြစေကာမူ ကိုယ်ချွေးနှင့်ပင် ကိုယ်အအေးမိသူရှိလာသည်။ အချို့ဒဏ်ရာများမှကိုက်ခဲမှုမှာလည်း မခံမရပ်နိုင်အောင်ရှိလာသည်။ ထို့ကြောင့်ကျနော်တို့အခန်းရှေ့ သို့ ၀ါဒါများအကြောင်းကိစ္စတခုဖြင့် ရောက်လာသောအခါဆေးပေးပါရန်ပြောရတော့သည်။ သို့သော်ဘာဆေးမှလာမပေး။ တနေ့တွင် ကိုသက်သည် ဆီးသွားရန်မတ်တတ်ထရပ်လိုက်သဖြင့် သူ့ကိုကျနော် မှောက်လျက်မှလှမ်းကြည့်နေမိသည်။ သူသည်ထိုနေရာမှာပင် ခေတ္တတွေရပ်နေသဖြင့် သူ့မျက်နှာကိုကျနော်လှမ်းကြည့်လိုက်၏။
ကျနော်ကြည့်နေစဉ်မှာပင် သူ့မျက်လုံးများမျက်ဖြူလန်သွားကာ သူ့တကိုယ်လုံးကြမ်းပြင်ပေါ်သို့ ပုံလျက်သားကျလာတော့သည်။ သူ့ အားဝိုင်းဝန်းဖေးမကူသူကကူ၍ ထောင်ဝါဒါကိုခေါ်သူကခေါ်ကြသည်။ ၀ါဒါရောက်လာသောအခါ ကိုသက်သတိရနေပါပြီ။ ဤအဖြစ် အပျက်ကြောင့်ပင် နောက်တနေ့နံနက်စောစော ဆေးမှူးတဖွဲ့ရောက်လာသည်။ ယင်းအဖွဲ့ကိုအိန္ဒိယနွယ်ဖွား အရာခံဗိုလ်တဦးက ဦး ဆောင်လာသည်။ ထောင်ဆေးမှူးကိုကြည်လည်း အတူပါလာသည်။ ဆေးမှူးသည် ဒဏ်ရာများကိုကြည့်ပြီး တုန်လှုပ်သွားကြပုံရ သည်။ အထူးသဖြင့်အရာခံဗိုလ်မှာ မျက်စိမျက်နှာမကောင်း။ ဆေးအဖွဲ့ဝင်များကအခြားသူများအား အသီးသီးစမ်းသပ်နေကြစဉ်မှာ အရာခံဗိုလ်သည် ကျနော့်နားသို့ကပ်ပြီး “မင်းဘာအလုပ်လုပ်လဲ” ဟု အင်္ဂလိပ်လိုတိုးတိုးမေးလိုက်သည်။
ကျနော်ရန်ကုန်က တက္ကသိုလ်မှဆရာဖြစ်ကြောင်း နိုင်ငံရေးဘာမှမလုပ်ရဘဲနှင့် အဖမ်းခံနေရခြင်းဖြစ်ကြောင်း တိုးတိုးပြန်ပြောလိုက် သည်။ အရာခံဗိုလ်ဆေးမှူးသည် အမူအရာမပျက်ပဲ အခြားသူများအား စမ်းသပ်နေသည်များကို လှမ်းကြည့်ကာနှုတ်ဖြင့်ညွှန်ကြား ချက်တချို့ကိုပေးနေသည်။ ထိုစဉ်မှာပင်သူ့လက်တဖက်သည် ကျနော့်ဆီသို့လှမ်းလာကာ “ဒါယူထား (Keep it)” ဟုတိုးတိုးပြောရင်း ပစ္စည်းတစုံတခုကို ကျနော့်အားလှမ်းပေးသည်။ ကျနော်လည်း သွက်စွာပင်လှမ်းယူလိုက်ပြီး ခါးပုံစထဲ အသာထည့်ထားလိုက်သည်။ ဆေးမှူးများပြန်သွားသောအခါ ကျနော်တို့ကိုပေးသွားသော ဆေးများကိုပြန်စစ်ကြည့်ကြ၏။ အချို့ထရစ်ပဲလ်ဆာလ်ဖာ၊ အချို့ဘတ်စ် ပရိုစသည်ဖြင့်ပေးသွားသည်။ ကျနော့်အားပေးသွားသော ဆေးလုံးများအား စစ်ဆေးကြည့်သောအခါ ဘားပလက်ဗီတာမင်ဆေးပြား များ ဖြစ်နေသည်ကိုတွေ့ရ၏။
အလုံး ၃၀ခန့်ရှိမည်။ ထိုဗီတာမင်များကို တနေ့တယောက်တလုံးကျ ဝေမျှစားကြသဖြင့် ၄ရက်ခန့် ဆက်တိုက်စားနိုင်ကြသည်။ ထို ဆေးပြားများသည် ကျနော်တို့နလံထရေးအတွက် ပို၍အရေးပါသည်မှာ ဆေးပေးသွားသူဆေးမှူး၏ စိတ်ဓာတ်ရေးရာစာနာ တတ်မှု ဖြစ်သည်။ သက်ဆိုင်ရာမှ သေလောက်သည့်ရောဂါကို ကုသရန်မှလွဲ၍ အခြားဘာဆေးမှမပေးရ။ အထူးသဖြင့် လျှို့ဝှက်စွာပေးသွား ခြင်းမှာ သူ၏လူသားခြင်းစာနာစိတ်နှင့် ဖြူစင်သောစေတနာကိုဖော်ပြသွားသည်။ ဤစာနာစိတ်နှင့် စေတနာ၏စွမ်းအားမှာ ကျနော်တို့ အဖို့ သူပေးသွားသောအားဆေးထက်ပင် အစွမ်းထက်ပါသေးသည်။ ကျနော်တို့ ဒဏ်ရာများတနေ့တခြား သက်သာလာသည်။ ညို မည်းရောင်ကိုင်းနေသော ကျနော့်ဘယ်ဘက်ပေါင်မှာလည်း အရောင်လျော့လာကာ တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်သည်။ ရက်သတ္တနှစ် ပတ်ခန့်အကြာတွင် အားလုံးထိုင်နိုင်ထနိုင်ဖြစ်လာသည်။
့
တဆယ့်ရှစ်
ကြက်သရေကင်းမဲ့လှသော ဂန်ဖလားအကြောင်းဆက်ပါဦးမည်။ ကျနော်တို့အား ပိတ်လှောင်ထားသော တိုက်ခန်းများ၏ကြမ်းပြင်မှာ မြေပြင်အထက်နှစ်ပေခန့်မြင့်သဖြင့် ကျနော်တို့ကြမ်းကြားထဲမှ သွားသောဆီးရည်များမှာ ကြမ်းပြင်အောက်မြေကြီးထဲသို့ စိမ့်ဝင်သွား မည်။ ကြမ်းပြင်သည်မညီညာလှသော်လည်း ကျနော်တို့ဖောက်ထားသော ကြမ်းကြားအပေါက်ငယ်မှလွဲ၍ အခြားနေရာများတွင်ကြမ်း ကြားဟူ၍မရှိ။ ထို့ကြောင့်ကြမ်းပြင်အောက် မြေပြင်ပေါ်မှသေးနံ့သည် ကျနော်တို့အား အနှောက်အယှက်ပေးနိုင်မည် မဟုတ်ဟုကျ နော်တို့ယူဆခဲ့ကြသည်။ သို့သော်အထင်နှင့်လက်တွေ့မှာ တခြားစီဖြစ်နေသည်။
တပတ်မပြည့်မီမှာပင် ကြမ်းပြင်အနှံအပြားနေရာများမှာ ဆီးရည်များစိမ့်တက်လာသည်။ အကြောင်းရင်းမှာသစ်သားကြမ်းပြင်အောက် တွင် အင်္ဂတေတထပ်ခင်းထားပြီးဖြစ်ကာ ထိုအင်္ဂတေလွှာပေါ်တွင် သစ်သားကြမ်းခင်းကို ကပ်လျက်ခင်းထားခြင်းကြောင့် ဤသို့ဖြစ်ရ ကြောင်းကျနော်တို့နားလည်ကြသည်။ ထို့ကြောင့်ကြမ်းကြားထဲသို့ဆီးသွား၍မရတော့။ ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲ။ ကျနော် တို့ အကြံအိုက်ကုန်ကြပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပင် နောက်နေ့မနက်စောစော လူစစ်ရန်လာသောဝါဒါများထဲတွင် မလာစဘူးဘချော လိုက်ပါလာသည်။
“ခင်များတို့ ဂန်ဖလားလောက်ရဲ့လား” ဘချောသည် ဂန်ဖလားသေးသေးလေးကို အံ့အားသင့်စွာဖြင့်ကြည့်ရင်း မေးလာသည်။ “မ လောက်ဘူးဗျာ၊ အဲဒါခင်များတို့ကိုပြောမလို့ဘဲ” အပေါက်ဝနားတွင်ရှိနေသော ကိုကံကြီးကပင်ဖြေလိုက်၏။ ထောင်ကျတယောက်အား ဘချောက အကြီးတခုနှင့်လဲပေးရန်ပြောလိုက်သည်။ “ဒီမှာဗျ… အကြီးတခု၊ အသေးတခုထပ်ပေးရင် ပိုအဆင်ပြေမယ် ” ကျနော်တို့ သည်ရသည့်အခွင့်အရေးကို အသုံးချ၍ပြောလိုက်၏။ ဤတွင်ဘချောသည်အံ့အားပို၍သင့်သွားပုံဖြင့်… “ခင်များတို့အရင်နေ့တွေတုန်း က ဘယ်လိုသွားနေကြတာတုန်း” ဟု မေးခွန်းထပ်ဆင့်ထုတ်လာပြန်သည်။
ကိုကံကြီးသည်မှင်သေသေဖြင့် “ဒီလိုဘဲ ကြံဖန်ဖြေရှင်းရတာပေါ့ဗျာ” ဟုဖြေလိုက်သဖြင့် နောက်ထပ်ဂန်ဖလားတလုံးပေးသွားပါတော့ သည်။ သို့သော်မလောက်။ ရက်အနည်းငယ်အတွင်းမှာပင် ထောင်ကျအကျဉ်းသားအားထပ်ပြော၍ နောက်ထပ်ကြွေရည်သုတ်ဇလား တခု ထပ်ပေးပြန်သည်။ ဤတွင်မှကျနော်တို့သည် ရေသောက်ခြင်းကို ထိန်းချုပ်မနေတော့ဘဲသောက်နိုင်ကြသည်။ လေ၀င်လေထွက် တပေါက်တည်းရှိသော ဤအခန်းကျဉ်းထဲတွင် ပူအိုက်သောနွေရာသီအတွင်း လူ ၇ယောက်ပြွတ်သိတ်နေကြရသော ချွေးနံ့၊ သွေးနံ့တို့ ကိုထပ်ဆင့်၍ ပိုမိုပြင်းထန်စွာစူးရှဆိုးဝါးစေသည်မှာ ဂန်ဖလားအင်တုံမှထွက်လာသော ချေးနံ့နှင့်သေးနံ့ပင်ဖြစ်သည်။
ကျနော်တို့သည် နောက်ဖေးသွားချိန်ကို မနက် ၅နာရီခွဲလောက်မှ ဂန်ဖလားသိမ်းချိန်ဖြစ်သော ခြောက်နာရီခွဲထိ အတွင်း၌ကိစ္စပြီးနိုင် ရန်ကြိုးစားကြသဖြင့် အများအားဖြင့်အောင်မြင်သော်လည်း တနေ့တလေ တယောက်ယောက်များဝမ်းမမှန်ဖြစ်ပြီး နေ့လည်သို့မဟုတ် မွန်းလွဲဘက်တို့တွင် မလွှဲမရှောင်သာ နောက်ဖေးသွားရသောအခါတွင်မူ တနေ့လုံးနံစော်သဖြင့်ခံရခက်လှသည်။ ဤအညစ်အကြေးပြ ဿနာနှင့် ပတ်သက်၍အခက်အခဲတခုမှာ နောက်ဖေးကုန်းသန့်ရှင်းရေး ပြဿနာဖြစ်သည်။ ရေကလည်းရှားသည်။ ဂန်ဖလားလည်း ဆန့်မည်မဟုတ်၊ ထို့ကြောင့် လုံချည်အဟောင်းတထည်ကိုဆုပ်ဖြဲကာ လက်နှစ်လုံးပတ်လည်ခန့်ရှိသော အစငယ်များအဖြစ်ပြုလုပ်ပြီး အသုံးပြုကြရသည်။
်
နောင်ဆေးလိပ်သောက်ခွင့် ရလာသောအခါတွင်မူ သောက်ပြီးဆေးပေါ့လိပ်၏ အစီကိုဖြေထုတ်၍ရလာသော စက္ကူစကလေးမှာအလွန် အဆင်ပြေသော နောက်ဖေးကုန်းစက္ကူဖြစ်လာသည်။ ထိုမျှမကသေး။ ထိုစက္ကူစများမှာ သတင်းစာအပိုင်းအစများဖြစ်သဖြင့် အပြင်သ တင်းအစအနများကို ကျနော်တို့ဖတ်ရသည်။ ထိုထက်ပို၍ လေးနက်သောအခါလည်းရှိသည်။ အဘယ်ကြောင့်ဆိုသော်ပြည်ထဲရေးဌာ နသို့ နယ်ရဲစခန်းများမှပေးပို့သော လျှို့ဝှက်အစီရင်ခံစာများ၏ အပိုင်းအစအချို့ပါလာသဖြင့် လျှို့ဝှက်သတင်းများကိုပင် သိရခြင်းဖြစ် သည်။ လျှို့ဝှက်သတင်းများသိရ၍ ၀မ်းသာရသည်သာမက ဤလျှို့ဝှက်အစီရင်ခံစာများကိုပင် ဖျက်စီးခြင်းမပြုဘဲ ဆေးလိပ်ခုံများသို့ ရောင်းချရသည်ကို ကြည့်ခြင်းအားဖြင့်မြန်မာပြည်သူတရပ်လုံး မည်မျှစီးပွားရေး ကျပ်တည်းနေကြသည်ကိုလည်း ကျနော်တို့ခန့်မှန်းသိ ရှိနိုင်ကြသည်။ ပြည်သူလူထု အခြေအနေမှန်ကို ကျနော်တို့သိရှိနိုင်ကြသည်။
တဆယ့်ကိုး
ဤအတွင်း ကျနော်တို့နှင့်ကပ်လျက်ရှိသော အခန်းနံပါတ် (၂) နှင့် ကျနော်တို့နံရံကိုအသာခေါက်ပြီး အဆက်အသွယ်ပြုနိုင်ကြသည်။ နှိပ်စက်ခံရသည့်ညက ကျနော်တို့အခန်းသို့လာပို့ပြီးမှ ပြန်ခေါ်ထုတ်သွားသောကိုအောင်ငွေမှာ အခန်းနံပါတ် (၂) ထဲတွင်ရှိနေသည်။ ကိုအောင်ငွေအပြင်ဦးလှအောင်၊ ကိုရွှေ၊ ကိုဉာဏ်၊ ကိုစိုးသိန်းနှင့် ကိုအောင်ငြိမ်းတို့လည်း သူတို့နှင့်အတူရှိနေသည်။ အားလုံးခြောက် ယောက်ဖြစ်သည်။ အခန်းနံပါတ် (၃) တွင်မူ မည်သူမျှမရှိသဖြင့် အခြားအခန်းများသို့ဆက်သွယ်၍မရ။
ကျနော်တို့နှစ်ခန်းမှားမူ အကြောင်းအရာတော်တော်များများကို ဖလှယ်ခြင်း၊ ဆွေးနွေးကြခြင်း ပြုနိုင်ကြသည်။ ရက်ကြာလာသောအခါ ကြွေရည်သုတ်ပန်းကန်ကို လက်သည်းဖြင့်ခေါက်ကာ အသံပြု၍ဆက်သွယ်ရန် ကြိုးစားသောကိုအောင်ငွေ၏ ဇွဲလုံ့လကြောင့်အလှမ်း ဝေးသောအခြားအခန်းများနှင့်ပါ အဆက်အသွယ်အနည်းအကျဉ်းရကြသည်။ မေလ၊ ပထမပတ်ကုန်ဆုံးသော အခါ (၅)တိုက်တခုလုံး ရှိသူအားလုံး၏အခြေအနေကို ကျနော်တို့သိရှိနိုင်ကြပြီဖြစ်၏။ ကျနော်တို့အားလုံးမှာလည်း ထိုင်နိုင်ထနိုင်ရှိလာကြပြီ။
နှစ်ဆယ်
တခုသောနံနက်ခင်း ၉နာရီခန့်တွင် ကျနော်တို့အခန်းရှေ့သို့ လူတစုရောက်လာသည်။ ဆေးမှူးကိုကြည်ပါနေခြင်းကို ကြည့်ခြင်းအား ဖြင့်ဆေးအဖွဲ့ဖြစ်ကြောင်း ကျနော်တို့သိလိုက်သည်။ ရှေ့ဆုံးလူမှာအသားညိုညို၊ ခပ်တောင့်တောင့်၊ ရုပ်ဖြောင့်ဖြောင့်ဖြစ်သည်။ ထိုသူ ၏လက်ထဲတွင်ကိုင်ထားသော နားကြပ်ကိုကြည့်ခြင်းအားဖြင့် သူသည်ဆရာဝန်ဖြစ်ကြောင်း သိသာနိုင်သည်။ ထိုဆရာဝန်သည် “နေ ကောင်းကြလား” ဟုမေးရင်း ကျနော်တို့အခန်းပေါက်ဝတွင် လာရပ်သည်။ သို့သော်ကျနော်တို့ ဘာမှမဖြေရမီမှာပင် သူသည်တလှမ်း ချင်းနောက်ဆုတ်သွားရာ ကျနော်တို့အခန်းရှေ့တည့်တည့် ၀ါဒါများ၏ရုံးခန်းနံရံဆီသို့ ရောက်သည့်အထိဖြစ်သည်။
ကျနော်တို့နားလည်ပါသည်။ သူ့အပြုအမူကို ကျနော်တို့နားလည်ပါသည်။ ရေမချိုးရတာ ကြာပြီဖြစ်သော ကျနော်တို့ကိုယ်မှ သွေးနှင့် ချွေးရောနေသော ဒြပ်နှော၏ အနံ့မှာတိရိစ္ဆာန်ရုံမှ ခြင်္သေ့၊ ကျားများထားသော ရုံများထက်ပို၍သာနိုင်စရာ အကြောင်းမရှိနိုင်။ ကျနော် တို့သည် ဆရာဝန်အမေးကို နှုတ်မှမဖြေတော့ဘဲ ကိုယ်စီမတ်တပ်ထကာတလှည့်စီ တံခါးအပေါက်ဝဆီသို့သွားပြီး ဆရာဝန်ကိုကျော ပေးကာ လုံချည်ကိုတင်ပါးပေါ်သည့်အထိ အသီးသီးလှန်ပြလိုက်ကြသည်။ ပါးစပ်မှဘာတခွန်းမှမပြောဘဲနှင့် တင်ပါးမှသည်ခြေသလုံး အထိ စုတ်ပြတ်နေသော ရောဂါအခြေအနေအတိအကျကို ဆရာဝန်အားတင်ပြလိုက်ခြင်းဖြစ်သည်။ ဆရာဝန်သည်မျက်စိမျက်နှာပျက် ကာ ခေါင်းတငြိမ့်ငြိမ့်နှင့် ပြန်လည်ထွက်ခွာသွားသည်။
ဆရာဝန်၏ ထောက်ခံချက်ကြောင့်ပဲလားမသိ၊ နောက်ရက်အနည်းငယ်အကြာဖြစ်သော မေလ ၂၅ရက်နေ့ (၁၉၆၈ခုနှစ်)တွင်ကျနော် တို့ရေချိုးခွင့်ရကြသည်။ ထို့နေ့တွင်မနက်စောစော ၀ါဒါနှစ်ယောက်ရောက်လာပြီး ကြိုတင်အကြောင်းကြားလာသည်။ “ခင်များတို့ ဒီ နေ့ရေချိုးခွင့်ရမယ်၊ အသင့်ပြင်ထားကြ” ဟု ပြောသွားရင်းထောင်တွင်း ယက္ကန်းမှယက်လုပ်သော အင်္ကျီကြမ်းတထည်နှင့်၊ လုံချည် ကြမ်းတထည်စီ လာပေးသွားသည်။ ကျနော်တို့သည် အင်္ကျီစုတ်များကိုချွတ်ပြီး အသင့်စောင့်နေကြသည်။ လုံချည်အဟောင်းကို ၀တ် ချိုးရင်းလျှော်သွားမည်ဟု စိတ်ကူးကြခြင်းဖြစ်သည်။ ခဏအကြာတွင် ၀ါဒါများရောက်လာပြီး ကျနော်တို့အား တယောက်တလှည့်စီ စောင်အုပ်၍ ခေါ်သွားသည်။
ကျနော့်အလှည့်အရောက်တွင် ကျနော်သည် မတ်ခွက်တခွက်ကိုကိုင်ပြီး စောင်အုပ်ထဲတွင်လိုက်ပါသွားသည်။ ရေချိုးခန်းပေါက်ဝ အ ရောက်တွင်ဝါဒါက စောင်ကိုခွာယူလိုက်ပြီး “သွားချိုး” ဟု ပြောသဖြင့်လှမ်းကြည့်လိုက်ရာ ရေချိုးခန်းထဲတွင် ရေပြည့်နေသောအလတ် စားအုတ်ရေကန်တကန်ကို တွေ့ရသည်နှင့်ပြေးဝင်သွားကာ ရေချိုးကန်မှရေကိုတခွက်ပြီးတခွက် ဆက်တိုက်ခပ်ချိုးပစ်လိုက်သည်။ ဤ မျှအလောတကြီးချိုးနေလျက်နှင့်ပင် ၄ခွက်သာချိုးရသေးသည်။ “တော်” ဟု ၀ါဒါကအမိန့်ပေးသဖြင့် ကျနော်သည်နောက်တခွက် လောင်းချလိုက်ကာ ရေတခွက်ခပ်ပြီး ပြန်ထွက်လာခဲ့သည်။
ရေချိုးချိန်စုစုပေါင်းမှာ ၅စက္ကန့်မျှသာရှိမည်။ ရေချိုးခန်းအပေါက်ဝသို့ရောက်သည့်နှင့် ၀ါဒါသည်စောင်နှင့်အုပ်လိုက်ပြီး စောင်ကိုဆောင့် ဆွဲပစ်လိုက်သဖြင့် ကျနော့်မှာဇောက်ထိုးလဲမတတ်ဖြစ်သွားသည်။ “တော်ဆိုတော် နောက်တခါဆိုရင်သေသွားမယ်” သူသည်ကြိမ်း မောင်းရင်း ကျနော့်ကိုဆွဲခေါ်လာသည်။ မဆလတို့ခေတ္တ အကျဉ်းထောင်ထဲတွင် ရေလေးတခွက်ပိုချိုးမိခြင်းသည်ပင် ဤမျှအပြစ်ကြီး နေပါလားဟု စိတ်ထဲမှမကျေနပ်ခံပြင်းရင်းကပင် အခန်းသို့ပြန်ရောက်လာခဲ့သည်။ လက်ထဲပါလာသော မတ်ခွက်ထဲမှရေအနည်းငယ် ကိုလောင်းချကာခြေဆေးလိုက်ပြီး အခန်းထဲသို့ဝင်လာခဲ့သည်။
အသစ်ထုတ်ပေးထားသော လုံချည်ကိုလဲဝတ်လိုက်ပြီး သွေး၊ ချွေးနှင့် ဖုံမှုန့်များ ရောနှောပေရေကာ ခြောက်နေသောချေးများကိုနူးရုံမျှ ရေစိုလာခဲ့သော ဓာတ်လေးပါးအစုအဝေး လုံချည်ဟောင်းကိုတံခါးသံ တိုင်ကြားမှလက်ထုတ်၍ရေညှစ်လိုက်ရသည်။ ပြီးထိုညစ်ထေး နေသောလုံချည်ဖြင့်ပင် ကိုယ်ပေါ်မှရေများကိုသုတ်ရသည်။ လုံချည်လှမ်းစရာနေရာမရှိသဖြင့် ကျနော်တို့သည်အားလုံး၏ လုံချည်များ ကိုသံတံခါးမှပင် ဖြစ်သလိုလွှားထားကြရသည်။ နွေရာသီအပူရှိန်ကမကုန်သေးသည်သာမက ကျနော်တို့ကိုယ်မှကိုယ်ငွေ့များကလည်း တဟုတ်ဟုတ်ပိုထွက်လာသဖြင့်ကိုယ်ပေါ်တွင် ရေနူးနေသောချေးများ ခဏလေးအတွင်းမှာပင် ခြောက်သွား၏။
“ဒီနှုန်းနဲ့ဆိုရင်တော့နောက်ထပ် ၄၊ ၅ရက်လောက် ချိုးပြီးသွားရင် နည်းနည်းသန့်လာတော့မှာပါ” ကိုထွန်းကမှတ်ချက်ချသည်။ “ဒီနေ့ အစနေ့မို့ အချိန်နဲနဲလေးပေးပြီး နောက်နေ့တွေမှာဆိုရင် အချိန်ပိုပေးချင်ပေးမှာပါ” ကိုကံကြီးက မျှော်လင့်ချက်ပေးသည်။ သို့သော် နောက်တနေ့ရေချိုးလာမထုတ်တော့။ ၂ရက်၊ ၃ရက်၊ ၄ရက်သာကျော်သွားသည်။ ရေချိုးဖို့လာမခေါ်။ ၇ရက်ပြည့်သောအခါတွင်မှရေ ချိုးလာထုတ်သည်။ ဒီတကြိမ်တွင်ရေ ၇ခွက်၊ ၈ခွက်အထိချိုးကြရသည်။ သို့သော်ဆပ်ပြာတိုက်ချွတ်ချိုးရခြင်း မဟုတ်သဖြင့်မသန့်ရှင်း နိုင်သေး။ ဤကဲ့သို့ ၄ကြိမ် ၅ကြိမ်ခန့်ချိုးပြီးချိန်ဖြစ်သော ဇွန်လကုန်ပိုင်းကျမှ ကျနော်တို့၏ခန္ဒာကိုယ်များ အနည်းငယ်သန့်စင်လာ သည်။ လူနှင့်သူနှင့်တူလာသည်။
အနှစ်နှစ်အလလမလျှော်မဖွတ်ဘဲထားခဲ့ပြီး ကျနော်တို့ကိုယ်မှချွေး၊ သွေးများပေရေကုန်၍ ပိုညစ်ပတ်နေပြီဖြစ်သော မူလကဘာရောင် မှန်းမသိတော့သော စောင်များကိုမူလျှော်ဖွတ်ချိန်မရ။ စောင်များမှာလည်း ကိုယ်အနံ့နှင့်ကိုယ်မို့ ယဉ်ပါးနေပါပြီ။ ညဘက်များတွင် ခြင် တပ်ဖွဲ့များက မဆလအလိုကျ ကျနော်တို့ကိုဝိုင်းကိုက်ကြသဖြင့် အိပ်၍မရသည့်ညများက အများအပြား။ ဤအခါများတွင်ဤစောင်များ ကိုပင် ခေါင်းမြီးခြုံလိုက်ကြရသည်။ လူ ရယောက်နေရသောအခန်းကျဉ်းလေးထဲမို့ လှောင်အိုက်လွန်းမှုကြောင့် စောင်ကိုခေတ္တမျှသာခြုံ နိုင်သည်။ နောက်တော့ခြင်ကိုက်ခံကာ ပေတေ၍ပင်အိပ်ရ၏။ တယောက်နှင့်တယောက်ပူးကပ်နေသဖြင့် ဘေးလူအားမထိမိစေရန်သ တိထားကြရသည်ဖြစ်ကာ မလှုပ်မယှက်အိပ်ဖို့ကြိုးစားကြရသည်။
ကျနော်တို့အားလုံးခေါင်းအုံးပေးမထား။ ထို့ကြောင့်ရရာတခုခုကို ခေါင်းအုံးအဖြစ်သုံးကြရသည်။ ကျနော်မှာစီးနေကျ ရာဘာဖိနပ်အ ဟောင်းတဖက် ပါလာသေးသဖြင့် ယင်းဖိနပ်လေးကိုပင်ခေါင်းအုံး၍ အိပ်ရသည်ဖြစ်ရာ ထိုဖိနပ်ဟောင်းလေးတဘက်မှာ မဆလငရဲခန်း ထဲတွင် ကျနော့်အားသာယာမှုပေးနိုင်သည့် တခုတည်းသော ရုပ်ဝတ္ထုပစ္စည်းပင်ဖြစ်တော့သည်။ ဤအခြေအနေနှင့်ပင် တလပြီးတလ ကုန်လွန်လာခဲ့သည်။
ထို့နောက်… ဇူလိုင်
ဩဂုတ်
စက်တင်ဘာ
လုံခြုံသောအခန်းကျဉ်းထဲမှာမို့ ...
ဲ
တင့်ဇော်
ဆက်လက်ဖော်ပြပါမည် …
ဒေါင်းအိုးဝေ၊ အတွဲ (၁)၊ အမှတ် (၁)၊ နိုဝင်ဘာလ၊ ၁၉၉၆
ကျွန်းအတိတ်အရိပ်ပမာ
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
|