ကိုင်တွယ်ရခက်သည့် soft ပါဝါ (၁)
မန်ဇူး
Tuesday, November 10, 2009
အကျပ်အတည်းတွေကြားထဲက အခွင့်အလမ်းတွေနှင့် တရုတ် soft ပါဝါ
ပါဝါ ရဲ့သဘောကို ယေဘုယျဆန်ဆန် ကျယ်ပြန့်စွာ အဓိပ္ပါယ် ဖွင့် ပြောဆိုရရင်တော့ လိုလားသည့်ရလဒ်တွေ ထွက်ပေါ်လာ နိုင်ဖို့ရာအတွက် ထိရောက်စွာ အသုံးချနိုင်စွမ်းကိုဆို လိုခြင်းပဲ ဖြစ်တယ်။ ဗဟိုချက်မှခွာ၍ ဖြန့်ကျက်ထားသော သက်ရှိ (သို့) သက်မဲ့ရပ်ဝန်း တဝိုက် သက်ရောက်မှုရှိနိုင်မည့် အမူအကျင့် နည်းလမ်းသုံးသွယ်ထဲမှာ အတင်းအကျပ် ဖိအားပေး ခြိမ်း ခြောက်ခြင်း၊ ကမ်းလှမ်းမှုဖြင့် ဆွဲဆောင်သိမ်းသွင်းခြင်းနှင့် တ ပါးသူ၏ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းရင်း မိမိလိုအင်ပြည့် ဝအောင် ပြုမူလုပ်ဆောင်ခြင်းတို့ဖြစ်တယ်။ ကမ္ဘာ့နိုင်ငံရေး အ စီအစဉ်တရပ်ကို နိုင်ငံတနိုင်ငံမှနေ၍ လိုလားချက်အတိုင်း ကြောင်းကျိုးညီညွတ်မှုရှိစွာ လုပ်ဆောင်နိုင်ခဲ့ မယ်ဆိုရင် ဖြင့် တဆက်တည်းဆိုသလို တခြားသော နိုင်ငံတွေလိုက်ပါလာကြမှာဖြစ်ပြီး နိုင်ငံတိုင်းကိုယ်စီမှာရှိတဲ့ အမြတ်တနိုးထိန်း သိမ်းထား တတ်ကြသည့် တန်ဖိုး၊ အတုယူရမည့် သာဓက (သို့) ပွင့်လင်းလွတ်လပ်မှုနှင့် ကုံစုံလုံလောက်တဲ့ အတိုင်းအတာတရပ် ရောက်ရှိ အောင် ပြင်းပြသောစိတ်ဆန္ဒရှိမှု အစရှိသည့် အာသီသတွေကို ခင်းကျင်းပြသနိုင်စွမ်း ရှိရလိမ့်မယ်။
ဒီအနက် အဓိပ္ပါယ်ရဲ့ဆိုလိုရင်းက အခရာကျလှတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းထဲ တခြားသော နိုင်ငံတွေကို အတင်းအကျပ် ပုံဖော် ခိုင်းဖို့ရာအတွက် ခြိမ်းခြောက်မှု (သို့) စစ်ရေးစွမ်းရည်အသုံးပြုလုပ်ဆောင်ခြင်း (သို့) စီးပွားရေးကို လက်နက်သဖွယ်အသုံးချခြင်း အစ ရှိတဲ့ လုပ်ဆောင်ချက်တွေ မလိုအပ်ပေမယ့်လို့ ကျနသည့်အစီအမံတရပ်ဖြင့် ဆွဲဆောင်သိမ်းသွင်းပြီး တည်ဆောက်ယူရမှာ ဖြစ်တယ်။ အထူးသဖြင့်တော့ တိုင်းနိုင်ငံတွေရဲ့ လိုလားချက်တွေကို အခြားသော နိုင်ငံတွေမှ အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက်ခြင်းကို ရှောင်ကြဉ်ပြီး ရလဒ်ကောင်း ထွက်ပေါ်လာဖို့ရာအတွက် သိမ်မွေ့သောနည်းလမ်းဖြင့် ကိုင်တွယ်ခြင်းဟာ soft ပါဝါကို လက်တွေ့ ကျ ကျ ကျင့်သုံးခြင်းပဲဖြစ်တယ်။
တရုတ်ပါဝါ အင်အားကြီးထွားလာခြင်းဟာ အမေရိကန်ပြည်ထောင်စုအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲဆိုသည့် အမြင် နှင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုနဲ့ သက်ဆိုင်လို့ ဆွေးနွေးငြင်းခုံကြရာဝယ် နှစ်နိုင်ငံစလုံး အပြိုင်အဆိုင်တိုးချဲ့လာကြရာ တရုတ်ပြည် ရဲ့ soft ပါဝါ ထင်းထင်းကြီးထိုးထွက်လာတာကိုက မငြင်းကွယ်စတမ်းပြောရရင် ပြဿနာတရပ်အနေနဲ့ကို မေးခွန်းထုတ်စရာဖြစ်လာ တယ်။ ဘက်ပေါင်းစုံကနေ သမိုင်းကြောင်းဆိုင်ရာ အဆက်အစပ်သဘောအရ တရုတ်နိုင်ငံရဲ့ soft ပါဝါကို လက်တွေ့နည်းလမ်းတွေ ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပုံတွေကို ဒီဆောင်းပါးမှ လေ့လာဆန်းစစ်ချက် ထုတ်ထားခြင်းဖြစ်တယ်။ အဆုံးသတ်ဆိုရ သော် တရုတ်နိုင်ငံအနေဖြင့် soft ပါဝါကို ဘယ်ပုံနည်းလမ်းတွေဖြင့် အကောင်းဆုံးအသုံးချပြီး နိုင်ငံတကာမျက်နှာစာ အသိုင်းအဝိုင်း မှာ အကျိုးဖြစ်ထွန်းလာတယ်ဆိုတာကို ဆင်ခြင်သုံးသပ်ကြည့်ဖို့ပဲဖြစ်တယ်။
soft ပါဝါ
တခြားသော ယှဉ်ပြိုင်ဘက်တွေကို ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်းဟာ soft ပါဝါရဲ့ထူးခြားတဲ့ စွမ်းဆောင်ရည် တရပ်လို့ဆိုရလေမလား၊ ဘယ်တိုင်းနိုင်ငံရယ်လို့မှ ဒီ ပါဝါ ဂုဏ်အင်္ဂါရပ် အမျိုးစားကို လက်ဝယ်ပိုင်ဆိုင်ထားနိုင်ခြင်းမရှိသေးဘူး။ ဆက်ဆံရေးနယ်ပယ်မှာ တဦး တယောက်ချင်းစီရဲ့သိရှိနားလည် လက်ခံထားတဲ့ သဘောထား အမြင်အတိုင်းဆိုရသော် ပါဝါရဲ့ စွမ်းဆောင်ရည်ဟာ ဆွဲဆောင်သိမ်း သွင်းနိုင်ခြင်းပဲ။ နိုင်ငံ့ ဦးသျှောင်တွေအနေဖြင့် ပါဝါကို ရည်ရှည်ဆုတ်ကိုင်ထားနိုင်ဖို့ရာအတွက် ကျနသည့် အစီစဉ်တရပ်ကို နှီးနှော တိုင်ပင်၍ ဆုံးဖြတ်တည်ဆောက်ယူရမှဖြစ်တယ်။ သြဇာတိက္ကမဆုတ်ယုတ်ချိန် နဂိုအနေအထားတရပ်ကို ပြန်လည်ရရှိလာဖို့ရာ အ တွက် soft ပါဝါ ဟာ အခရာကျလှသလို အခြားသော နည်းနာတွေဖြစ်တဲ့ ခြိမ်းခြောက် (သို့) ကမ်းလှမ်းမှု အစရှိတဲ့ hard ပါဝါရဲ့ စွမ်းပ ကားဟာလည်း အလားတူ သြဇာလွှမ်းမိုး ခြယ်လှယ်နိုင်ခြင်းကို ရနိုင်ကောင်းတန်ရဲ့။
soft ပါဝါရဲ့ကိုယ်စားပြုမှုဟာ ဆွဲဆောင် သိမ်း သွင်းခြင်း (သို့) လားရာ အမြင်တူညီမှုမရှိတဲ့ လူပုဂ္ဂိုလ်တွေရဲ့ တည်ရှိမှုအနေအထား တရပ်ကို ရွေ့ပြောင်းသွားအောင် လုပ်နိုင်စွမ်းရည်ထက်ကို သာလွန်သော်ငြား တည်ရှိမှု ကိုယ်ထည်အတွင်းသဘောအရ သိမ်မွေ့လှ သည့်အတွက် အတိမ်းအစောင်းမရှိအောင် ဂရုထားကိုင်တွယ်ရမှာဖြစ်တယ်။ soft ပါဝါ ရေသောက်မြစ်ကိုယ်ထည်မှ တိမ်းညွတ်လာနိုင် ဖွယ် ဂုဏ်အင်္ဂါရပ်တွေ ခက်ဖြာဝေဆာနေရသည့် အကြောင်းရင်းခံက တည်စမူလ သန္ဓေသား၌ ဆွဲဆောင်သိမ်းသွင်း ဖြားယောင်းခြင်း ဆိုတဲ့ စွမ်းရည် ကိန်းဝပ်ခိုအောင်းနေတတ်ပြီး ရံဖန်ရံခါဆိုသလိုမျိုးမှာတော့ hard နှင့် soft ပါဝါ နှစ်မျိုးစလုံး တပြိုင်နက်ပေါ်ထွက်လာ နိုင်ချေရှိတယ်။ ပုံပမာနှိုင်းပြောရရင်တော့ တောင့်တင်းခိုင်မာတဲ့ စီးပွားရေးတရပ်ကနေ အကျိုးအမြတ်ရလဒ်တွေဖြင့် မက်လုံးပေး သိမ်း သွင်းခြင်းဟာ အထမြောက်တဲ့ သေနင်္ဂဗျူဟာတရပ်လို့ဆိုရလေမလားပဲ။
နှစ်သက်ရာ နိုင်ငံရွေးချယ်ပြီး လူထု သဘောထား စစ် တမ်းကောက်ယူ တိုင်းတာခြင်း (သို့) အစုအဖွဲ့လိုက် ခွဲခြမ်းစိတ်ဖြာ ဆန်းစစ်ခြင်း ဖြင့်လည်းကောင်း၊ လိုလားသည့် ရည်မှန်းချက်တွေ ထွက်ပေါ်လာနိုင်ဖို့ရာအတွက် မူဝါဒတွေ ရေးဆွဲချမှတ် အကောင်ထည်ဖော်ရာ၌ လည်းကောင်း အထူးသဖြင့် soft ပါဝါရဲ့ ဆွဲဆောင်နိုင်ရည်နှင့် အသီးအပွင့် အနှစ်သာရဟာ ထင်ရှားပေါ်လွင်စွာ ချွန်းထွက်လာမှာဖြစ် တယ်။ ပါဝါ ဖွဲ့စည်းတည်ဆောက်ပုံအရကိုသဏ္ဌာန်မတူ ကွဲပြားခြားနားပြီး ထွက်ပေါ်လာနိုင်သည့်တိုင် ပါဝါ ဖြန့်ကျက်နိုင်မှု ပမာဏနှင့် ပါဝါရဲ့ စရိုက်ကြန်အင် လက္ခဏတို့ကြား ခြားနားလှစ်ဟမှုကြောင့်နဲ့တော့ soft ပါဝါ တမျိုးတဖုံ သွေဖယ်သွားနိုင်ခြင်းမရှိဘူး။ ပမာပြု သည့် အနေဖြင့်ဆိုရသော် ၁၉၄ဝ ခုနှစ် ပြင်သစ် မကျရှုံးခင်ကာလများအတွင်း ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့ဟာ ဂျာမဏီနိုင်ငံထက် တင့် ကားစီးရေပိုမိုများပြားသော်ငြား စစ်အင်အား စွမ်းဆောင်နိုင်ရည် တခုတည်းကိုသာကြည့်ပြီး တိုက်ပွဲအဆုံးဖြတ်လားရာကို ဆုံးဖြတ်နိုင် စွမ်းမရှိခဲ့ကြဘူး။
နိုင်ငံတကာရဲ့ နိုင်ငံရေးမျက်နှာစာမှာ soft ပါဝါ အခန်းကဏ္ဍတရပ် အခိုင်အမာခြေကုပ်ယူထားနိုင်ပြီး အသီးအပွင့်တွေ ဝေဆာလန်း ဆန်းနိုင်ဖို့ရာအတွက်ကတော့ အဖွဲ့အစည်း (သို့) နိုင်ငံတွေဟာ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေကို တန်ဖိုးထားထိန်းသိမ်း တတ် နိုင်ဖို့အရေးနဲ့ ဒါ့အပြင် ခိုင်းနှိုင်းတင်စားပြီး ကိုယ့်နိုင်ငံ ရပ်ဝန်းထဲမှာတင် မူဝါဒရေးဆွဲ လေ့ကျင့်ပျိုးထောင် တည်ဆောက်ယူခြင်းနှင့် အခြားသော နိုင်ငံတကာဆက်ဆံရေး နယ်ပယ်ဝန်းကျင်မှာလည်း ထုံးမူနှလုံးသွင်းပြီး တသားတည်းကျအောင် ကိုင်တွယ်စီမံရမှာဖြစ် တယ်။ soft ပါဝါကို ကျနစွာ အသုံးပြုနိုင်ဖို့အရေးနှင့် ကိုင်တွယ်ထိန်းချုပ်ရ ခက်ခဲသည့် ပြဿနာရပ်တွေကို အစိုးရတွေအနေဖြင့် အခါ ခွင့်သင့်တိုင်းဆိုသလို ကြုံတွေ့လာရနိုင်ဖွယ်ရှိသည့်တိုင် အခရာကျမှုကိုတော့ ပစ်ပယ်နိုင်စွမ်းမရှိပါဘူး။ ယဉ်ကျေးမှု (ဘယ်ရပ်ဝန်းမှာ အခြေချနေထိုင်သူတွေကိုမဆို ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်းရှိခြင်း)၊ နိုင်ငံရေး စံသတ်မှတ်ချက် (နိုင်ငံတွင်းမှာသာမက တိုင်းတပါးရပ် ခြားမှာပါ လက်ခံလိုက်လျော နိုင်စွမ်းရှိခြင်း) နှင့် နိုင်ငံခြားရေးဆိုင်ရာမူဝါဒ (နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အမြင်မှာ တရားဝင်သဘော အသွင်ဆောင်ခြင်းနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာအရ တန်ဖိုးထားမြတ်နိုးခြင်း) ဆိုတဲ့ အခြေခံဒေါက်သုံးတိုင်ဟာ နိုင်ငံတိုင်းကိုယ်စီမှာရှိတဲ့ soft ပါဝါနဲ့ သက်ဆိုင်သည့် အကြောင်းချင်းရာတွေသာလျင်ဖြစ်တယ်။
တရုတ် soft ပါဝါ
လိုက်လျောညီထွေမှုရှိစွာ ပေါင်းစပ်ဖွဲ့စည်းနိုင်မှု စွမ်းဆောင်နိုင်ရည်တွေကြောင့်သာ မကြာသေးမီ နှစ်အပိုင်းခြားလေးအတွင်းမှာတင် တရုတ် soft ပါဝါ တမုဟုတ်ခြင်း သိသာထင်ရှားစွာ တိုးတက်ပြောင်းလဲလာရခြင်းဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ ထုံးတမ်းတွေဟာ အစဉ်တလျှောက်လုံးဆိုသလို နေရာအနှံ့ လွှမ်းမိုးနိုင်ခဲ့သည့်တိုင် ခုနေခါများမှတော့ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု တရပ်က တရစပ်ထိုးဖောက် ခြေကုပ်နေရာယူနေပြီ ဖြစ်တယ်။ လတ်တလောကတင် ဂန္တဝင်စာပေနဲ့ ဆက်နွယ်လို့ နိုဘယ်ဆု ရရှိခဲ့တဲ့ ဂန္တဝင် တရုတ် စာရေးဆရာ ဂွမ်ဆင်ကျန်နှင့် တရုတ် ရုပ်မြင်ဇာတ်လမ်းဖြစ်တဲ့ ချောင်းနေတဲ့ ကျား၊ ဝှက်နေတဲ့ နဂါးဟာ အင်္ဂ လိပ် မ ဟုတ်တဲ့ဇာတ်ကားထဲမှာမှ အတော်လေးကို ထွန်းထွန်းပေါက်အောင်မြင်မှုရခဲ့ခြင်း၊ တရုတ်ပြည်ရဲ့ ထိပ်တန်း ဘတ်စကတ်ဘော အား ကစားသမား တဦးလို့ဆိုရမယ့် ယာအိုမင် ဆိုရင် မိုက်ကယ်ဂျော်ဒန် လိုပဲအောင်မြင်မှုတွေကို ပွေ့ပိုက်ထားနိုင်သလို အိမ်ရှင်အဖြစ်နဲ့ လည်း တရုတ်ပြည်ဟာ ၂ဝဝ၈ ခုနှစ် အိုလံပစ် ပွဲတော်ကိုကျင်းပနိုင်ခဲ့တယ်။
ပင်လယ်ရပ်ခြားတိုင်းတပါးမှာ ပညာလေ့လာဆည်းပူးနေသူ တရုတ်ကျောင်းသားဦးရေဟာ လွန်ခဲ့သည့် ဆယ်စုနှစ်တာကာလအတွင်း မှာပဲ ၃၆,ဝဝဝ မှ ၁၁ဝ,ဝဝဝ ထိသုံးဆ တရှိန်တိုးထိုးတက်သွားခဲ့ခြင်းနှင့်အတူ ပြည်မကြီးသို့ လာရောက်လည်ပတ်သူ တိုင်းတပါးသား ဦးရေဟာဆိုရင်ဖြင့် တမြန်နှစ်က ၁၇ သန်းနီးပါးဝန်းကျင်ခန့်ရှိတယ်လို့ ဆိုထားတယ်။ တရုတ်ပြည်ဟာ ကွန်ဖြူးရှပ် အဖွဲ့အစည်းပေါင်း ၂ဝဝ ခန့်ကို ကမ္ဘာတဝှမ်းတည်ထောင် ဖွင့်လှစ်ထားပြီး ဘာသာစကားနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာတွေကို ဖြန့်ဖြူးနေ ခြင်းနှင့် နေ့စဉ်ဆိုသလို တရုတ်ရုပ်သံလွှင့်ဌာနမှ ၁၉ နာရီ နီးပါး ထုတ်လွှင့်နေသည့်အတွက် အမေရိကန် ရုပ်သံလွှင့်ဌာနအနေဖြင့် အ တော်လေး ထိခိုက်မှုတွေရှိခဲ့သလို အင်္ဂလိပ်ဘာသာ အစီအစဉ်ဖြင့်လည်း ၂၄ နာရီ ပတ်လုံး လေလှိုင်းမှတိုးချဲ့ ထုတ်လွှင့်လုပ်ဆောင် နိုင်ခဲ့တယ်။
မော် ရဲ့ နိုင်ငံရေးဆိုင်ရာ နှုန်းစံ တန်ဖိုးတွေဟာ ခပ်လှမ်းလှမ်း အတိတ်မှာကျန်နေရစ်သည့်တိုင် အာဏာရှင်စနစ်ကတော့ ခုချိန်ထိ ကြွင်းကျန်ရစ်နေသော်ငြား ဘောဂဗေဒ နိုင်ငံရေးနယ်ပယ်မှာတော့ အတော်လေးကိုခရီးပေါက်နေပြီး တနှစ်အတွင်း အသားတင် ပြည် တွင်းထုတ်ကုန်ဟာ ကုန်လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုတာကာလထက်ကို သုံးဆတိုး ခုန်တက်ကျော်လွန်အောင် လုပ်ဆောင်သွားနိုင် သည့်အတွက် တခြားသော ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဆွဲဆောင်မှု မက်လုံးတွေပေးနိုင်ခဲ့တယ်။ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကမှ တချို့သောနိုင်ငံတွေရဲ့ ပီကင်း သဘောတူညီချက်အရ အာဏာရှင် အစိုးရနှင့် ဈေးကွက် စီးပွားရေး ရောထွေးကျင့်သုံးပေါင်းစပ်မှုဟာ အစောပိုင်းကာလ အတော်လေး သြဇာလွှမ်းမိုး သက်ရောက်နေတဲ့ ဝါရှင်တန် သဘောတူညီချက်နဲ့ တသားတည်းလို့ဆိုရလောက် သည့် ဒီမိုကရက်တစ် အစိုးရတွေရဲ့ ဈေးကွက်စီးပွားရေးဖြစ်စဉ်ထက်စာရင် ပိုပြီးထင်ရှားအောင်မြင်တယ်လို့တောင်ဆိုရလောက်မယ်။
၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေး အကျပ်အတည်းဖြစ်စဉ်ကြောင့် စီးပွားရေးဆိုင်ရာ ထောက်ပံ့ကူညီမှုအပြင် ဈေးကွက် ပြန်လည်ဦးမော့လာနိုင် ဖို့ရာအတွက် ဆွဲဆောင်သိမ်းသွင်းမှုတွေကို တရုတ်ပြည်အနေနဲ့ တဖန်အားတင်းဖြည့်နေရတယ်။ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းထဲ ဝင်ရောက်ပူးပေါင်းဆောင်ရွက်စဉ်မှစ၍ ကမ္ဘာ့ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ လုပ်ငန်းးဆောင်တာအတွက် စစ်သည် ၃ဝဝဝ ဝင်ရောက်
ထည့်သွင်းကူညီခဲ့ခြင်း၊ သံတမန်နည်းလမ်းအရ နျူကလီယား လက်နက်မပျံ့ပွားရေး အစီမံဖြစ်မြောက် အကောင်ထည်ဖော်လာအောင် အားသွန်ခွန်စိုက်လုပ်ဆောင်ခြင်း (မြောက်ကိုရီးယားနှင့်စေ့စပ်ညှိနှိုင်းရာဝယ် အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်ပေးခြင်း)၊ အိမ်နီးချင်း တိုင်းနိုင်ငံများနှင့် အချုပ်အခြာပိုင်ဆိုင်မှု အငြင်းပွားဖွယ်ရာ ပြဿနာရပ်ကို ပြန်လည်တည်ဆောက်ယူခြင်းအပြင် နောက်ဆုံးအနေနဲ့ ပမာပြုပြောဆိုရသော် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲဖြစ်တဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အစရှိသည့် ပြုမူလုပ်ဆောင်ချက်တွေဟာ သံခင်းတမန်ခင်းဆိုင်ရာ ကျင့်ထုံးနည်းနာတွေမှာ တရုတ်ပြည်ဟာ ကျွမ်းကျင်လိမ္မာလှပြီး သဟဇာတ ကိုက်ညီမှုရှိခြင်းကြောင့် ရှည်ကြာလှပြီဖြစ်တဲ့ ဆယ်စုနှစ်လွန်ကာလတွေထဲက ဝင်ရိုးပေါင်းစုံကို ထိန်းညှိထားနိုင်သည့်အတွက် အိမ်နီး ချင်းတိုင်းနိုင်ငံများနှင့် လိုက်လျောညီထွေမှု ရှိလှတယ်လို့ဆိုရမှာ ဖြစ်တယ်။
တရုတ်ပြည်ရဲ့စီးပွားရေးနှင့် စစ်ရေး စွမ်းဆောင်ရည်ဟာ အမေရိကန် ပြည်ထောင်စုကို မမှီသော်ငြားလည်း တရုတ် soft ပါဝါ ခုနေချိန် ခါထိကို အောင်ပွဲခံ ခရီးရှည်ချီတက်နေတုန်းဆိုတာ ယုံမှားသံသယ မရှိရလောက်အောင်ကို ထင်ရှားပေါ်လွင်ကြောင်း ချီကာဂို အဖွဲ့ ကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောထား စစ်တမ်းကောက်ယူချက်အရ ဖော်ပြပါရှိထားတယ်။ တရုတ်ပြည်အနေနဲ့ ဟောလီးဝုဒ် ဓာတ်ရှင် လောကလို ယဉ်ကျေးမှုထုတ်လုပ်ဖြန့်ဖြူးသည့် အလုပ်ရုံမရှိခြင်း၊ အမေရိကန်ပြည်ထောင်စုနှင့် နှိုင်းယှဉ်ပြိုင်နိုင်ရလောက်အောင် ညီမျှ သည့် တက္ကသိုလ်တွေမရှိခြင်းအပြင် အမေရိကန် soft ပါဝါကို မောင်းနှင်ခုတ်မောင်းနေသည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတွေရဲ့ ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက်မှုပိုင်းမှာလည်း အတော့်ကိုအားနည်းတာတွေ့ရတယ်။
အကျင့်ပျက် ခြစားမှု၊ မညီမျှမှုနှင့် ဒီမိုကရေစီစနစ်၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးမှုပိုင်းဆိုင်ရာ အားနည်းချို့ယွင်းမှုတွေကြောင့် တရုတ်ပြည်ဟာ နိုင်ငံရေးဆိုင်ရာအရ ထိခိုက်နာကျင်မှုတွေနဲ့ ကြုံဆုံနေရခြင်းဖြစ်တယ်။ တရုတ်ပြည်ရဲ့ soft ပါဝါ အနောက်ဥရောပ နိုင်ငံတွေထက်ကို သာလွန်နေပြီဆိုတဲ့အချက်က အာဏာရှင်အစိုးရတွေနှင့် ဖားတပိုင်းငါးတပိုင်းဖြစ်နေတဲ့ ဖွံ့ဖြိုးဆဲအာဏာရှင် တိုင်း ပြည်အများစုကို ပီကင်း သဘောတူညီချက် ကျင်းပပြုလုပ်နေစဉ်အတွင်းမှာပဲ ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့တယ်။ နည်းနာသစ် သံတမန် ရေးဆိုင်ရာ ထုံးတမ်းတွေနှင့် အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေကို တိုးချဲ့စည်းရုံးနိုင်ခဲ့သည့်တိုင် တရုတ်ပြည်အနေဖြင့် ဥရောပ နိုင်ငံတွေ လက်နက်ရောင်းချမှုကို လျော့ပါးလာအောင် မက်လုံးပေး ဆွဲဆောင်နေချိန် ထိုင်ဝမ်အပေါ် ကျင့်သုံးဆက်ဆံရာဝယ် hard ပါဝါကို ရပ်တည်ကိုင်ဆွဲ ကျင့်သုံးထားတယ်။ တရုတ်ပြည်အနေနဲ့ ပြည်တွင်းရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ခုချိန်ထိ ကျော် လွှားနေရာ တခြားသော တိုင်းနိုင်ငံတွေကို ဆွဲဆောင်သိမ်းသွင်းရာမှာ အကန့်သတ်အနေနဲ့သာ လုပ်နိုင်စွမ်းရှိပေမယ့် အသီးအပွင့်တွေ ကို မိုက်မဲစွာလျစ်လျူရှုမယ့် သူကတော့ ရှိစမြဲပါပဲ။
ဆက်ရန်…
Reference: Hard Decision on Soft Power
Opportunities and Difficulties for Chinese Soft Power
By Joseph Nye, Wang Jisi
Agriculture, Vol. 31 (2)- Summer 2009 Issue
Havard Internation Review
http://hir.harvard.edu/index.php?page=article&id=1905&p=1
အခြားသတင်းနှင့်ဆောင်းပါးများ
ထပ်စင်ကမ္ဗောဒီးယားကို သွားလည်တော့မယ်
တိမ်သလာ ဖုံးလွှမ်းနေတဲ့ မြန်မာပြည်
ထပ်စင်ကို အလုပ်ခန့်လိုက်လို့ ကမ္ဗောဒီးယားဆိုင်ရာ ထိုင်းသံအမတ်ကြီးကို ထိုင်းနိုင်ငံက ပြန်ခေါ်
တရုတ်-အရှေ့တောင်အာရှ ဆက်ဆံရေး
ထပ်စင် ကို ကြံပေး ခန့်လိုက်ပြီ
ခေတ်သစ် အာရှ (၂)
ခြေနှစ်ချောင်းနဲ့လမ်းလျှောက်ခြင်း
အိမ်နီးခြင်းနိုင်ငံတွေကိုတော့ သွားကိုသွားရမယ်လို့ ချာဗာလစ် ပြော
နိုင်ငံတကာဘာသာပြန် စာမျက်နှာသို့
|