ဆေးကု၍ မရတော့ပါ
ခင်ငြိမ်းသစ်
post by Saturday, October 24, 2009
နိုင်ငံတနိုင်ငံမှာ ကျန်းမာရေးကဏ္ဍကို မည်သူတာဝန်ယူရပါသလဲ၊
တာဝန်ယူမှုရော အမှန်တကယ် ရှိပါရဲ့လား၊ ဆေး လုံးဝမရှိသော
ဆေးရုံ၌ ဆရာဝန်၊ ဆရာမ ဆိုသည်မှာ မည်သည့်အဓိပ္ပာယ် သက်
ရောက်ပါသလဲ။
မြန်မာနိုင်ငံ၌ ဆေးရုံရှိပေမယ့်လည်း ဆေးမရှိပါ။ ဆေးရုံတွေမှာ ဆ
ရာဝန်တွေရှိပေမယ့် ဆေးမရှိတဲ့အတွက် ဆေးကုသဖို့အခက်အခဲ
တွေ ရှိနေပါတယ်။ ပိုက်ဆံ တတ်နိုင်တဲ့လူတွေကတော့ ကိုယ့်ဆေး
ကိုယ်ဝယ်နိုင်တဲ့အတွက် ဆေးကုသပြီး ရောဂါပျောက်ကင်းနိုင်ပေ
မယ့် ပိုက်ဆံမတတ်နိုင်သူတွေအဖို့ ဆေးမဝယ်နိုင်တဲ့အတွက် လူပါ
ပျောက်သွားကြရပါတယ်။
မှတ်မှတ်ရရ ၂၀၀၇ ခုနှစ်အတွင်းက ကျမရဲ့သမီး အငယ်မလေး ဝမ်းသွားလို့ကလေးဆေးရုံကို သွားရပါတယ်။ ကျမရဲ့သားကြီးကိုတော့
သူ့ကြီးတော်အိမ်ကို ပို့ထား။ ကလေးနဲ့ကျမတို့လင်မယား ဆေးရုံကိုပြေးရပါတယ်။ ဆေးရုံရောက်တော့ တာဝန်ကျဆရာမက ဆေးရုံ
တက်ဖို့ လိုတယ်ဆိုလို့ ကလေးကို ဆေးရုံတင်ရပါတယ်။
ကျမတို့တက်ရမယ့် Word ကိုရောက်တော့ တာဝန်ကျဆရာမက ကျမတို့ကို ဆေးဝယ်ဖို့ တတ်နိုင်လားလို့ မေးပါတယ်။ ကျမတို့က ဝယ်
နိုင်တယ်ဆိုတော့ ဆေးစာရေးပေးပါတယ်။ ဓာတ်ဆားကစပြီး ဆပ်ပြာအထိ အကုန်ဝယ်ရပါတယ်။ ကလေးအဖေက သွားဝယ်နေတုန်း
ကျမက နေရာချဖို့ ကြိုးစားရပါတယ်။
လူနာအရေအတွက်နဲ့ ကုတင်အရေအတွက် မညီမျှလို့ ကုတင်မရတဲ့ လူတွေ အတော်များပါတယ်။ ကျမလည်း ကုတင်မရပါဘူး။ ဒီတော့
ကလေးနဲ့ အထုပ်အပိုးတွေနဲ့ ယောင်ချာချာ ဖြစ်နေပါတယ်။ ကလေးအဖေ ပြန်ရောက်လာတော့ ဆေးဘိုးက ကျပ် ၂ သောင်းလောက်
ကျတယ်ပြောပြီး ပခုံးတွန့်ပြပါတယ်။ ကျမတို့နှစ်ယောက် တယောက်ကအထုပ်အပိုးစွဲ နောက်တယောက်က ကလေးချီပြီး မတ်တတ်ရပ်
နေရပါတယ်။
ကျမတို့ ၂ ယောက်ရဲ့ အဖြစ်ကိုကြည့်ပြီး ဘဝတူမိခင်တဦးက အကြံပေးပါတယ်။ တာဝန်ကျသူနာပြုကို ငွေ ၂၀၀၀ ကျပ်ပေးလိုက်ရင်
ဘေးဘက်မှာ ခုံတန်းထိုးပေးတယ်တဲ့။ ဒါနဲ့ကျမလဲ ဆရာမဆီပြေးပြီး လုပ်စရာရှိတာကို မြန်မြန်ဆန်ဆန် လုပ်ရပါတယ်။ အဲဒီတော့မှ
ဧည့်ထိုင် ခုံတန်းရှည်နှစ်လုံးကို ကော်ရစ်တာမှာ ဘေးကပ်ပြီး ထိုးပေးပါတယ်။ ပြီးတော့ ဆရာမကပြောသွားပါတယ်။ မနက်ဖြန် ဆင်း
ရမယ့် လူနာတွေရှိတယ်။ အဲဒီအခါကျရင် ကုတင်ရမယ်တဲ့။ ဘာပဲဖြစ်ဖြစ် အခုမှ ကျမနေရာချလို့ ရသွားတော့ စိတ်အေးသွားပါတယ်။
အချိန်ကလဲ ည ၂ နာရီထိုးနေပြီ။ သူ့အဖေကလဲ ပြန်ရမယ်၊ ဧည့်ကလဲနှင်နေပြီ၊ နေရာသာ မရရင်ကျမတော့ ဒုက္ခပဲပေါ့။
နေရာရလို့ အိပ်ပျော်နေတဲ့ကလေးကို ခဏချပြီး ဓာတ်ဆားရည်ဖျော်၊ ဆေးတိုက်ဖို့ ဆေးဖျော်လုပ်နေတုန်း သမီးက စူးစူးဝါးဝါး ငိုပါ
တယ်။ ဒါနဲ့ စိတ်ပူပြီး ကလေးကိုကြည့်လိုက်တော့ ခလေးရဲ့ကျောကုန်းမှာ ကြမ်းပိုးတွေပါ။ ကျမလဲ ခလေးကို ဆေးအမြန်တိုက်ပြီးတော့
ချီထားလိုက်ရပါတယ်။ ခုံပေါ်ကိုလဲ သတင်းစာစက္ကူ တွေခင်းပြီးမှ ထိုင်လိုက်ပါတယ်။ သို့သော်လည်း ကြမ်းပိုးကတော့ မနေပါဘူး။ သ
တင်းစာစက္ကူပေါ် ရောက်အောင်လာပြီး ကျမကိုတွယ်တာပါပဲ။ ကျမလဲ ကြိတ်မှိတ်ခံနေရတာ မသက်သာလှပါဘူး။
ကျမရဲ့အဖြစ်အပျက်ကို ကိုယ်ချင်းစာတဲ့ ကလေးမိခင်တဦးက သူ့သားလေးရဲ့ ကုတင်ပေါ်မှာကျမသမီး လာချထားဖို့ခေါ်ပါတယ်။ ကျမ
လဲ ဟန်မဆောင်နိုင်ပါဘူး။ လက်ကလဲ အရမ်းညောင်းနေပြီဆိုတော့ သမီးကို ချထားလိုက်ပါတယ်။ ဒီလိုနဲ့ သူနဲ့ကျမ စကားတွေ ပြော
ဖြစ်ပါတယ်။
သူက ကလေး ၄ ယောက်ရဲ့ မိခင်ဖြစ်တယ်တဲ့။ အခုတော့ ကလေးအကြီး ၃ ယောက်က အိမ်မှာ ကျန်ခဲ့တယ်တဲ့။ သူ့ကိုကြည့်ရတာ နွမ်း
ပါးပုံရတယ်လေ။ ဒါနဲ့ ကျမက ကလေးဘာရောဂါဖြစ်လို့လဲဆိုတော့ ဝမ်းရောဂါဖြစ်တာတဲ့။ စရိတ်စကတွေ ကြီးပြီးဝင်ငွေနဲ့ ထွက်ငွေမမျှ
တတဲ့ ခေတ်မှာ လင်မယား ၂ ယောက်လုံး အလုပ်လုပ်ရတယ်လေ။ သူ့ယောက်ျားက နေ့စားဆေးသုတ်သမား၊ သူက ရပ်ကွက်ထဲမှာ
အဝတ်လိုက်လျော်ရတယ်တဲ့။ ၂ ယောက်လုံးမအားတော့ ကလေးအကြီးတွေက ကလေးအငယ်ကိုထိန်းရတာပေါ့။ သူတို့နေရတာက
ရွှေပြည်သာက ဆင်းရဲသားရပ်ကွက်ကလေး။ ဒီတော့ တရပ်ကွက်လုံးမှာ ယင်လုံအိမ်သာ ဆောက်နိုင်တဲ့လူက နည်းတယ်။ အများအား
ဖြင့်တော့ ဖြစ်သလို အိမ်သာတွေပဲ များတယ်။ ဒီတော့ ယင်ကောင်တွေက တဝုန်းဝုန်းနဲ့ပေါ့။ ကလေးက ကလေးကို ထိန်းတာဆိုတော့
အများကြီး ဘယ်နားလည်မလဲ။ ကလေးငြိမ်နေရင် ပြီးတာပဲ။ ဒါမှလဲ သူတို့ ဆော့လို့ ကစားလို့ ရတာကိုး။ အဲဒီလိုနဲ့ကလေးက ဝမ်းသွား
ရော။ သူတို့ကဆေးခန်းပြရင် စရိတ်ကြီးတော့ ရပ်ကွက်ထဲက ဆိုင်ကဆေးဝယ်ဝယ်တိုက်နေတာပေါ့။ နားလည်တဲ့လူတွေက ဓာတ်ဆား
တိုက်ဆိုတော့ တိုက်လိုက်တာပဲတဲ့။ ဒါပေမယ့် ဓာတ်ဆားထုပ်တထုပ်ကို ၅၀၀ ကျပ်ဆိုတော့ တထုပ်ဝယ်ပြီး ၃ ရက်တိုက်သတဲ့လေး။
နောက်ဆုံးကလေးက အန်လိုက်၊ ဝမ်းသွားလိုက်၊ ဗိုက်နာ လို့ငိုလိုက်နဲ့ ဆိုတော့ နဲနဲပါးပါး နားလည်တဲ့လူတွေက ဆေးရုံသွားခိုင်းလို့
ရောက်လာတာတဲ့။ ဆေးရုံရောက်တော့ ဆရာဝန်မကပြောတယ်တဲ့ ရှင်တို့ကလေး ကံကောင်းလို့တဲ့၊ အဲဒီတော့မှပဲ သူအရမ်းကြောက်
သွားတာတဲ့။
ကျမလဲ သူပြောတာကို နားထောင်နေရင်း မောသွားမိတယ်လေ။ ဟုတ်တယ်။ မြန်မာပြည်မှာ ကျန်းမာရေးအသိပညာပေးမှု နည်းပါး
တယ်။ ကျန်းမာရေးဌာန တွေက လူထုထဲအထိဆင်းပြီး ပညာမပေးနိုင်ကြဘူး။ အစိုးရက ခွင့်မပြုဘူးဆိုရင် ပိုမှန်မှာပေါ့။ ကျန်းမာရေးနဲ့
ပတ်သက်တဲ့ ဂျာနယ် ၃ မျိုး ၄ မျိုးလောက် ထွက်ပေမယ့် စာစောင်တစောင်ရဲ့တန်ဖိုးက ကျပ် ၄၀၀၊ ကျပ် ၅၀၀ ဆိုတော့ လက်လုပ်
လက်စားတွေ ဝယ်မဖတ်နိုင်ကြပါဘူး။ အခြေခံကျတဲ့ လူတန်းစား အတော်များများက ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိနည်းပါးကြ
တယ်လေ။ ပြီးတော့ ဆေးစပ်ရောင်းတဲ့ဆိုင် အတော်များများက ဆေးပညာနဲ့ ပတ်သက်လို့ အများကြီး နားမလည်ကြဘူး။ စီးပွားဖြစ်ပြီး
ရော ရောင်းတဲ့လူတွေ အတော်များများရှိတော့ အဲဒါက အန္တရာယ်ကို လက်ယပ်ခေါ်နေတာပါပဲ။
ကျမတို့စကားပြောနေတုန်း လူနာလှည်းလေးတခု ဝင်လာတယ်။ Night Duty ကျတဲ့ ဆရာဝန်တွေရော ဟောက်ဆာဂျင်တွေရော ပြာ
ယာခတ်ကုန်ကြတယ်။ ဒါနဲ့ ကျမတို့လဲ စကားပြတ်ပြီး အာရုံတွေက ခုနလူအုပ်ဆီကို ရောက်သွားတယ်။ ကြည့်ရတဲ့ပုံကတော့ အရေး
ပေါ် ဖြစ်ပုံရတယ်။
ဒါနဲ့ ကျမလဲ အိပ်ပျော်နေတဲ့ သမီးကိုခဏကြည့်ထားဖို့ အုပ်ထားပြီး မိန်းမတို့သဘာဝ သွားစပ်စုလိုက်ပါတယ်။ လူနာက ၆ လသားအ
ရွယ်ကလေးငယ်လေးပါ။ သွေးလွန်တုပ်ကွေးဖြစ်တာတဲ့။ နှာခေါင်းထဲက သွေးစအချို့ ထွက်နေပါတယ်။ ကလေးငယ်က လှုပ်ရှားမှုလဲ
မရှိပါဘူး။ ဆရာဝန်တွေကတော့ စိုးရိမ်ရတဲ့ အခြေအနေလို့ ပြောပါတယ်။ သွေးသွင်းဖို့ အရေးတကြီး လိုတယ်တဲ့။ သွေးလှူဘဏ်မှာ
သွေးတပုလင်းကို ၆၀၀၀ ကျပ်နဲ့ ဝယ်ရမယ်လို့ ဆရာဝန်က ပြောပါတယ်။ ဒီတော့ လူနာကလေးငယ်ရဲ့ မိခင်လန့်ဖြန့်သွားပါတယ်။ ပြီး
တော့မှ တိုးညှင်း အားနည်းတဲ့အသံနဲ့ ငွေ ၆၀၀၀ ကျပ် မတတ်နိုင်ကြောင်း ပြောပြပါတယ်။ ဆရာဝန်ခင်မျာ အကြံအိုက်သွားပုံရပါတယ်။
သူ့ခေါင်းပေါ်က ဆံပင်တွေကို ဖွလိုက်ပြီး ခဏဆိုပြီး လက်ပြပြီး ထွက်သွားပါတယ်။ ကလေးငယ်ရဲ့ မိခင်ခမျာ ကြိတ်ကြိတ်ရှိုက် နေတဲ့
အသံက တချက်တချက် ပျံ့လွင့်သွားပါတယ်။ အနားက သူနာပြုဆရာမကလေးက ကလေးအမေကိုနှစ်သိမ့်တဲ့အနေနဲ့ ခဏနေအုံး
ဆရာဝန်ကြိုးစားနေပါတယ်လို့ ပြောလိုက်ပါတယ်။ ပြီးတော့မှ ဘေးကကြည့်နေတဲ့လူတွေကို ဒီလိုပဲ သွေးလွန်တုပ်ကွေးသမားတွေက
အသည်းအသန်များတယ်။ ဒီနှစ်က သွေးလွန် တုပ်ကွေးဖြစ်နှုန်းများတယ်။ ပြီးတော့ သွေးသွင်းရတဲ့အဆင့်ကို ရောက်တဲ့လူနာများတယ်
လို့ ပြောပြီး ထွက်သွားပါတယ်။
တာဝန်ကျဆရာဝန်နဲ့ ဟောက်ဆာဂျင်လေးတွေ ခေါင်းခြင်းဆိုင်နေကြပါတယ်။ သူနာပြုတွေလဲ မနေရပါဘူး။ သွေးလှူရှင်ရလိုရငြား
Word ထဲကို ဝင်လာပြီး သွေးလှူရှင်လိုအပ်ကြောင်း ပြောပြပါတယ်။ ဒါပေမယ့် Word ထဲမှာက ညကြီးမိုးချုပ်ဆိုတော့ လူနာစောင့်မိခင်
တွေပဲ ကျန်ရစ်တာများပါတယ်။ အဲဒီမိခင်တွေကလဲ သူတို့ရင်သွေးကို စောင့်ရှောက်ဖို့ အအိပ်ပျက်၊ အစားပျက်နေကြတဲ့ လူတွေပါ။
သွေးလှူဖို့ အဆင်သင့် မဖြစ်ကြပါဘူး။ အားလုံးကလဲ ဧည့်ချိန်တုန်းကဆိုရင် အိမ်ကလူတွေကို လှူခိုင်းလိုက်ပါတယ်။ ဘာညာနဲ့ တီးတိုး
တီးတိုးပြောနေကြပါတယ်။
ဒီလိုနဲ့ ဟောက်ဆာဂျင်ထဲက ဆရာဝန်လောင်းတယောက်က သွေးလှူပေးလိုက်ပါတယ်။ ဒီလိုပါပဲ ဟောက်ဆာဂျင်တွေခမျာ ဆေးဝယ်
ဖို့ အသည်းအသန်လိုရင်လဲ ဝိုင်းပြီး ငွေစိုက်ထည့်ပေးနေကြပါတယ်။ ဆရာဝန်တွေခင်မျာလဲ အစိုးရက ဆေးမပေးတော့ ဘာမှမတတ်
နိုင်ဘူးဆိုပေမယ့် သူတို့ တတ်နိုင်တဲ့ဘက်ကနေပြီး လူနာတွေကို ကျိုးစားကုသပေးကြပါတယ်။ ဘာပဲဖြစ်ဖြစ် အသက်တချောင်း ဆက်
လက်ရှင်သန်နိုင်ခွင့်ရသွားတဲ့အတွက် အားလုံးဝမ်းမြောက်ကြပါတယ်။
ဒီလိုနဲ့ နောက်တနေ့ကျတော့ ဆရာဝန် round မလှည့်ခင်မှာ ကျမကို နေရာပေးတဲ့အမျိုးသမီးနဲ့ တခြားကုတင်က အမျိုးသမီး ၂ ဦး
ပေါင်းပြီး ဓာတ်ဆားတထုပ်နဲ့ ရေသန့်တဗူးကို ဝယ်ပါတယ်။ ပြီးတော့ ဓာတ်ဆားရည်ဖျော်ပြီး တယောက်တဝက်ပိုင်းပြီး ယူလိုက်ကြပါ
တယ်။ ဒါနဲ့ ကျမက ဘာဖြစ်လို့ အဲလိုလုပ်တာလဲဆိုပြီး မေးတော့မှ သူမက ရှင်းပြပါတယ်။ ဓာတ်ဆားရည်တထုပ်က ၅၀၀ ကျပ်၊ ရေ
သန့်တဗူးက ကျပ် ၁၅၀။ တယောက်တည်းဆိုရင် ၆၅၀ ကျပ်ကုန်ကျမယ်။ အဲဒီလောက် အကုန်မခံနိုင်ဘူး။ ၂ ယောက်စပ်လိုက်တော့ တယာက်ကို ၃၂၅ ကျပ်ပဲ ကုန်မယ်။ အကုန်အကျသက်သာအောင်လို့ပါတဲ့။ ဆရာဝန်ကပြေထားလို့ ဓာတ်ဆားတထုပ်ကို တဝက် မခွဲရဲတော့ဘူးတဲ့။ ဒါနဲ့ ကျမကဆက်ပေးလိုက်ပါတယ်။ ဒီဓာတ်ဆားကုန်ရင်ရောဆိုတော့ ဒီနေ့အဖို့ ထပ်မတိုက်တော့ဘူးပေါ့ အမ
ရယ်တဲ့။
နောက်တော့မှ တဖြည်းဖြည်း သိလာတာက သူ့ယောက်ျားက ဆေးရုံကို တနေ့ ၁ ထောင် လာပေးတယ်တဲ့။ အဲဒီငွေကို ကလေးအာဟာ
ရ၊ သူ့ထမင်းဖိုး၊ ဆေးဖိုး၊ ဓာတ်ဆားရည်ဖိုး၊ သောက်ရေဝယ်ရတာတွေ အားလုံးအတွက် မျှတသုံးနေရတာတဲ့လေ။ ဒီလိုပါပဲ။ အဲဒီ
Word ထဲမှာ အတော်များများက နွမ်းပါးတဲ့ သူတွေပါ။ ငွေကြေးကို ခြို့ခြံချွေတာပြီး အဆင်ပြေအောင် ကိုယ့်အထွာနဲ့ကိုယ် ကြိုးစားနေ
ရပါတယ်။ ဆေးရုံဆိုတာ အဆောက်အဦတခုပဲဖြစ်ပြီး ဆေးရုံကလူနာတွေကို ဘာမှမပံ့ပိုးနိုင်ပါဘူး။
သုံးရေတောင် မနက် ၉ နာရီကနေ နေ့လည် ၁၂ နာရီအထိ တချိန်လာပြီး ညနေ ၅ နာရီကနေ ည ၉ နာရီအထိ တချိန်လာတာပါ။ လူ
တွေ သိပ်များတော့ အိမ်သာတွေမှာ သန့်ရှင်းမှု အတော်နည်းပါတယ်။ ရေလာတဲ့အချိန်လေး ကိုယ့်မှာရှိတဲ့ ဗူးတွေ၊ ဇလုံတွေထဲကို ရေ
ထည့်ထားရပါတယ်။ ရေမလာတဲ့အချိန်မှာ ကိုယ်သိမ်းထားတဲ့ရေလေးကို ထုတ်သုံးရပါတယ်။
ဒီလိုနဲ့ ကျမက ၄ ရက်နေပြီး ဆေးရုံကဆင်းရပါတယ်။ သူတို့တွေကတော့ ဆေးရုံမှာ ကျန်ရစ်ခဲ့ကြပါတယ်။ သူတို့ကလေးတွေက ကျမ
သမီးထက် အခြေအနေပိုဆိုးသလို၊ ဆေးဝါးပံ့ပိုးမှုလဲ မနိုင်ကြတော့ ကလေးရဲ့အခြေအနေ တိုးတက်မှု နှေးနေပါတယ်။ ကျမပြန်တော့
သူတို့လဲ ပျင်းကျန်ခဲ့ပုံရပါတယ်။
မြန်မာနိုင်ငံမှာ ၅ နှစ်အောက်ကလေး သေဆုံးမှုနှုန်းဟာ မြင့်မားနေဆဲပါပဲ။ ဆင်းရဲမွဲတေမှုက ကျန်းမာရေးစောင့်ရှောက်မှုကို ညံ့ဖျင်းစေ
ပါတယ်။ မြန်မာပြည်မှာ ယင်လုံအိမ်သာ မသုံးနိုင်သေးတဲ့ လူအတော်များများရှိနေပါသေးတယ်။ အမှိုက်စွန့်ပစ်တဲ့စနစ်ဟာ ညံ့ဖျင်းလွန်း
လို့ ရန်ကုန်မြို့မှာ အမှိုက်အတော်များများ ရှိနေပါတယ်။ ယင်ကောင်ပေါက်ဖွားမှုနှုန်းထားဟာလဲ အလွန်ကောင်းမွန်ပါတယ်။ ရပ်ကွက်
အတော်များများမှာ ရေနှုတ်မြောင်းတွေမစီးဆင်းတဲ့အတွက် ခြင်ပေါက်ဖွားမှုကလဲ အလွန်ကောင်းပါတယ်။
သွေးလွန်တုပ်ကွေးကာကွယ်ရေးနဲ့ပတ်သက်လို့ လိုက်လုပ်ပါတယ်ဆိုတဲ့ အမျိုးသမီးရေးရာက မိန်းမတွေဟာ အဝါရောင်ဆင်တူဝတ်ပြီး
အိမ်ဝကနေ ရေလှယ်ရဲ့လား၊ ပိုးလောက်လန်းရှိသလားမေးပြီး ပြန်ထွက်သွားကြတာပါ။ WHO က ပေးတဲ့ ပိုးလောက်လန်းမပေါက်ပွား
အောင် ရေထဲထည့်တဲ့ ဆေးရှိတယ်လို့သာ အသံကြားပြီး ကျမတော့ မမြင်ဖူးခဲ့ပါဘူး။ မီးမလာ၊ ရေရှားတဲ့မြို့တော်ကြီးမှာ တပတ်တခါ
ရေလှယ်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပါ။ အတော်စွန့်စားရပါတယ်။ ကိုယ့်ရေတွေလှယ်ပြီးမှ ရေမလာလို့ကတော့ ရေဝယ်ရပြီသာ မှတ်လိုက်ပါတော့။ ဆင်ခြေဖုန်းရပ်ကွက်တွေမှာက အဝီစိတွင်းရေကို ဝယ်ကြရတာဆိုတော့ ပိုလို့တောင် နှမြောကြပါအုံးမယ်။
ဘူးသီးအစရှာမရဆိုသလို ကျန်းမာရေးစောင့်ရှောက်မှုအကြောင်း ပြောရင်းနဲ့လူထုရဲ့ စီးပွားရေးအခြေအနေဆီကို ရွေ့လျားသွားပြီး
ကဏ္ဍတိုင်းလိုလိုမှာ လိုအပ်ချက်တွေရှိနေသော စစ်အစိုးရ၏ လမ်းပြမြေပုံကား ….. ကုရာနတ္ထိဆေးမရှိပြီ … ထင့်။
ခင်ငြိမ်းသစ်
photo by: http://www.sacbee.com/static/weblogs/the_state_worker/pay-and-benefits/
|