|
ခွပ်ဒေါင်းတို့ရေးတဲ့ မနောမြေတောင်တန်းများသမိုင်း
လမ်းပေါ်၌ ကျောက်တုံးများ၊ ချိုင့်ကြီးများကို ခဲရာခဲဆစ်ကျော်ဖြတ်နေရသော ကားလေးကြောင့် ကျနော် သည် တချက်ချက် မြောက်ဆွမြောက်ဆွဖြစ်လျှက်။ စိတ်ကို သဘာဝပါတ်ဝန်းကျင် ရေမြေတောတောင် အလှ၏ အာရုံထဲ၌ နစ်မြုပ်ထားလိုက်သည်၊ အအေးပိုင်းဒေသ၏ ပေါက်ရောက်သော သစ်ပင်များက လမ်း ဘေး ၀ဲယာ၌ စိမ်းစိမ်းစိုစို ထိုးထိုးထောင်ထောင်။ ၀ါးရွက်များပေါ် တင်နေသော နှင်းခဲနှင်းဥလေးများကို ကျနော်သည် ငေးစိုက်ကြည့်လျှက်။ ဒီလမ်းက ကေအိုင်အို ဖေါက်ထားတာတဲ့၊ တရုတ်ဖေါက်ရင်တော့ ဒီ ထက် ပိုကောင်းမှာပေါ့ ဒါပေမဲ့တရုတ်က သူအတွက် အကျိုးအမြတ်မရှိဘဲနဲ့ ဘာမှမလုပ်ဘူးလေဟု သူ မှတ်ချက်ပေးနေပြန်သည်၊ မြောက်ပိုင်း ကျောင်းသားရဲဘော်လေး၏ ရှင်းလင်း ပြောဆိုမူများက တလမ်းလုံး ဝေေ၀ဆာဆာရှိလှသည်၊ သူက ကျနော်တလှည့် တရုတ်ကားမောင်သမားကို တလှည့်ဖြင့် စကားနှင့် ဖေါ်ရွေစွာပင် ရှင်းပြနေလျှက်။ သူ အရွှင်းဖေါက်သမျှ တရုတ်ကားမောင်းသမားက တ၀ါးဝါးပွဲခံ် ရီမော နေလျှက်။ ကျနော်က ပဲပင်ပေါက်စကားများကို သေခြာနားမလည်သေး၊ တံခါးဖွင့်စီးပွားရေးကြောင့် ခရီး သွားရတာ အစစ်အဆေးမရှိတော့ဘူး အကိုရေ…။ စိတ်ထဲမှာတော့ ဒီရဲဘော်လေး ရေတက်ငါးစင်ရိုင်း စိတ်ရှိတဲ့ စစ်အစိုးရ စိတ်ကို မဖတ်မိလို့ပဲ ထင်ရဲ့ဟု ကျနော့ စိတ်အစဉ်မှာ တွေးတောလျှက်၊ ဆက်ပြီးသူက အရင်တုံးကဆိုရင် စာရွက်သယ်သွားရင် စာရွက်မှာ ကျနော်တို့ မ.က.ဒ.တ စည်းတံဆိပ်ပါရင် တောင်ဖမ်း တာ။ ကျနော်ဆို မကြာမကြာအဖမ်းခံရတယ်ဟု ခရီးသွားတာဝန်ခံ မြောက်ပိုင်းကျောင်းသား ရဲဘော်လေး ရှင်းပြချက်ကို လေးလေးစားစားစိုက်၍ နားထောင်ရင်း သူ့ကိုကြည့်မိသည်၊ သူ့ဇာတိသည် မိုးကောင်းမြို့က အသက်က ၂၀ ကျော်။ မခံချင်လွန်းလို့ လက်နက်ကိုင်တိုက်ဖို့ အသက် ၁၄ နှစ်ကတည်းက တောခို လာခဲ့တာဟု သူ့ဘ၀ဇတ်ကြောင်းကို ရှင်းပြနေသည်မှာ ကျနော့်အတွက် တန်ဖိုးရှိစရာ သင်ခန်းစာ။ ရရင်ရ မရရင်တော့ ချမှပဲရတော့မည်။ ၁၉၈၈ တုံးက ဒို့လူထုက ဒီမိုကရေစီကို လမ်းမပေါ်ကနေ လက်ဝါးဖြန့် တောင်းခဲ့ကြတယ်။ ဒါပေမဲ့ ကျနော်တို့ ရခဲ့ကြတာက ဂျီသရီးကျည်ဆန်ဟု ပြောလိုက်တော့ ကျနော့စိတ်ထဲ မာတောင့်တောင့်ဖြစ်သွားသည်၊ သူ့စကားများကြောင့် ကြက်သီးတဖျန်းဖျန်းပင်ခံစားလိုက်ရသေးရဲ့။
ပင် လယ် ရေမျက်နှာပြင် အထက်အတော်မြင့်မားသော ထိုဒေသသို့ရောက်ခဲ့ရသည့်အတွက် အက်စကီမိုး လူမျိုးများသည်ပင်လျှင် ထိုဒေသ၌ အခြေချနေထိုင်နိုင်မည်ဖြစ်သော်လည်း နုနယ်ငယ်ရွယ်သော ထို ကျောင်းသား တပ်မတော်ရဲဘော်များအတွက် ကာယိက ဒုက္ခဝေဒနာကို ကြီးကြီးကျယ်ကျယ် ခံစားကြ ရမည်မှာ အသေအချာ။ နှင်းမြူများကြားမှ မုဒ်ဦးဂိတ်ဝတခုကို တွေ့လိုက်ရသည်၊ ထိုမုဒ်ဦး၌ ဒါးနှစ်လက်ကို ကြက်ခြေခတ်ထားသည်၊ သူတို့က ဒါးဒါးခြင်း၊ ကျနော်တို့ ကျောင်းသားတပ်မတော်က ဒါးဒါးခြင်း၊ လှံလှံ ခြင်း၊ ကျနော်တို့ စစ်အကျီင်္ဘယ်ဖက် တံဆိပ်က ဒါးနှင့်လှံကို ကြက်ခြေခတ်ထားသည်၊ သူတို့က ဒါးနှစ်လက် ကို ကြက်ခြေခတ်ထားသည်၊ ဂိတ်ဝကိုရောက်တော့ ကချင်စကားဖြင့် “ အန်းထဲ့ ဂျောင်မာ ဒပ်ကော့နား” ( ကျနော်တို့ ကျောင်းသား တပ်မတော်ကပါ )ဟုပြောတော့ ဂိတ်စောင့် ကေ.အိုင်.အို ရဲဘော်က မောင်းတံကို ဖွင့်ပေးလိုက်သည်၊ ကျနော် ကေ.အိုင်.အို ဗဟိုဌာနချုပ်ရှိရာ လိုင်စင်ဒေသသို့ခြေချမိပြီ၊ ယခင်က ပါဂျောင်၊ နားဖေါ့ဒေသမှာ သူတို့ ဌာနချုပ် ရှိသည်၊ ထိုဒေသရန်သူ့ လက်ထဲသို့ကျသည့်အတွက် ပါဂျောင်၏ တောင် ဘက် ရှိရာ ယခုလိုင်စင်သို့အခြေချသည်၊ ပါဂျောင်မှာဆိုရင် ၀ါး ရေ တံလျောက်ကကျတဲ့ ရေတောင် မနက် ရောက်ရင် အတောင့်လိုက်ကြီး ရေခဲသွားတယ်ခင်ဗျ ဟုပြောလိုက်တော့ ရေခဲများအပေါ်သွားနေသော ကျနော်တို့ကားဘီးကို ဖြတ်ကနဲကြည့်မိလိုက်သည်၊ မကြာခင် ဒေါင်းအလံစိုက်ရာသို့ ရောက်ရှိတော့မည်။
ရောက်ပြီဆိုတာနဲ့ စခန်းမှူးရဲဘော်ပေါက်ကွေးက ကျနော်တို့ကို အပြေးအလွှားလာကြိုသည်၊ လူကြီးတွေ အပေါ်မှာ စောင့်နေကြတယ်ခင်ဗျဟု ပြောဆိုရင်း စစ်ယဉ်ကျေးမှုအရ သူက ကျနော့်ကို အလေးပြုသည်၊ ကျနော်က လေးစားပါတယ်ရဲဘော်ဟု ပြောရင်း သူကိုကြည့်မိတော့ ကျောင်းသားယူနီဖေါင်းနှင့် သပ်ရပ် တင့်တယ်နေလို့။ ပစ္စတိုကို ခါး၏ဘေး၌ သေသပ်စွာထိုးချိတ်ထားသော သူ၏ ရုပ်သွင်ကိုမြင်လိုက်ရသဖြင့် အမိမြန်ပြည်အတွက် စိတ်ဓါတ်အားတက် မိလိုက်သည်၊ သြော် ကျနော်တို့ဘ၀သည်ကား ကျောင်းစိမ်းဘ၀မှ ယူနီဖေါင်းအစိမ်းဘ၀များသို့။ ခဲတံကိုင်ခဲ့သောလက်မှ သေနတ်ကိုင်နေကြရသော လက်များသို့။
မ.က.ဒ.တ (မြောက်ပိုင်း) ရဲဘော်များက အမိန့်နာခံမူ အားကောင်းကြသည်ကို တွေ့ရသည်။ တိုင်းပြည် လွတ်မြောက်မှုအတွက် ထိုအမိန့်နာခံမူသည် အရေးကြီးကြောင်း စစ်မြေပြင်သင်ခန်းစာများက ကျနော့်ကို လက်တွေ့သင်ပြပေးခဲ့ဘူးသည်၊ “မ” တထောင်သားများကို အုပ်ချုပ်ရသည့်အတွက် ထိုအမိန့်နာခံမှုမှ အစ လိုက်နာစရာနည်းနာများအား စစ်သင်တန်းများမှ ရရှိခဲ့သည်၊ ကျနော်သည် ကျနော်တို့ ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးနှင့် တွေ့လျှင်ပင် သတိဆွဲမတတ် ရိုသေစွာ ဆက်ဆံတတ်ကြောင်းကို ကျနော့်ကို ကျနော်သတိထား လိုက်မိသည်က ထိုစစ်သင်တန်းများက သင်ကြားပေးခဲ့သည့်အရာများ။ တော် လှန်ရေးပျောက်ကျားရဲဘော် တဦးအနေဖြင့် ထိုအမိန့်နာခံမူကို သဘောတရားဖြင့် ချွန်းအုပ်မှသာလျှင် ရန် သူ တပ်နှင့် ကွဲပြားခြားနားစေနိုင်သည်၊ ကျနော်တို့ကျောင်းသားတပ်က လူထုကို ဦးထိပ်ပြုသည်၊ လူထုကို နှိပ်စက်လာလျှင် ဆတ်ဆတ်ထိလုံးဝမခံနိုင်၊ ရန်သူက ဤသို့မဟုတ်၊ သူတို့၏ ဗိုလ်သင်တန်း သင်ခန်းစာ များက လူတွေကို အုပ်ချုပ်တဲ့အခါ ဒီအရာ သုံးပါးနှင့် အုပ်ချုပ်ပါဟုသင်ကြားပေးသည်၊ (၁) အကြောက်တရား (၂) ကိုယ်ကျိုးရှာလိုမူ (၃) အသိအမှတ်ပြုခံလိုမူ ဒီအရာသုံးပါးကို ထိမ်းချုပ်နိုင်ရင် မင်းခေါင်းဆောင်ဖြစ်ပြီ ရန်သူက ကြောက်အောင်ခြောက်သည်၊ မြောက်ပေးသည်၊ ဖျက်ဆီးပစ်သည်၊ ယခု ရဲများ၊ ကြံဖွတ်များ၊ စွမ်းအားရှင်များကို မြောက်ပေးနေသည်၊ လူတွေကို အကျင့်စာရိတ္တပျက်ရန် ကိုယ်ကျိုး ရှာခိုင်းသည်၊ လူမူထူးချွန်ဆုဘွဲ့ တံဆိပ်များပေး၍ အသိအမှတ်ပြုသည်၊ လူတွေကို ဤကဲ့သို့ အုပ်ချုပ်လျှင် ရမည်ဟု ထိုမိစ္ဆာကောင်များက ထင်သည်၊ လူတွေကို မေတ္တာ၊ စေတနာ၊ မုဒိတာရှေ့ထား၍ အုပ်ချုပ်နိုင်မှ သာလျှင် ရမည်ဟု ကျနော်ကခံယူသည်၊ ကျနော်တို့လူထုအပေါ်ထားသော သဘောထားနှင့် သူတို့၏ သဘောထားများက ရှေ့နောက် ပမာကွဲလွဲလျှက်။
ကျနော်က ဗိုလ်ပေါက်ကွေးကို ခင်ဗျားသေနတ်က ဘာသေနတ်လည်းဗျ ဟုမေးမိရာ “တရုပ်လုပ်သေနတ်ပါ ခင်ဗျ” ဟု သူကဖြေသည်၊ ကျနော်က သေနတ်ကိုင်လျှင် ဘ၀င်မြှင့်သည့် နအဖ ဗိုလ်ပေါက်စများကို ငယ်စဉ်က ကောင်းကောင်းမြင်ဘူးခဲ့သည်၊ လူတယောက်သည် သေနတ်ကိုင်လိုက်သည်နှင့် သူ့လက်သည် ဘေးသို့ ကားထွက်လာသည်၊ သူ၏ ရင်ဘတ်သည်လည်း ရှေ့သို့ငေါ့ထွက်သွားသည်၊ သူ၏ စကားပြော ပေါက်ကလည်း သူများနှင့်မတူတော့၊ မာမာထန်ထန်၊ ကျနော်တို့ ကျောင်းသားတပ်မတော်မှ ဗိုလ်ပေါက် ကွေး သည်ကား ဤကဲ့သို့လူစားမဟုတ် သူတို့သည် စစ်မှန်သည့် လူထုအတွေးအခေါ် လူထုကို အလုပ် အကျွေးပြုရေး၊ လူထုကိုမှီခိုရေးဆိုသည့် လူထုလမ်းစဉ်နှင့် သေနတ်ကိုပေါင်းစပ်နေကြသူများ ထိုသေနတ် သည် လူထုဘ၀ကိုချေဖျက်နေသည့် မိစ္ဆာကောင်များကို ပစ်မည့်သေနတ်များသာ မဟုတ်ပါလား။
လမ်းဘေးတောင်ကုန်းပေါ်၌ အစီအရီတည်ဆောက်ထားသော အဆောက်အဦများကို ဝေ့၀ိုက်ကြည့်မိသည်၊ တောင်ကုန်းများကို ဖြိုချ၍ ဆောက်ထားခြင်းဖြစ်သည်။ တောင်အောက်မှ တောင်ပေါ်အထိ အဆောက် အဦးများကို စီကာရီကာ ဆောက်ထားသည်၊ ဘေးကာကို ၀ါးဖြင့်ယက်လုပ် ကာရံထားခြင်းဖြစ်သည်၊ အမိုး က တရုပ်ပြည်လုပ် ရင်ပေါင်ကျန်း ( ကတ္တရာနှင့် ၀ါးဖတ်ကို နယ်၍လုပ်ထားခြင်း၊ အအေးပိုင်းဒေသများ ၌သာ သုံး၍ ရသောအမိုး) ဖြင့်မိုးထားသည်၊ “ကိုသံချောင်းတို့ တဲက ဟိုး တောင်ပေါ်မှာ” ဟု ရဲဘော်လေး တယောက်ကဆိုသည်၊ တောင်ပေါ်မှ ဆင်းလာသော ရဲဘော်လေးက ကျနော်တို့ကိုမြင်သည်နှင့် သူသည် သတိဆွဲလျှက် ရပ်နေသည်၊ ကျနော်တို့ကို ကျော်သွားမှသာ သူက သတိကိုဖြုတ်၍နောက် တောင်အောက် ဆင်းသွားသည်ကို မြင်လိုက်ရသည်၊ သူတို့သည် စစ်၏ ယဉ်ကျေးမူကို အတိအကျလိုက်နာ ယဉ်ပါးလျက် နေကြောင်းတွေ့လိုက်ရသည့်အတွက် ကျနော်က သဘောကျနေမိသည်။
တဲလေးတစ်လုံးမှ ရဲဘော်များက စီကာရီကာရပ်နေကြသည်၊ ထိုသူများသည်ကား ကျောင်းသားတပ်မတော် မြောက်ပိုင်းခေါင်းဆောင်များဖြစ်သော ကိုသံချောင်း၊ ကိုကျော်ကျော်၊ ကိုစိန်အေး၊ ကိုနေထွန်း၊ ကိုထွန်းလွင်၊ ကိုလဆိုင်းတို့ကို မြင်လိုက်ရသည်၊ ရောက်သည်နှင့် သူတို့၏ နွေးထွေးသောလက်များက ကျနော်၏လက်ထဲ ၌ တင်းတင်းရင်းရင်း ဆွဲကိုင်လှုပ်ရမ်းခါလျှက်၊ ကျနော်အား ထိုတဲငယ်လေးတစ်လုံးသို့ဖိတ်ခေါ်သည်၊ ထို အလယ်၌ မီးလင်းဖိုတလုံး ….. လူတော့မစုံတော့ဘူးဗျာ၊ ကျဆုံးကုန်တဲ့လူတွေတော့ ကျကုန်ကျပြီဟု ကိုသံချောင်းကပြောသည်၊ ကျနော်တို့အတွင်းရေးမှူး ကိုမျိုးဝင်းတယောက်တော့ ၉၂ တိုက်ပွဲမှာ ကျသွား တယ်ဟု ပြောတော့ ကျနော်သည် ကိုဖုန်းမော်ကျဆုံးစဉ်ကလို လက်သီးကို တင်းတင်းရင်းရင်း ဆုပ်လျှက် မိသားဖြစ်မိသွားသည်၊ ကိုမျိုးဝင်းက ကိုဖုန်းမော်တို့နှင့် ကလပ်စ်မိတ်တွေလေ။ အာ.အိုင်.တီ စက်မှု တက္ကသိုလ်ကျောင်းသား၊ ရှမ်းနီလူမျိုး၊ သူက ကချင်ပြည်၊ဒေသနမ္မားက “ရန်သူတောင်ကုန်းကို တက်သိမ်း ရင်း ၀ဲဖက်ရင်အုံကို ရန်သူကျည်က ဖေါက်ထွက်သွားပြီး ကျဆုံးသွားတယ်ဗျာ” ဟု ပြောတော့ ပေးဆပ်မှု များကို ပြန်လည်၍အမှတ်ရလိုက်သည်၊ ကျနော်နှင့်လုပ်ဖေါ်ကိုင်ဘက် ရဲဘော်ကြီးဆန်းလင်း၊ တိုက်မောင်း၊ ထွန်းဦး၊ ခင်ထွန်းကြည်တို့ပင်လျှင် လူထုအတွက် ပေးဆပ်ခဲ့ကြလေပြီ ကျောင်းသားနှင့်တိုက်ပွဲ၊ ကျောင်း သား နှင့်စွန့်လွှတ်မူသည် အာဏာရှင်စနစ်ကြောင့် အတူယှဉ်တွဲလျှက်။ “အမိမြေလွတ်မြောက်ဖို့ အရိုးတွေ တောင်လိုပုံမှရမယ်ဆိုရင် ငါတို့ကျောင်းသားတွေရဲ့ အရိုးတွေဟာ ဟိုးအောက်ဆုံးအလွှာမှာ ရှိစေရမယ်”ဟု ရှေးကနောင်တော် ကျောင်းသားခေါင်းဆောင်ကြီးပြောခဲ့သောစကားတခွန်းကို နားထဲမှာ အမှတ်ရ ပဲ့တင် ထပ်လျှက်၊ ကျောင်းသားတပ်မတော်၏ ပေးဆပ်မှုတွေကလည်းအများသား၊ သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲ စသည့် ရဲသုံးရဲ စိတ်ဓါတ်နှင့် တိုက်ပွဲဝင်ကြရတော့မည့် အချိန်အခါ ဖြစ်သည့်အတွက် ကိုမျိုးဝင်း ကျဆုံးမူသည် လုပ်သင့်လုပ်ထိုက်သည့် တာဝန်တရပ်ကို ရဲရဲကြီးထမ်းဆောင်သွားခဲ့ခြင်းသာ ဖြစ်သည်ဟု စိတ်မကောင်းသောရင်ကို ဖြေသိမ့်လိုက်ရသည်၊ ကျနော်တို့၏ ဘ၀သည်ကား လူထုအတွက် ပေးဆပ် ထားပြီးသား၊ လူတွေအလုပ်လုပ်ကြသည်မှာ နှစ်မျိုးဘဲရှိသည်ဟု ဆရာကြီးမြသန်းတင့်၏ အဆိုအမိန့်ကို စကားကိုသတိရမိလိုက်သည်၊ တမျိုးက “လုပ်သင့်လုပ်ထိုက်လို့ လုပ်နေကြသူ” တမျိုးက “သူများတွေ အသိမှတ်ပြုပေးဖို့အတွက် လုပ်နေကြသူ”၊ မ.က.ဒ.တ ကျောင်းသားရဲဘော်များက ရဲရဲမြင်၊ ရဲရဲတွေး၊ ထဲထဲဝင် လူထုအတွက် လုပ်သင့်လုပ်ထိုက်၍ လုပ်နေကြသော အဖိုးအနဂ္ဂ တန်ဖိုးရှိသည့် သားကောင်း ရတနာများသာ။
ဝမ်းသာ ရွှင်လန်းစွာတက်ကြွနေသော ရဲဘော်များ၏ အသက်ဝင်နေသော ရှင်းလင်းပြောဆိုမှုများက ကျနော် ၏ရင်ကို ဆွဲရမ်းခါနေသကဲ့သို့၊ ထိုညက ကျနော်တို့ အာဂျင်ဒါဆုံကြသည်၊ တိုက်ပွဲဝင်ရဲဘော်များ၏ တက်ကြွသံများ၊ ရင်ထုမနာအသံများ၊ ဖြတ်သန်းမှု ပုံရိပ်များက ကျနော်အတွက် ၀မ်းသာဝမ်းနည်း ဖြစ်ရသည်၊ သူတို့က သမိုင်းကို ရဲရဲရေးနေကြသည်၊ တချို့က ဖေါ့၍ဖေါ့၍ ရေးကြသည်၊ ကျနော်တို့ မ.က.ဒ.တ သမိုင်းသည်ကား အရှေ့လေ၊ အနောက်လေ၊ မျက်နှာစုံမှ လေတိုက်၍ ဖိတ်စင်ထွက်သွားသော လှေဝမ်းဗိုက်အပေါက်နှင့့် ရဲဘော်များအတွက် နှမျှောတသသဖြစ်မိသည်၊ ၀မ်းဗိုက်အပေါက်နှင့် လှော်ခတ် နေသောရဲဘော်တို့ ရွှေဝါရောင်တော်လှန်ရေးကြီးက အသင်တို့ကို သင်ခန်းစာပေးခဲ့ပြီ၊ ငါတို့ရင်ခွင်ကို ခိုလူံကြပါလော့၊ ငါတို့က တိုက်တွန်းနေခြင်းမဟုတ်၊ လူထုက တိုက်တွန်းနေခြင်းသည်သာ၊ ငါတို့သည် လူထုအတွက် ရဲရဲရင်ဆိုင်၍ ရဲရဲကျော်ဖြတ်နေသည်၊ ဒါ …. ငါတို့သမိုင်းဖြစ်သည်၊ ဒါလည်း … ငါတို့၏ လူထုသမိုင်းဖြစ်သည်။
မိုးကချူပ်ပြီ … ညကနက်နေပြီ … ကျနော်နှင့်သူတို့နှစ်ဦးသား သာလျှင် မီးဖို၏ အနွေးဓါတ်ကို ခိုလူံ နေကြသည်။ ကိုကျော်ကျော်နှင့် ကိုထွန်းလွင် ဖြစ်တည်လာသော သူတို့၏ ဘ၀ဖြတ်သန်းမှုများက လူထုအတွက် ပေးဆပ်ကြရမည်ဆိုသော အာဂျင်ဒါများ၏ နိဂုံးအဆုံးကို ကျနော်က ကြို၍ မြင်မိသည်၊ နက်မှောင်အေးစိမ့်နေသော ည၏ သန်းခေါင်ယံ အချိန်အခါများကို လူထုလွတ်မြောက်ရေး အတွေးအခေါ် စိတ်ဓါတ်အပြည့်အ၀ဖြင့် ရှင်းပြနေသော ဆွေးနွေးချက်များက ထိုတညရဲ့ ကျနော်၏ အိပ်ချင်စိတ်ကို သတ်ပစ်လိုက်သည်။
တောစခိုတယ်ဗျာ …. စတာနဲ့ နန်းကွေ့ချောင်းရေကြီးချိန် ချောင်းကိုဖြတ်ပြီးသွားတာဗျ၊ ဟိုဘက်ကမ်းလည်း ရောက်ရော လက်ပစ်ဗုံးကိုင်ထားတဲ့ ကေ.အိုင်.အို ရဲဘော်က ဗဟိုက အမိန့်မရလို့ဆိုတော့ ကျနော်တို့ နောက်ကြောင်း ပြန်လှည့်ရတာပေါ့ဗျာ။ မြို့ထဲလည်းဝင်ရော ဒီစစ်ခွေးဝဲစားတွေနဲ့ ထိပ်တိုက်တိုးတယ်ဗျ။ ညကလည်းမှောင်နေတယ်။ ဒီကောင်တွေက မင်းတို့ဘယ်က လာလဲ။ မင်းတို့ကို ပစ်သတ်လိုက်လို့ ရတယ်ဆိုပြီးခြိမ်းခြောက်တယ်။ သေမထူး၊ နေမထူးဘ၀တွေပဲဗျာ ….. ဟု ထိုသို့ ကိုထွန်းလွင်၏ စကားသံ က ညဦးယံကို လျှပ်ကာဖေါက်ထွက်သွားသည်။ သူ၏ စကားသံများ၌ တိုက်ပွဲ၊ သေနတ်သံများ၊ စိန် ခေါ်မှုများ ဗရပွ။ ရဲဘော်လေး မိုင်လားက ထင်းကို မီးပုံထဲသို့ အဆက်မပြတ် ထိုးထည့်ပေးနေသည်၊ သူတို့လေးတွေ အိပ်ချင်ရှာတော့မည်။ စကားစကဖြတ်၍ မရသေး၊ အရှိန်က ပို၍ ပို၍ ကောင်းလာသည်၊ နာရီကြည့်လိုက်တော့ ည သုံးနာရီ…။ ကိုထွန်းလွင်၏ စကားသံများကို ဆက်၍ ငံ့လင့်မိတာတော့ အမှန်၊ မြောက်ဖျားပိုင်း အအေးဒါဏ်ကို ကြံ့ကြံ့ခံနေသော မီးလင်းဖို၏ မီးရှိန်များကြောင့် သူတို့၏ မျက်နှာများသည် ၀င်းထိန်နေကြသည်၊ မိန်းမရှိကြတဲ့လူတွေက အစောကြီး အိပ်ကုန်ကြပြီဗျဟု ကိုထွန်းလွင်က ပြောသဖြင့် ကျနော်က ခင်ဗျားတို့ရောဟု ပြောသဖြင့် ကိုကျော်ကျော်က ဖိတ်စာတ၀က်တော့ သေချာနေပြီဟု ပြော သဖြင့် ၀ါးကနဲပွဲကြသွားသည်။
ထိုညက မ.က.ဒ.တ (မပ) ရှိ ရဲဘော်များရဲ့ သမိုင်းကြောင်းများ၊ ဖြတ်သန်းမှု အတွေ့အကြုံများ၊ တိုက်ပွဲများ မဟာမိတ်များအခြေအနေအကြောင်းကို ရဲဘော်များက မမောနိုင် မပမ်းနိုင် ပြောပြကြသဖြင့် ကျနော့် အတွက် တချိန် သမိုင်းဆိုင်ရာ အချက်အလက်များ ဖြစ်လာမည်ကို ရရှိစေခဲ့သည့်အတွက် ထိုရက်များသည် ကျနော့်အတွက်တော့ ….ရွှေ၊ လူထုအတွက် ပတ္တမြား၊ တိုင်းပြည်အတွက် ရတနာများသာတည်း။ သူတို့၏ ဖြတ်သန်းမှု အတွေ့အကြုံများသည် သူတို့ရေးတဲ့ သူတို့သမိုင်း၊ မ.က.ဒ.တ ရဲဘော်များက သမိုင်းကို ဖေါ့ဖေါ့ရေးနေကြသူများ မဟုတ်ကြ၊ သူတို့က ကျောက်တုံးကျောက်နံရံများပေါ်၌ ခက်ရာခက်ဆစ် စူးနစ်စွာ ဖေါက်ထွင်း၍ ရေးခဲ့ကြသည်။ ကျနော်က ခက်ရာခက်ဆစ် ရေးချယ်ကြသော သမိုင်းကို ပို၍ ပုံရိပ်ထင်ကျန် ရစ်စေချင်သူ၊ ရေးခဲ့သော ပုံရိပ်များသည် လူထုအတွက် အေးမြစေနိုင်သော အရိပ်များအဖြစ် ထင်ဟပ် စေချင်သူ၊ ကျခဲ့ရသော သွေးစက်များနှင့် ခင်းခဲ့သည့်လမ်းသည် မြန်မာပြည် အနာဂါတ် ရင်သွေးလေးများ အတွက် ဆက်၍ အသင့်လျှောက်ကြရမည့် ဖြောင့်ဖြူးသောလမ်းများ ဖြစ်စေချင် သူသာ။
ကျနော်က ကိုကျော်ကျော်နှင့် ကိုထွန်းလွင်တို့၏ ပြောပြချက်များကို လေးနက်စွာ အာရုံပြု နားစိုက်လျှက် ရှိနေသည်။ ရာသီဥတုက စူးစူးရဲရဲ ဆိုး ရွားလာသည်၊ ရဲဘော်လေးကလည်း ထင်းများကို အဆက်မပြတ် မီးပုံထဲသို့ ထည့်ပေးလျှက်ရှိသည်၊ ထိုထင်းတုံး၏ မီးအပူရှိန်များ၊ သူတို့နှစ်ဦး၏ ထောင်းထောင်းထ တက်ကြွစွာ ရှင်းလင်းဆွေးနွေးမှု အရှိန်များကြောင့် ကျနော်၏ နှလုံးသွေးသည်လည်း အရှိန်အဟုန်ပြင်းစွာ လည်ပါတ်လျှက်။
“ကျနော်တို့ ကျောင်းသားတပ်မတော်(မြောက်ပိုင်း)ကို ဒီလိုစခဲ့ကြတယ်ဗျ” ဟု အစ ချီသော နောက်ခံ အတိတ်သမိုင်းများသည် ကျနော့်အတွက်သာမက ကချင်ပြည်နယ်၏ ကျောင်းသားများ သမိုင်း အနာဂါတ်အတွက်သော်လည်းကောင်း။ အမိမြန်မာပြည်တပြည်လုံးအတွက်လည်းကောင်း အကျိုး ရှိမည်ဖြစ်သဖြင့် ထိုအနာဂါတ် ခေါင်းဆောင်များဖြစ်လာကြမည့် သူတို့၏ ပုံရိပ်များ၏ ညှို့ငင် ဆွေးနွေး ပြောဆိုမှုများသည် ကျနော်၏ နား၊ မျက်စိ၊ အမြင်အာရုံများ၌ စွဲလျှက်၊ ညှိလျှက်။
န၀တ ၁၉၈၈အာဏာသိမ်းပြီးနောက် ပြည်မြန်မာအနှံ့ လူထုတရပ်လုံး သွေးမြေခခဲ့ရသည်။ ထိုသို့ အာဏာ စက်ဖြင့် အဓ္ဓမ ဖြေရှင်းမှုနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးဆင်နွဲရန် ကြီးမားသော ရည်မှန်းချက်ဖြင့် ကချင်ပြည်နယ်ကျောင်းသားများက ကြိုးပမ်းခဲ့ကြသည်၊ သူတို့သည် ရှေ့တန်းပျောက်ကျား တပ်ရင်း (၁၁) နှင့် တပ်ရင်း (၅) သို့ ဦးစွာပထမ ရောက်ခဲ့ကြပြီးး မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားကျောင်းသားများ စု၍ ကေ.အိုင်.အို ဗဟို လိုင်စင်ဒေသ၌ ဆွေးနွေးနိုင်ရန် အာဂျင်ဒါများကို ဆွေးနွေး စုစည်းကောက်ခံ အတည်ပြုခဲ့ကြသည်၊ ကျနော်တို့ အဖွဲ့တွင် မိုးကောင်း၊ မြစ်ကြီးနား ကျောင်းသားများပါဝင်ကြပြီး မိုးညင်း ကျောင်းသားများဖြစ်သော ကိုသံချောင်းနှင့် ကိုထွန်းလွင်တို့ကို နောင်ရာပါ ကေ.အိုင်.အို ရှေ့တန်း တနေရာတွင် ဆုံခဲ့ကြသည်၊ ထိုမှတဆင့် ကုန်းတတန်၊ ရေတန်ခရီးဆန့်၍ ကေ.အိုင်.အို လိုင်စင်ဗဟိုသို့ ခရီးရှည် ချီတက်ခဲ့ကြသည်၊ ထိုသို့ ပထမဦးဆုံးရောက်ရှိခဲ့သောသူများတွင်
ကိုထွန်းလွင် (မိုးညှင်း)၊ ကိုသံချောင်း (မော်ဟန်)၊ ကိုကျော်ကျော် (မြစ်ကြီးနား)၊ ကိုအောင်ကြီး (မိုးကောင်း)၊ ကိုလွှမ်းမိုး (မိုးကောင်း)၊ မမီမီခိုင် (မိုးကောင်း)၊ ကိုမင်းဌေး (မိုးကောင်း) {ယခု ဇန္န၀ါရီ ၂၅- အမေရိကားတွင်ပြသမည့် Rambo – 4 တွင် အထူးလည် သရုပ်ဆောင်ထားသူ}၊ ဗိုလ်စော (ရန်ကုန်)၊ ဂျိုးဖြူ (မန္တလေး၊ မျိုးလွင် (မြစ်ကြီးနား) တို့ဖြစ်သည်၊
သူတို့သည် ကေ.အိုင်.အို လိုင်စင်ဌာနချုပ်သို့ ရောက်ပြီဆိုသည်နှင့် ကျောင်းသားများ တော်လှန်လူပ်ရှားမှု ကော်မတီ (ကချင်) ဆိုပြီးဖွဲ့စည်းလိုက်ကြသည်။ ထိုစဉ်က မ.က.ဒ.တ (ဗဟို) နှင့် အဆက်အသွယ် မရကြ သေး။ ထိုသို့ဖွဲ့စည်းပြီးနောက် ကေ.အိုင်.အို ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အောက်ပါအချက် လေးးချက် ကို တောင်းဆိုတင်ပြခဲ့ကြသည် ။
(၁) အဖွဲ့အစည်းတခုအနေဖြင့် သီးသန့်ဖွဲ့စည်းပေးရေး၊
(၂) ငွေကြေးအကူအညီပေးရေး၊
(၃) စစ်သင်တန်း အကူအညီပေးရေး နှင့် လက်နက်ခဲယမ်းမီးကျောက် အကူအညီပေးရေး၊
(၄) မ.က.ဒ.တ တောင်ပိုင်းဗဟိုနှင့် အဆက်အသွယ်ရရန် အကူအညီပေးရေး တို့ဖြစ်သည်။
ကေ.အိုင်.အို ခေါင်းဆောင်များကလည်း ထိုအချက်လေးချက်ကို အပြည့်အ၀အကူအညီပေးကာ ထိုရဲဘော် များက သင်တန်းအပါတ် စဉ် (၁) ကို စ၍ တက်ခဲ့ကြသည်၊ ၁၉၈၈ခုနှစ် ဇန်န၀ါရီလတွင် အပါတ်စဉ် (၁) သင်တန်းကို သုံးလကျော် တက်ရောက်သင်ကြား ပြီးစီးခဲ့ကြသည်။ ထိုသို့ သင်တန်းပြီးစီးပြီးနောက်၊ ကျောင်းသားတပ်မတော်မြောက်ပိုင်းကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြသည်၊ ထို့နောက် ကိုကျော်ကျော်၊ ကိုလှဌေး၊ ကိုသက်ထွန်းတို့က တောင်ပိုင်းဗဟိုသို့ တောတွင်းခရီးကြမ်းရှည်ကို ဆက်လက်ခရီးထွက်ခဲ့ကြပြီး ကိုထွန်းလွင်က ပြည်တွင်းအရေးကြီး ကိစ္စဆောင်ရွက်ရန် ပြည်တွင်းသို့ ၀င်ရောက်ခဲ့ကြသည်။
တပ်ဦးနှင့် တပ်မတော်တခုအတွက် သင်တန်း၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းစဉ်များကလည်း အသက်တမျှ အရေးကြီး သည်၊ သင်တန်း မရှိလျှင် အမိန့်နာခံမှုမရှိနိုင် လုပ်ငန်းကိုလည်း ထိရောက်စွာ အကောင်အထည်မဖေါ်နိုင် သို့ပါ၍ ကျနော်သည်ပင်လျှင် သင်တန်းကာလများ၌ ကြိမ်ဒဏ်များ၊ အပစ်ပေးခြင်းများကို ခံခဲ့ကြရသည်၊ အမိမြေလွတ်မြောက်ရေးအတွက် ပထမဦးဆုံး ပေးဆပ်မှုသည်ကား အသားနာကျင်မှုများ၊ ရောဂါဘယများ၊ အနေဆင်းရဲအစားဆင်းရဲမှုများ၊ ရာသီဥတုဒါဏ်များ ပြောလို့ပင်မကုန်၊ ဒီလိုနဲ့ မိုးထိဦးတိုက်နေတဲ့ မနောမြေ တောင်တန်းများပေါ်က ခွပ်ဒေါင်းတွေရဲ့ သမိုင်းကို စခဲ့ကြရတယ်။
မီးဖိုက ကျနော်တို့ကို အနွေးဓါတ် ကောင်းကောင်းပေးလျှက်ရှိနေသည်၊ ကျနော်တို့ အားလုံးသည် မီးဖိုဘေးလေး၌ ကပ်၍ ဒူးခြင်းတိုက်လျှက်ရှိသည်၊ ဆက်ပြီး ကိုထွန်းလွင်က “ကျနော် ၈၈ အစောပိုင်း မိုးးညှင်းတိုက်ပွဲမှာ ၀င်ချဘူးတယ်”ဟု ဆိုလာသဖြင့် ဒူးခေါင်းပေါ် မေးတင်ထားသော ကျနော်ခေါင်း ထောင်သွားသည်၊ “ဘယ်လိုတိုက်ပွဲလဲ၊ ဘယ်လိုတိုက်ခဲ့တာလဲ” ဟုသည့် စိတ်ဝင်စားစွာဖြင့် ကျနော်က မေးခွန်းများကို တရစပ်မေးမိလေတော့သည်။
ထိုရက်များ၏ မြောက်ပိုင်းကျောင်းသားခေါင်းဆောင်များ၌ ရင်ထဲတွင် ခဲဆွဲသကဲ့သို့ လေးလံလျှက် ရှိနေ သည်၊ သူတို့သည် န.၀.တ ၏ နရသိန်အကျဉ်းထောင်ထဲ၌ အကျဉ်းကျခံနေရသည့် တောခိုလာသော ရဲဘော်များအတွက် ရင်လေးနေကြသည်၊ ငါတို့ရဲဘော်တွေ ထမင်းမှ နပ်မှန်အောင်စားကြရလား၊ ရန်သူ နှိပ်စက်မှုကြောင့် သွေးချင်းနီနီဖြစ်ကုန်နေကြပြီလား စသည့်ဖြင့် သို့လော သို့လောနှင့် လားပေါင်းများစွာ သော စိုးရိမ်ကြောင့်ကျမှုများကို သူတို့၏ ရင်ကို ဘောင်ဘင်ခတ်လှုပ်ခါစေခဲ့သည်၊ ဤသို့ဖြင့် သူတို့သည် ကေ.အိုင်.အို ခေါင်းဆောင်များ ဆီသို့ ထပ်မံ၍ သူတို့၏ ကျောင်းသား ရဲဘော်များအရေး လွတ်မြောက်မှု အတွက် ဆွေးနွေးရန် ချီတက်ကြပြန်သည်။
“ကျနော်တို့ကျောင်းသားတွေ အများကြီးမိုးညှင်း အကျဉ်းထောင်ထဲမှာ ဖမ်းထားတယ်ခင်ဗျ” ဟု ကိုသံချောင်းက စတင်ဆွေးနွေးသည်၊ ကိုထွန်းလွင်က “သူတို့ကို ကယ်ထုတ်ပေးရန် တောင်းဆိုပါတယ် ခင်ဗျ” ဟု ဇယ်ဆက်သလို ပြောတော့ ကေ.အိုင်.အို ခေါင်းဆောင်များက ခေါင်းထောင်လာသည်၊ “အချိန်မှီ ကယ်နိုင်ရင်ကောင်းတယ်” ဟု ကိုကျော်ကျော်က တွန်းအားပေးပြောပြန်တော့ သူတို့က ခေါင်းတဆတ်ဆတ် ငြိမ့်လျှက်။ အခု လူထုအားရှိနေတဲ့ အချိန်မှာ ကျနော်တို့ လူထုနဲ့ လက်နက်ကိုင်ပေါင်းပြီး အခုချိန်တိုက်ရင် ကောင်းမယ်ထင်ပါတယ်ခင်ဗျဟု ကိုကျော်ကျော်က ဆိုလာတော့ သူတို့သည် မေးစေ့များကိုပွတ်လျှက်၊ ကျနော်တို့ မိုးညှင်းလူထုက ဒီစစ်အုပ်စုကို ချချင်နေကြတယ်ခင်ဗျဟု ကိုထွန်းလွင်က ကွန့်လာပြန်တော့ ဗိုလ်ချုပ် ဇော်မိုင်က ဗိုလ်မှူးပန်းအောင်နှင့် နှစ်ကိုယ်ကြား တီးတိုးပြောနေသည်ကို သတိထားမိလိုက်သည်၊ ဗိုလ်မှူးပန်းအောင်သည်ကား ထိုစဉ်က စစ်ဦးစီးချုပ်၊ တိုက်ခိုက်ရေး မဟာဗျူဟာဆွဲသည့်နေရာတွင် အင်မတန်မှ ပရိယာယ်ကြွယ်ဝသည်ဟု ထင်ရှားသူ၊ ရန်သူ့ဗိုလ်သင်တန်းများ၌ ပင်လျှင် သူ၏ စစ်ဆင်ရေး နည်းနာများကို ထည့်သွင်းရေးဆွဲ၍ အသုံးပြု သင်တန်းပို့ချကြသည်၊ ဒုဗိုလ်မှူးကြီးသိန်းထွန်း၏ ခလရ(၄၀) ဟိုပင်တပ်ရင်း တခုလုံးကိုပင် လက်ရဖမ်းဆီးနိုင်ခဲ့သူ။ ကိုသံချောင်းက မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် တုန့်ပြန်မှုကို စောလျှင်စိတ်များဖြင့် စောင့်မျှော်လျှက်၊ ကိုထွန်းလွင်က ထွက်လာမည့် စကား သံကို အာရုံစိုက် နားထောင်နေသလို၊ ကိုကျော်ကျော်က ခေါင်းဆောင်များ၏ မျက်နှာများကို စိုက်ကြည့်နေ လျှက် အတွင်းစိတ်မနောကို စောကြောနေသလို တုန့်ပြန်မှုတခုကို စောင့်ဆိုင်းနေကြသည်။
တကဲ့စစ်ဆင်ရေးကြီးဆိုတော့ သူတို့ဖက်မှလည်း ချင့်ချိန်နေသလိုပင်၊ မြို့ကိုဝင်စီးရမည့်တိုက်ပွဲ၊ နှယ်နှယ် ရရတော့မဟုတ် စစ်ဆင်ရေးစီမံကိန်းက ကြီးရတော့မည်၊ ဘက်ပေါင်းစုံက ပြင်ဆင်ရတော့မည်၊ ရန်သူ အခြေအနေ၊ မိမိအခြေအနေ၊ လူထုအခြေအနေ၊ လက်ရှိပကတိ နိုင်ငံရေးအခြေအနေ၊ ရှစ်လေးလုံးပြီးကာစ ပူပူနွေးနွေး လူထုရပ်တည်မှု၊ ထိုချိန် ရက်ရက်စက်စက် ရဟန်းရှင်လူ ကျောင်းသားများ အသတ်ခံရသဖြင့် လူထုက အမျက်ချောင်းချောင်း သွေးပူနေချိန်၊ အကျိုးအမြတ်ကို ချိန်မှရတော့မည်၊ သူတို့ ခေါင်းဆောင်များ စစ်ဆင်ရေးအကျိုးအမြတ်ကို ချိန်နေပုံရသည်၊ မိမိဘက်မှ မည်မျှကျဆုံး နိုင်မည်လည်း၊ နိုင်ငံရေးအမြတ်၊ စစ်ရေးအမြတ် မည်မျှရနိုင်မည်လည်း ဘက်ပေါင်းစုံ ချင့်ချိန်တွက်ဆနိုင်မှသာလျှင် သေချာသော တိုက်ပွဲကို ဆင်နွဲနိုင်တော့မည်၊ ကျနော်တို့ ကျောင်သားများလွတ်မြောက်ရေး၊ ကယ်တင်နိုင်ရေးအတွက် ကျနော်တို့ သည်လည်း ရင်ခုန်စွာဆွေးနွေးမှုရလဒ်အားစောင့်စားလျှက်၊ ဤသို့ဖြင့် မိုးညင်းမြို့သိမ်းတိုက်ပွဲ ကျောင်းသား များကို ကယ်ထုတ်သည့်ပွဲ လက်နက်ကိုင်တော်လှန်ရေးနှင့် လူထုအား၊ ကျောင်းသား ပြည်သူတို့၏အား မကြာမှီပေါင်းစပ်ကြတော့မည်၊ မကြာမှီ မိုးညှင်းတိုက်ပွဲလာချေတော့မည်။
ကျနော်တို့ မီးလင်းဖိုသည်လည်း စစ်ဇောမာန်ဟုန် တက်သည့်အလား အရှိန်ပြင်းစွာ တောက်လောင်ညှီး လျှက်၊ မကြာမှီအရှေ့ဘက်မှရောင်နီများသန်းလာတော့မည်၊ တဖက်တောင်ကုန်းစစ်သင်တန်းမှ မ.က.ဒ.တ ကျောင်းသားတပ်မတော် ရဲဘော်များ၏ စစ်သွေးစစ်မာန်ဖြင့် “ဘာလုပ်နေလည်း၊ လေ့ကျင့်နေတယ်” “ဘာလုပ်ဖို့လဲ၊ တိုက်ပွဲဝင်ဖို့” “ဘယ်သူ့အတွက်လည်း၊ ပြည်သူ့အတွက်ပဲ” “ဘာစိတ်ဓါတ်လဲ၊ ခွပ်ဒေါင်းစိတ်ဓါတ်” ဟု နှင်းငွေ့ မြူတွေကြားဖေါက်ထွက်၍ ညီညာစွာ တွန်ကြူးလိုက်သော ဒေါင်းတမာန်တို့ အသံတွေဟာလေ ရေခဲသည့် ဂျင်းဖေါတို့၏ မနောတောင်တန်းများမှ မြန်ပြည်တလွှား သောင်းထိုက်က ကြားအောင် သားမောင် တို့လေ အမိမြေ လွတ်မြောက်ရေး တိုက်ပွဲ ဆင်နွဲနေကြကြောင်း။
သားချစ် (ဟစ်တိုင်)
တိုက်ပွဲသို့ ...
ကဲ …
ရဲရင်ထွက်
တက်မဖြုတ်
သုတ်သုတ်လှမ်း
ရာဇ၀င်ပန်းပွင့်ဖြူဖြူ
ဘယ်သူ နမ်းကြူရဲသလဲဟေ့ … ။
(၁၉၈၈ ခုနှစ် အရေးတော်ပုံကာလတွင် အမည်မသိ ကဗျာဆရာတဦးမှ ရေးသားသည်)
လွတ်မြောက်ရေးကောင်းကင်မှာ လင်းလက်နေမယ့် ကြယ်တစင်း
ရွာအ၀င်တွင်တော့ ကျနော့်ခြေလှမ်းများ နှေးသွားသည်။ နောက်ကပါလာသည့် မွန်ပြည်သစ်ပါတီ ရဲဘော် လေး က `ဆေးမှူး အရှေ့ကလူတွေနဲ့ ပြတ်သွားဦးမယ်..´ သတိပေးမှ ကျနော် ခပ်သုတ်သုတ် လှမ်းမိ သည်။ ရာဘာတောမှအထွက် သူမတို့ အိမ်ရှိရာလမ်းမှ ပွိုင့် မဖြတ်ဘို့ ဆုတောင်းသော်လည်း ပွိုင့်သွားသည့် ရဲဘော်က ချိုးဝင်သွားခဲ့ပြီ။ အင်းလေ… ဒီလမ်းက ရွာလယ်ရောက်ဘို့ အနီးဆုံးလမ်းမဟုတ်လား။
သူမတို့အိမ်နားရောက်တော့ ထွက်လာသည့် လူရိပ်တခုကို တွေ့လိုက်ရသည်။ သူမ…၊ ကျနော် အကြိမ်ကြိမ် ဆုတောင်းသော်လည်း မပြည့်ခဲ့ပါလား။ စစ်ကြောင်းအရှေ့ အနောက်ကို ရှာကြည့်နေပုံရသည်။ ပြီးတော့ ကျနော်ကိုတွေ့တော့ ၀မ်းသာအားရ အပြေးကလေး ကျနော့်နားသို့ ရောက်လာခဲ့သည်။ ပြီးတော့ …`ဆေးမှူး၊ သူရောဟင်.. သူဘာမှ မဖြစ်ဘူးမဟုတ်လား။ ´ `ဘုရားရေ.. သူမသိသေး ပါလား။ ´ ကျနော့် စိတ်ထဲမှ တွေးမိသည်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်ကို သမီးရည်းစားဖြစ်အောင် လုပ်ဆောင် ပေးခဲ့သည့် ကျနော်က သူ ကျဆုံးသွားသည့်အကြောင်းကို ပြောပြရသူဖြစ်ရဦးမည်။
ကျနော်လည်း စိတ်မသက်မသာနှင့် ကျဆုံးသွားသည့် အကြောင်းကို ခပ်တိုတိုရှင်းပြလိုက်သည်။ နားထောင် နေသော သူမကို တည့်တည့်မကြည့်ရဲ။ သူမယုံရော ယုံပါ့မလား။ ရည်းစားသက်တမ်းကို စစ်စစ်ပေါက်ပေါက် တွက်ကြည့်လျှင် ၃ ရက်သာကြာသေးသည်။ အဖြေရပြီးသည်နှင့် တခြားရွာသို့ စစ်ကြောင်း ထွက်ရသည်။ ပြန်လာတော့ သူမပါလာ။ ကျနော် ပြောနေရင်း ရှိုက်သံကြားလို့ငဲ့ကြည့်တော့ ကလေးမ ငိုနေရှာပြီ။ ငိုပါ … ညီမလေးရေ။ ငိုပါ။ ငါတို့လည်း ရင်ထဲမှာ ငိုနေကြရတာဘဲ။ အဖိုးထိုက်တဲ့ လူသားတွေ သေဆုံးမှုအတွက် ငါတို့ ရဲ့ မျက်ရည်တွေက ဂုဏ်ပြုမှုပါဘဲ။
(၁)
သူဆိုသည်က မင်းလူ။ ရန်ကုန်သား ။ ဖခင်ဖြစ်သူက အစိုးရ ကြေးနန်းတပ်က။ ၈၈၈၈ ဖြစ်ပြီး အစောဆုံး တောခိုသည့် ကျောင်းသားပြည်သူများထဲတွင် မင်းလူလည်း ပါသည်။ ကျနော် ရောက်တော့ သူက လုံးလုံး ပြောက်ကျားစစ်သားကြီး ဖြစ်နေပြီ။ တပ်ရင်းရှိ အငယ်ဆုံးသူများထဲတွင် သူပါသည်။ အလုပ် လုပ်ရာ တွင်လည်း တက်တက်ကြွကြွရှိသည်။ ကျနော်တခု မကြိုက်သည်က ရန်ဖြစ်တတ်ခြင်း။ မင်းလူနဲ့ စကားများ ရန်မဖြစ်ဘူးသူဆို၍ သိပ်မရှိလှ။ ဤသည်ကို ကျနော်က မကြိုက်။ တပ်ထိပ်ပိုင်းတာဝန် ရှိသူများက အစဉ် ခေါ်ယူဝေဘန်သည်။ ကျနော်တို့လို ခင်မင်ရင်းနှီးသူများက ဖျောင်းဖျဆုံးမသည်။ ထိုအချိန်တွင်တော့ သူက ပြုံးပြုံး ပြုံးပြုံးနှင့် ငြိမ်ပြီး နားထောင်နေတတ်သည်။ သို့သော် ရန်ကတော့ ဖြစ်မြဲ။
ထိုစဉ်က ဘုရားသုံးဆူ ဒေသ မကျသေး။ ကျနော်တို့ တပ်ရင်းနေရသည်က ဘုရားသုံးဆူ ရွာစွန်နားတွင် ရှိသော ဘုန်းကြီးကျောင်းကုန်းရှိ အခင်းအနည်းငယ်သာရှိသော ဇရပ်၌။ ထိုဇရပ်ကို ရောက်ပြီးနောက် ၀ါး ခုတ်ပြီး အကာအခင်းအပြည့်လုပ်ရသည်။ စားဘို့အတွက် လူခွဲကာ တောင်ယာဖုန်းဆိုးဟောင်းများကို မွှေ နှောက်ရသည်။ မည်မျှပင် မွှေနှောက်စေကာမူ ကျနော်တို့ ရခဲ့သည့် အသီးအနှံက ကျောက်ဖရုံသီး၊ ရွှေဖရုံသီးနှင့် သဘောင်္သီးပင်။ မနက် ကျောက်ဖရုံဆိုပါက ည သဘောင်္ သို့မဟုတ် ရွှေဖရုံ။ ကျနော်တို့ ဆေး တပ်စိတ်က မှီခိုနေထိုင်ရသည့် ဘုန်းကြီးကျောင်းအား နေ့စဉ် ရေထမ်းဖြည့်ရသည်။ ကြမ်းတိုက်ပေးရ သည်။ သို့အတွက် ဘုန်းကြီးများက သူတို့ ဆွမ်းစားပြီးလျှင် ကျနော်တို့အား ဆွမ်းဟင်းအကျန်များကို စွန့် လေ့ရှိသည်။ ဆွမ်းဟင်းအကျန်ဆိုသည်က ငပိရည်သာ။ ငပိရည်ကလည်း နဲသည့်အတွက် ကိုယ်နှင့် ခင်မင် သူများကို ခေါ်ကာ ဒိုင်၍ စားရသည်။ ကျနော်နှင့် အတူစားဖြစ်သည်က မင်းလူ။ ငပိရည် နှစ်ဇွန်း သုံးဇွန်း ကိုက ထိုအချိန်က နတ်သုဒ္ဓါ။
နောက် ကျနော်တို့စခန်းဆောက်ရန်မြေနေရာရသည်။ စခန်းဆောက်ပြီး၍ ပြောင်းကာစမှာပင် ဘုရားသုံးဆူ ၀န်းကျင်တခို၌ စစ်ရိပ်စစ်ငွေ့များယှက်သန်းလာသည်။ ရန်သူစစ်တပ်က ထိုးစစ်ဆင်တော့မည်။ ထိုအချိန်က ကျနော်တို့မှာရှိသည့်သေနတ်ကလူဦးရေထက်စာလျှင် အပုံကြီးနည်းလွန်းနေသည်။ ကျန်သောကျောင်းသား တပ်များ၊ မဟာမိတ်မွန်တပ်များဖြင့် ပေါင်း၍ စစ်ကြောင်းထွက်ရန် အကြောင်းကြားစာ ရောက်လာသည်။ ရှိသည့်သေနတ်များကို တွက်ကြည့်ပြီး စခန်းတွင် အချို့တ၀က်ထားပြီး ကျန်ရှိသည့်သေနတ်နှင့် ရှေ့တန်း ထွက်သွားကြသည်။ ထိုအထဲတွင် မင်းလူပါသွားသည်။ ကျနော်တို့က ဘုရားသုံးဆူကျခါနီးတွင်မှ ဆုတ်လာ ရသည်။
ဒီလိုနှင့် ကျနော်တို့ စခန်းအသစ်ပြောင်းဆောက်ရသည်။ ထိုနေရာက ကရိန်ကန်တွင်ဖြစ်သည်။ မအောင်မြင် သည့် ရေးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲကြသည်။ မင်းလူတို့ ပါသည်။ ကျနော်တို့ စခန်းဆောက်အပြီး ရှေ့တန်းသို့ ရိက္ခာပို့ရန် တာဝန်ကျသည်။ သေနတ် အပိုရှိရင်တော့ ရှေ့တန်းမှာနေခဲ့မယ်ဆိုသည့် စဉ်းစားမှုဖြင့် ကျနော် လိုက်သွားခဲ့သည်။ ၃ ရက်မျှ ပြင်းပြင်းထန်ထန်လျှောက်ပြီး ရေးတောင်ပိုင်းရှိ ခေါဇာ ကျေးရွာဂွင်ထဲ ရောက်သွားသည်။ ထိုအချိန်တွင်မင်းလူတို့က မြောက်ပိုင်းမှာ။ နောက်တန်းပြန်သည့်သူများ ပြန်သွားကြ သဖြင့် သေနတ်တလက်ယူပြီး ရှေ့တန်းတွင် ကျနော်နေရစ်ခဲ့သည်။ ရေးတောင်ပိုင်းဂွင်အတွင်း ၇ လ ခန့် လှည့်လည်နေထိုင်ပြီး ကျနော်တို့ စစ်ကြောင်း မြောက်ပိုင်းသို့ သွားပေါင်းရသည်။ ထိုသို့သွားပေါင်းမှသာ မင်းလူ နှင့် ပြန်ဆုံရခြင်းဖြစ်သည်။
(၂)
တပ်ကို ပြန်လည်စုဖွဲမှုလုပ်သောအခါ မင်းလူက ကျနော်တို့တပ်စိတ်တွင် ပါလာသည်။ နဂို ကတည်းက တွဲခဲ့ သူများဖြစ်နေခြင်းကြောင့်လည်း ဆိုးတိုင်ပင်ကောင်းတိုင်ပင်နေကြသည်။ အထူးသဖြင့်အချစ်ရေး။ အချစ်ရာ ကိစ္စတွင်ဖြစ်သည်၊ သူ နှစ်ခြိုက်နေသည့် တိုင်းရင်းသူကလေးကို မည်သို့ မည်ပုံ ချည်းကပ်သင့်သည်ကို ကျနော်က အကြံပေးရသည်။ ဤကိစ္စတွင် ကျနော်က ဖြစ်ဖြစ်ထွန်းထွန်း ရှိလှသူ မဟုတ်။ သို့သော် တခြားတပါးသော သူများအတွက်တော့ ရသည်။ အဓိက က ရည်းစားစာ ရေးပေးရခြင်းဖြစ်သည်။ ကျနော် ရေးသည့်စာကို သူက သူ့လက်ရေးနှင့် ပြန်ရေးပြီး ကျနော်က ကောင်မလေး ရေသွားခပ်ချိန်တွင် လိုက်ပေး ပေးရသည်။ ကျနော်ပေးတော့ (ကျနော်ပေးသည်ဟု ထင်ပုံရ၍) ကလေးမက မယူ။ အကျိုး အကြောင်းနှင့် ကျနော်ပေးခြင်း မဟုတ်ကြောင်း ရှင်းပြတော့လည်း မရ။ ဒါဆို ကြိုက်တဲ့သူကို လာပေးခိုင်းလိုက်ဟု စကား ပြန်လိုက်သည်။ သို့သော် ဒီကောင်ကလည်း စစ်တိုက်ရင်တော့ အလွန်ရဲရင့်သူ ဖြစ်သော်လည်း ဒီကိစ္စ မျိုးမှာတော့ မရဲတင်း။ သူသွားပေးတော့ ကျနော့်ကို အတင်းခေါ်သည်။ ကျနော်ကလည်း ဆေးရိုးသည် အဖြစ်မခံနိုင်။ နောက်ဆုံးတော့လည်း သူ့ဆန္ဒကို လိုက်လျောပြီး လိုက်သွားသည်။
သူသွားပေးတော့ ကောင်မလေးက ငြင်းဘို့တောင်မေ့နေပုံရသည်။ ချက်ချင်းကို စာလက်ခံလိုက်သည်။ နောက်သိပ်မကြာခင်ရက်များအတွင်းမှာဘဲ ကျနော်တို့စစ်ကြောင်း အဲဒီရွာကို ပြန်ဝင်တော့ နှစ်ရက် လောက် အနားရသည်။ ဘောလုံးကန်ကြ၊ အပျိုမလည်ကြနှင့်။ ပြောက်ကြားဒေသဖြစ်သော်လည်း လူထုအခြေခံ ကောင်းသောဒေသဖြစ်၍ တပ်နှင့်ပြည်သူက ရေနှင့်ငါးပမာ။ နောက်နေ့စစ်ကြောင်း ထွက်မည်ဆိုသော ညတွင် မင်းလူတယောက်ပျော်လို့ မောလို့ တည်းရာအိမ်သို့ ပြန်လာသည်။ ကျနော့်စိတ်ထဲကတော့ သိနေ ခဲ့သည်။ ဒီကောင်လေးတော့ ရည်းစားအဖြေပြန်ပေးလိုက်ပြီ ဆိုသည်ကို။ သို့သော် မသိချင်ယောင်ဆောင် ပြီး အခြားစကားတွေလျှောက်ပြောသည်။ နောက်ဆုံးသူမနေနိုင်တော့။
`အကို သိလား.. ကျနော့်ကို အဖြေပြန်ပေးလိုက်ပြီဗျ´ သူဆိုတောာ့ ` သိပါတယ်ကွာ… မင်းပုံစံကြည့်တာနဲ့ ဒါပေမယ့် အိပ်ကြရအောင်။ မနက်ဖြန် စောစော စစ်ကြောင်းထွက်ရမယ်´ ကျနော်က ပြန်ပြောလိုက်သည်။ ထို့နောက် ကျနော်လည်း အိပ်ရာဝင်ဖြစ်ခဲ့သည်။
(၃)
နောက်နေ့မနက်စောစောပင် ကျနော်တို့ အရုတောင်ကျေးရွာဘက်သို့ ထွက်ခဲ့ကြသည်။ အရုတောင်က နာမည်ကြီး။ တလအတွင်း ကျနော်တို့ နှစ်ပွဲဆော်ထားကြသည်။ ထိုနှစ်ပွဲတွင် ရန်သူက တော်တော် အထိ နာခဲ့သည်။ ဒါကို သူတို့က အခဲမကျေ။ ကျေးရွာသားများထံမှ သတင်းများအရ ကျနော်တို့ကို အပိုင်အုပ်ရန် စီစဉ်နေသည်ဟု သိရသည်။
အရုတောင်ရောက်ပြီး နောက်နေ့မနက် ရန်သူ့လှုပ်ရှားမှု သတင်းကြားရသည်။ ရွာအ၀င် နည်းနည်း လှမ်းသည့် ရာဘာတောထဲတွင် ကျနော်တို့ ခြုံခိုတိုက်ပွဲလုပ်ရန် ပြင်ရသည်။ တနေကုန်ထမင်းငတ်သွား သည်။ ညနေ လေးနာရီလောက်၌ ရွာသားများ ထမင်းလာပို့ပြီး ထွက်လာသည့်ရန်သူ ရေးမြို့ထဲသို့ ပြန် ၀င်သွားကြောင်း သတင်းပါလာသည်။ ထမင်းစားပြီး ရွာထဲသို့ပြန်ဝင်ကာနေရာချသည်။ ထုံးစံအတိုင်း မင်းလူက ကျနော်နှင့်အတူအိပ်သည်။ ညဘက်ရောက်တော့ သူက ပြောသည်။ ` ကျနော်က သူ့ကို နှစ်ရက် လောက်ပဲ ကြာမယ် ပြောခဲ့တာဗျ။ ဒါဆို မနက်ဖြန်လောက်ဆို သူတို့ရွာကို ပြန်ရောက်လောက်ပြီပေါ့နော်။´ `အေးဖြစ်တော့ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် စစ်ရေးဆိုတာကလည်း မင်းသိတဲ့အတိုင်း အစိုးရတာမှ မဟုတ် တာ။ ခုတမျိုး.. တော်ကြာတမျိုး ပြောင်းတတ်တာဘဲ။ဘာဘဲဖြစ်ဖြစ် ပြန်ရောက်မှာပါ။ အိပ်မယ်။ ညဘက်ကျ ကင်းရှိသေးတယ်´ ဟု ကျနော်ဆိုတော့ `ဟုတ်ကဲ့´ ပြောကာ တဘက်လှည့်ပြီး အိပ်ပျော်သွားသည်။ သို့သော် သူကတိပေးခဲ့သည့် ပြန်ရောက်မည်ဆိုသောမနက်ဖြန်သည် ကျနော်တို့အား ကြေကွဲမှုများစွာပေး ရန် စောင့်စားနေသည်ကို ကျနော်တို့အားလုံး မသိကြချေ။
ကျနော့်ကင်းချိန်က ညတနာရီက နှစ်နာရီ။ ကျနော်ပြီးတော့ မင်းလူ ကင်းချိန်။ မနက်လေးနာရီ ထိုးတော့ အရုဏ်ဦးတိုက်တတ်သည့်အတွက် အားလုံး နေရာယူပြီးနေရသည်။ ငါးနာရီခွဲလောက်အထိ ဘာမှမထူးခြား သောကြောင့် ပြန်ရုတ်ပြီး ကိုယ်တည်းသည့် အိမ်ကို ပြန်ကြသည်။ စောင်ပါးလေး ခြုံပြီး ပြန်ကွေးနေတုန်း… ဆူဆူညံညံနှင့်ရွာပြင်ဘက်မှ အော်၍ ပြေးလာသော အမျိုးသမီးကြီးတယောက်၏ အသံကို ကြားရသည်။ အော်လာသည်က `ကွန်မနန်ဟမယ်(ဗမာစစ်သား)လား… ကွန်မနန်မွန် (မွန်စစ်သား) လား မသိဘူး။အများကြီးဘဲ´ ။ သေချာသည်ကတော့ ရွာပြင်မှာ ကိုယ့်လူမရှိ။ ရန်သူသာဖြစ်သည်။ ကျနော်တို့ အားလုံး အီကွေးမင့်၊ သေနတ်၊ဘေးလွယ်အိတ် အားလုံးလက်တဘက်နှင့်ဆွဲပြီး ဖိနပ်ကိုတဘက်မှ ကိုင်ကာ တကိုယ်စာအတွက် ပစ်ပိုင်နယ်ပေးထားသည့် နေရာသို့ အပြေးသွားချိန်တွင်ပင် ကျနော်တို့ဘက်မှ ပစ်လိုက် သော RPG အသံကို ကြားရသည်။ ထိုပစ်ခတ်မှုကပင် ကျနော်တို့ကို ကယ်လိုက်သည်။ ရန်သူက လမ်းမ အတိုင်း အလုံးလိုက် အခဲလိုက် ပြေးဝင်လာစဉ် ထိုပစ်ခတ်မှုက သူတို့ ထိုးစစ်ကို နောက်ပြန်လန် သွားစေသည်။ အပြန်အလှန်ပစ်ခတ်မှုများဖြစ်တော့ ကျနော်က သတ်မှတ်ထားရာနေရာနှင့် ၁၅ ပေမျှ ကွာ နေသည်။ ကျနော့်ဘယ်ဘက်ယွန်းယွန်းတွင် မင်းလူ… ဘေးချင်းကပ်တွင် နိုင်သူ။ မင်းလူက ပစ်နေရင်း လှမ်းအော်သည်။ `အကိုတို့ အဲဒီနားမှာဘဲနေဦး ..အဲဒီနေရာက ကျည်လမ်းကြောင်း အရမ်းကျနေတယ်´ အော်ပြောရင်း တဖက်ကလည်း ပစ်နေသည်။
ဒီလိုနှင့် ကျနော်ရှေ့နားတွင်ရှိသော ဆန်နီ ခြေထောက်ထိသွားသည်။ တင်မောင်တက်ဆွဲတော့ ခြေထောက် ထပ်ထိသည်။ နောက် မောင်မောင်လတ်ထပ်တက်တော့ ဗိုက်ဘေးနားက လျှပ်ထိသွားသည်။ သူတို့ သုံးယောက်ကို ဆုတ်ရန်ပြောတော့ ဆုတ်သွားကြသည်။ ကျန်သည်က ကျနော်၊ နိုင်သူ ၊မင်းလူ။ နောက် ကျနော်တို့ညာကျောတွင် ဖြန့်ယူထားသော ကျောင်းသားတပ်ရင်း ၁၀၂ မှ စစ်ကူ နှစ်ယောက် ဘရောင်နင် စက်လတ်တလက်နှင့်ရောက်လာသည်။ သူတို့လည်း ၁၅ မိနစ်ခန့်သာ တယောက်ထိသွားသည်။ တိုက်ပွဲက ကျည်ဆန် ဖြည့်ချိန်လောက်တွင်သာ တိတ်ဆိတ်သည်။ ကျန်သည့်အချိန်က မုန်တိုင်းလို။ နှစ်နာရီခန့်ကြာ သွားသည်။ မင်းလူကတော့ ရာဘာပင်လတ်လတ်တခုတွင် ငုတ်တုတ်ထိုင်ပစ်လိုက်၊ ထပစ်လိုက်။ ခဏ ကြာတော့ ကျနော်နှင့်နိုင်သူအကြား အမ်အေ ၉၄ တလုံးကျလာသည်။ နိုင်သူ ဗိုက်တွင် အနည်းငယ် ထိ သည်။ ကျနော်လက်မောင်းကို ပေါက်ကွဲမှုကြောင့်လွင့်လာသည့် ခဲစ အသေးလေးပွတ်သွားသည်။ မင်းလူ အားလည်း အတင့်မရဲအောင် အော်ရသည်။ သူမကြားတော့။ သူ့ခန္ဓာကိုယ်တွင် လူထုအတွက် တိုက်နေရ သည်ဆိုသည့် စိတ်က ပူးကပ်နေခဲ့ပြီ။ သူ့ရှေ့မှောက်မှာလည်း အခြားသော ရဲဘော်များဒဏ်ရာ ရခဲ့ကြသည် မဟုတ်လား။ သူတချက်ထပစ်သည်။ ရုတ်တရက် ဖုတ်ခနဲ ထိုင်ရက်သား ပြန်ဖြစ်သွားသည်။ သူ့ဆီက သေနတ်သံ ငြိမ်သွားသည်။ နိုင်သူက သူတက်ကြည့်မယ် ကာပစ်ပေးရန် ပြောပြီး တက်သွားသည်။ တွား သွား၍ တက်သွားကာ လည်ပင်းကို သိုင်းဖက်ပြီး ကျနော့်ဘက်ကို ခေါင်းခါပြသည်။ ဆိုလိုသည်ကတော့ သူကျဆုံးသွားပြီ။ သူသေဆုံးသွားခဲ့ပြီဆိုသည့် အဓိပ္ပါယ်။ နိုင်သူက မင်းလူ၏ သေနတ်၊အီကွေးမင့်၊ ကျောပိုး အိတ်တို့ကို ဆွဲယူလာသည်။ အသက်မဲ့ခန္ဓာကိုတော့ မဆွဲနိုင်သေး။
တိုက်ပွဲက ရှည်ကြာလွန်းလှသည်။ ကျနော်တို့ ၀မ်းမနည်းအားသေး။ ကိုယ်ရှင်သန်ဘို့လည်း ပစ်ခတ်ရဦး မည် မဟုတ်လား။ နောက်ဆုံး ရန်သူထိုးစစ်က ကြီးသထက်ကြီးလာတော့ နေ့လည် ၁၁ နာရီခွဲခန့်တွင် ကျနော်တို့ ဆုတ်ပေးလိုက်ရသည်။ ပြန်ဆုတ်တော့ မင်းလူအပါအ၀င် ကျဆုံးသွားသည့် ရဲဘော် ၆ ဦး၏ ခန္ဓာကိုယ်များကို ကျနော်တို့ မသယ်နိုင်ခဲ့။
တိုက်ပွဲဖြစ်နေစဉ်က မရွာခဲ့သော မိုးက အပြန်လမ်းတလျှောက်တွင် သဲမဲပြင်းထန်လှစွာရွာသည်။ ကျနော် မျက်နှာသည်လည်း မိုးရေနှင့် မျက်ရည်စ ရောနေသည်။ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်နေမိသည်။ ခန္ဓာကိုယ်ကို ရအောင် မသယ်နိုင်ခဲ့သည့်အတွက်…။ နိုင်သူကတော့ ဖြေသိမ့်ပါသည်။ သို့သော် သူလည်း ၀မ်းနည်းသံနှင့်။ အဲဒီနေ့မှာ ချစ်သူနှင့် တွေ့ဖို့ မျှော်လင့်နေခဲ့တဲ့ အညတရ ပြောက်ကျားတဦးရဲ့  ကျန်ရစ်ခဲ့ သည့် ရုပ်ကြွင်းကို သူ့ချစ်သူရှိရာ ရွာမှာ မြှုပ်နှံပေးချင်တာက ကျနော့်ဆန္ဒပါ။ သူ့ မွေးဇာတိကို ပြန်ပို့ဖို့ ဆိုတာကလည်း မဖြစ်နိုင်သည့် ကိစ္စမဟုတ်လား။ ကျဆုံးသွားသည့်အကြောင်း သတင်းစကားသာ ပါးနိုင် မည်လေ။
မမြင်ရသည့် သူ့ဝိဥာဉ်ကရော သေဆုံးသည်နှင့် ဘယ်ကို စီးမျောသွားခဲ့ပါသလဲ။ အမေအိမ်ကိုလား.. ဝေး ကွာ ခဲ့တဲ့ စာသင်ခန်းကိုလား… သူ့ချစ်သူဆီလား။ ဘယ်ကိုပဲစီးသွားတာ ဖြစ်ဖြစ် လွတ်မြောက်ရေး ကောင်း ကင် ထဲမှာ ခေတ်အဆက်ဆက် လင်းလက်ခဲ့တဲ့ ကြယ်စင်တွေထဲက တစင်းတော့ သူ ဖြစ်သွားခဲ့ပြီလို့ စိတ်ထဲက ပြောရင်း ငိုနေတဲ့ သူ့ချစ်သူနံဘေးက ထွက်လာခဲ့သည်။ ဒီလိုအဖြစ်မျိုးတွေကလည်း စစ်အာဏာ ရှင်လက်အောက်က မလွတ်မြောက်မချင်းကြုံနေရမယ့် အဖြစ်တွေ မဟုတ်လား။
ထိုတိုက်ပွဲတွင် ကျောင်းသားတပ်မှ ၆ ဦးနှင့် မွန်ပြည်သစ်တပ်မတော်မှ ၂ ဦးကျသည်။ စုစုပေါင်း ၁၄ ဦးခန့် ဒဏ်ရာရသည်။
နအဖဘက်မှလည်း ၃၀ ၄၀ ခန့် ထိခိုက်ကျဆုံးဒဏ်ရာရသည်ဟု သိရသည်။
မြင့်ဇေ
ရွှေရုပ်တု
ရဲဘော်
နွေလည်နေ့ရက်တရက်မှာ
ငါတို့ကို ရဲဘော်ခွဲထွက်သွားခဲ့တယ်။
ရဲဘော်ရဲ့ဈာပနကို
ငိုရှိုက်ခြင်းနဲ့ ပို့ဆောင်ဂုဏ်ပြုဖို့
ငါတို့မှာ အချိန်မရှိ။
ရဲဘော်ရဲ့ ရုပ်တုကို
ယဉ်ကျေးစွာထုလုပ်ဖို့ … ပြီးတော့
ထိုက်တန်စွာ ထုလုပ်ဖို့
ငါတို့မှာ ရွှေသားမရှိ။
ဒါပေမယ့်
သွေးတွေရွှဲနစ်နေတဲ့
ရဲဘော်ရဲ့ အင်္ကျီကို
ငါတို့ အလံထူလို့
ရှေ့သို့ ရှေ့သို့
ရှေ့ဆီကို သွားနေကြတယ်ဆိုရင်
နှစ်နှစ်ချိုက်ချိုက်
အိပ်ပျော်လိုက်ပါတော့ ရဲဘော်။
ဌေးအောင်
သူပုန်တယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်၊ ပထမညအစီရင်ခံစာ အကျဉ်း
(က)
လူတွေနဲ့ဝေး... ဝေး၊ ဝေးတဲ့နယ်မြေ
တနေရာရှိ... ရှိ၊ ရှိရမယ်လေ
နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ
(စိုင်းထီးဆိုင်၏ “သဘာဝရင်သွေးငယ်” သီချင်းမှ)
“အဟုန်းဝ” ရွာက ဘီးလင်းချောင်းအား ကားယားခွ၍ ထားသည်။ ချောင်း၏အရှေ့ဘက်ကမ်း၌လည်း အဟုန်းဝရွာရှိသလို ချောင်း၏အနောက်ဘက်ကမ်းခြေတွင်လည်းအဟုန်းဝရွာရှိသည်။ နှစ်ရွာလုံးကဘီးလင်း ချောင်းအား မေးတင်၍ ထားကြသည်။ မျက်နှာချင်းဆိုင်မဟုတ်။ ဓားလွယ်ခုတ်သဏ္ဍာန် ရှိသည်။ အနောက် ဘက်ကမ်းခြေရွာက မြစ်ညှာဘက် ပိုကျပြီး အရှေ့ဘက်ကမ်းရွာကမူ မြစ်အောက် ဘက်ကျသည်။ အဟုန်းဝ အနောက်ဘက်ကမ်းရွာက ဘီးလင်းမြို့နှင့် ကမ်းတဘက်တည်းတွင်ရှိသည်။ ဘီးလင်း၊ ဖာပွန်လမ်းမ နှင့်လည်း နီးသည်။ ချောင်းနှင့်ကားလမ်းကြားရှိ “ကျေးတောရွာ”...။ ဘီးလင်းနှင့်မူ (၇) မိုင်ခန့်သာဝေးပြီး မြင်းလှည်းနှင့် သွားလာ၍ရသည်။ အနောက်ဘက်ကမ်းရွာက အရှေ့ဘက်ကမ်းရွာထက် အိမ်ခြေပိုများပြီး ကရင်လူမျိုးများနေထိုင်ကြသည်။ တောင်ထန်းခြံလုပ်ငန်းများ ရှိကြသည်။ အာဏာပိုင်အဆက်ဆက်က စိုက် ခိုင်းသဖြင့် ကြံကိုသာစိုက်ပျိုးကြရသည်။ ကြံက စပါးလောက် တောင်သူများအတွက် တွက်ခြေမကိုက်။ မစိုက်မဖြစ် အာဏာစက်ကြောင့်သာ စိုက်နေ ကြရသည်။ တံတားခါးကျိုးတပ်စခန်း၊ အမှတ် (၃) ခြေမြန် တပ်ရင်းဌာနချုပ်နှင့် အဟုန်းဝအနောက်ဘက် ကမ်းခြေရွာတို့က တြိဂံတခု၏ အနားစွန်းများသဖွယ် ချောင်း နှင့်ကားလမ်းကြားတွင် ရှိ၍နေသည်။ နှစ်မိုင်၊ သုံးမိုင်ထက်မကွာဝေးကြ။ တပ်စခန်းနှစ်ခုက ဘီးလင်း၊ ဖာပွန် ကားလမ်းပေါ်တွင်ရှိပြီး ရွာက ချောင်းနဘေးတွင်ရှိသည်။ ဘီးလင်းမှလာသော် တံတားခါးကျိုး တပ်စခန်း အားလွန်လျှင် ကားလမ်းမှ ဖယ်ပြီး ရွာသို့သွားသည့် လှည်းလမ်းရှိသည်။ လှည်းလမ်းက ကြံခင်းများအား ဖြတ်၍သွားသည်။
ကျနော်တို့မြင်းလှည်းက တံတားခါးကျိုးတပ်စခန်းအား လွန်ခဲ့ပြီ။ ဂိတ်မှစစ်သားသည် ကျနော်တို့ မြင်းလှည်း အား ခဏမျှ ကြည့်ပြီး လမ်းအားပိတ်ထားသည့် ၀ါးတန်းဂိတ်များအား ဖွင့်ပေးသည်။ မည်သို့မျှ မစစ်မေး၊ အဟုန်းဝရွာသို့သွားသည့် လှည်းလမ်းဝသို့ ရောက်သည့်အခါ၌ ကျနော်တို့ မြင်းလှည်းပေါ်မှ ဆင်းကြ၏။ တယောက်.. နှစ်ယောက် .. သုံးယောက်။ ကျနော်တို့၌ လွယ်အိတ် တလုံးသာပါသည်။ လွယ်အိတ်ထဲ၌က အ၀တ်အစားအပိုတစုံစီနှင့် ငွေအနည်းငယ်မျှသာ...။
ထားတော့။ တပေါင်းနေသည် ဖျော့၍ ဖျော့၍လာပြီ။ ကျနော်တို့တခုတော့ စိုးရိမ်နေသည်။ ရွာ
အတွင်း၌ စစ်တပ်နှင့် မတိုးမိစေရန်။ တွေ့၍ မေးလားမြန်းလား လုပ်လာလျှင်လည်း ပြဿနာမရှိ။ ကျနော်တို့ ဖြေရန်စိတ်ကူးထားပြီးသား အဖြေများကရှိသည်။ ရွာအတွင်း သို့ လှည်းလမ်းအတိုင်း
ဝင်ခဲ့သည်။ ရွာတွင် စစ်ကြောင်းမရှိ။ ကျနော့်မိတ်ဆွေ၏ အမည်အားပြော၍ ရွာသား တဦးအား မေးရသည်။ သူညွှန်ပြသည့်အတိုင်း ကျနော့်မိတ်ဆွေ၏အိမ်သို့ ရောက်သည်။ ပထမ၌ ကျနော်တို့
အားတွေ့ပြီးကျနော့်မိတ်ဆွေသည်အံ့သြ၍နေသည်။ ကျနော်အကျိုးအကြောင်းရှင်းပြ၍ သူ့ထံမှအကူအညီ တောင်းသည်။
“အရှေ့ဘက်ကမ်းကူးရင်တော့ ဒီအတိုင်းကူးလို့မဖြစ်ဘူး။ အရင်လူလွှတ်ပြီး သတင်းစုံစမ်းဦးမယ်။ အခု တလော ဟိုကောင်တွေ အ၀င်အထွက်အမြဲရှိတယ်။”
ကျနော့်မိတ်ဆွေပြောသည့် ဟိုကောင်တွေဆိုသည်မှာ ခလရ (၉၆) စစ်ကြောင်းနှင့် (သကစဖ) ဟု ခေါ်သော သောင်းကျန်းသူဆန့်ကျင်ရေးအဖွဲ့များအား ရည် ညွှန်းခြင်းဖြစ်သည်။ အရှေ့ဘက်ကမ်းတွင်မူ ကျနော်တို့ ဟိုကောင်တွေနှင့် တွေ့၍မရတော့။ အနောက်ဘက် ကမ်းရွာကဲ့သို့ ရှင်းပြ၍လည်းမရနိုင်။ ချောင်းခြားသောဤအရပ်က ကေအန်ယူတပ်မဟာ (၁၀) ၏ ပြောက် ကျား ဒေသဖြစ်၍နေပြီ။ န၀တ
အတွက်မူ စစ်ဆင်ရေးနယ်မြေ။ အမဲရောင်အရပ်။ ဤအတွက် ဤအရပ်တွင် ကျနော်တို့ ဟိုကောင်တွေနှင့် ဆုံမိ၍မရ။ ကြိုတင်၍ သတင်းစုံစမ်းပြီးမှ ကျနော်တို့အား ကျနော့်မိတ်ဆွေမှ အရှေ့ဘက်ကမ်းသို့ လိုက်ပို့ပေးရန် စီစဉ်ခြင်းဖြစ်သည်။ ကောင်းကင်သည် ပုဇွန်ဆီရောင်အသွေးမှ ဖျော့၍ လာသည်။ ၀ါဖျော့ဖျော့...။ ထိုမှ မှိုင်းပြပြ...။ အရောင်များပြောင်းလဲ၍ သွားတော့သည်။
(ခ)
နေ၀င်ညကို ကူးဖြတ်ပြီးမှ
ရောင်နီသာတဲ့နေ့သစ်ကိုရောက်မယ်
သံသရာလမ်းဟာ မချောမွေ့တတ်တော့
ရင်ဆိုင်ရန်ခွန်အားဖြည့် မိငယ်ရေ...
(ခင်မောင်တိုး၏ “ခွန်အားဖြည့်မိငယ်” သီချင်းမှ)
တပေါင်း၊ တန်ခူးဖြစ်၍ ချောင်းပြင်သည် ရေသားနည်းပြီး သဲသောင်များဖြင့် ကျယ်၍နေသည်။ သဲသောင် အတွင်းသို့ မဆင်းမီ ကမ်းပါးစပ်ရှိ မိုးမခပင်ရိပ် အုပ်အုပ်များအောက်၌ ကျနော်တို့အားလုံး ခေတ္တထိုင် ပြီးငြိမ်၍ ချောင်းရေပြင်နှင့် ဟိုဘက်ကမ်းဆီသို့ စူးစိုက်၍ကြည့်၏။ လဆန်းရက် လရောင်သည် ရေပြင်နှင့် သဲသောင်ပြင်ပေါ်သို့ ယိုစီး၍ ဖိတ်ကျနေသည်။ ဘော်ငွေရောင် ဖျော့ဖျော့အောက်၌ အရာအားလုံးသည် ငြိမ်သက်၍နေ၏။ ချောင်းရေသည် ရေအလျင်သာ။ အရာအားလုံးသည် သက်ငြိမ်…။
အရှေ့ဘက်ကမ်း ရွာဆီမှ နွားခလောက်သံများအား ကြိုးကြား၊ ကြိုးကြား ကြားရ၏။ အိမ်အပြန် နောက်ကျသည့် နွားရိုင်းတို့၏ ခလောက်သံ...။ တခါတခါတွင်မူ ကာလသားတို့၏ လရောင်ဆမ်းသည့် ညဥ့်ဦးယံ၌ မထူးခြား...။ ဟိုကောင် တွေမရှိ။ သူတို့ရှိပါက ရွာသည် ဤသို့မဟုတ်...။ တိတ် ဆိတ်၍နေသည်။ ငြိမ်၍နေ၏။ ၀ပ်၍နေ၏။ တစပြင် ကဲ့သို့ ..။
“ကျနော်တို့ကူးကြရအောင်..”
ကျနော်တို့အားလုံး မိုးမခအရိပ်မှ ထွက်၏။ ကမ်းပါးမှဆင်းသည်။ သဲသောင် ပြင်အား ဖြတ်ကြ၏။ နွေရက်များဖြစ်၍ ချောင်းရေက တိမ်သည်။ ဒူးဆစ်မြုပ်ရုံသာ ရှိသည်။ လုံချည်အား “မ” ပြီး ရေပြင်သို့ဆင်း၏။ လရောင်သည် ကျနော်တို့အားလုံး၏ ကျောပေါ်၌ ခိုစီး၍လိုက်လာသည်။ ရေပြင် ထက်မှ လဆန်းရက်လသည် ကျနော့်အားမော့၍ ကြည့်သည်။
ကျနော် ခေါင်းမော့လိုက်သည့်အခါ၌ ရွာမှ ကလေး များ၏အသံများကိုပင် ကြားရ၏။ ရွာသို့သွားရာ လူသွားလမ်းက ကမ်းပါးနှင့်မှေးပြီး ကပ်လျှက်သွား သည်။ ကျနော်တို့အပေါ်မှ ၀ဲ၍အော်နေသော တစ်တီတူးငှက်၏ မြည်သံကမရပ်တော့။ မှိတ်တုတ်မှိတ်တုတ် မီးရောင်များအား ဟိုမှသည်မှ တွေ့ရသည်။ အရှေ့မှသွားနေသော ကျနော့်မိတ်ဆွေသည် အိမ်ဝင်းတခု အတွင်းသို့ ၀င်လိုက်သည်။ အိမ်ရှင်အား ကျနော့်မိတ်ဆွေက ကရင်လို လှမ်း၍ခေါ်လိုက်သည်။ ကျနော်တို့က အိမ်ရှေ့ သရက်ပင် အုပ်အုပ်၏အရိပ်၌ လရောင်ကွယ်၍ မှောင်ရိပ်ခို ရပ်နေကြသည်။
ကျနော့်မိတ်ဆွေနှင့် အိမ်ရှင်သည်ကရင်လိုပြောနေကြသည်။ စကားသံအား ကြားရသော်လည်းနားမလည်။ ခဏကြာလျှင် သူတို့ နှစ်ဦးလုံး ကျနော်တို့ရှိရာ သစ်ပင်အရိပ်ဆီသို့လာကြသည်။
“သူက ဒီရွာရဲ့ “ဘီဘဲလ်ခို” ပဲ။ ခင်ဗျားတို့ကိစ္စ သူဆက်စီစဉ်ပေးလိမ့်မယ်”
ကျနော့်မိတ်ဆွေပြောသည့် “ဘီဘဲလ်ခို” ဆိုသည်မှာ ကရင်လိုရွာသူကြီး ဖြစ်သည်ကို နောင်မှ ကျနော်တို့သိလာကြရသည်။
ဤရွာများ၌ ရွာလူကြီးအား နှစ်ယောက်ထားကြ၏။ တယောက်က န၀တအာဏာပိုင်များနှင့် ဆက်ဆံရန်ဖြစ်ပြီး တယောက်က ကော်သူးလေအာဏာပိုင်များနှင့် ဆက်ဆံရန်ဖြစ်သည်။ ယခုကျနော်တို့နှင့် တွေ့သည့် ရွာသူကြီးက ကော်သူးလေပြည်နယ် အာဏာပိုင် များနှင့် ဆက်ဆံရမည့်သူဖြစ်မည်။ ကျနော်ကဆက်သွယ်လိုသည့် ကေအန်ယူမှ “ဖဒို” တယောက်၏ အမည် အား “ဘီဘဲလ်ခို” ကို ပြောသည်။ သူက …။
“မနက်ဖြန်ကျမှ ဆက်သွယ်တာပေါ့။ ဒီညတော့ ခင်ဗျားတို့ မဲနခေါင်းရွာဘက်တက်အိပ်တာ ကောင်းမယ်။ ဒီမှာက အချိန်မရွေး ဟိုကောင်တွေ ၀င်ထွက်ကြတယ်။ စိတ်မချရဘူး။”
သူ့စကားအရ ကျနော်တို့ဒီည ခရီးဆက်ကြရဦးမည်။ မဲနခေါင်းရွာက အဟုန်းဝရွာ၏ အထက်ပိုင်းတွင် ရှိသည်။ ဘီးလင်းချောင်းဘေးတွင်ပင်ရှိသော်လည်း ရွာဝန်းကျင်က ကွင်းမဟုတ်။ တောတောင် လျှိုမြောင် တို့ရှိသည်။ န၀တစစ်ကြောင်းများလည်း ရုတ်တရက် ၀င်ထွက်မလှုပ်ရှားရဲ။ ကျနော်တို့အဖို့ လုံခြုံမှုရှိသည်ဟု ဆိုရမည်။ ကျနော်တို့ အဟုန်းဝရွာမှ ထွက်ခဲ့၏။ လမ်းပြသည် ပုဆိုးတထည်အား ပုခုံးပေါ်တင်၍ အရှေ့မှ လျှောက်သည်။ သူ့နောက်မှ ကျနော်တို့...။ ကျနော်တို့ရွာသို့ဝင်ခဲ့သော လမ်းဘက်ဆီမှ ခွေးဟောင်သံ စူးစူးဝါးဝါးအား ကြားရသည်။ ကျနော်တို့ခြေလှမ်းများ မြန်၍လာသည်။ စစ်ဆင်ရေးနယ်မြေ၌ လက်နက် ရှိသောရန်သူအား လက်နက်မရှိသေးသည့် ကျနော်တို့ မရင်ဆိုင်လိုသေး...။ ကြံခင်းများအား တခင်းပြီး တခင်း ဖြတ်ကျော်ခဲ့ရ၏။ လရောင်ကိုမူ ကျနော်တို့ကျောပိုး၍ ထားရဆဲ။
(ဂ)
ပိုင်ဆိုင်တာအားလုံး စွန့်ကာလေ
မနာလိုစရာလည်းပဲ မရှိတော့ပေ
ဘယ်သူမဆိုအာလုံး တန်းတူနေ
ညီအစ်ကိုလို ကြင်နာမှုနဲ့လေ
လောကအသစ်တခုတည်နေ ..
(စိုင်းထီးဆိုင်၏ “သဘာဝရင်သွေးငယ်” သီချင်းမှ)
“စောဖားကလိုး” က ကျနော်နှင့် အလယ်တန်းထိ ကျောင်းနေဘက်သူငယ်ချင်း။ ယခုမူသူက ကေအန်ယူ သို့ဝင်ပြီး ကရင်လက်နက်ကိုင်တော်လှန်ရေးအား လုပ်ကိုင်၍နေသည်။ ကေအန်ယူ တပ်မဟာ (၁) မဲနခေါင်း နယ်မြေ၏ အကွက်မှူး၊ ကျနော်တို့ “စောဖားကလိုး” တို့ အဖွဲ့ထံတွင် ရောက်သည်မှာ (၃) ရက်ရှိပြီ။ မဲနခေါင်းနယ်မြေ၏ ကြံခင်းစောင့်တဲလေးတွင် ဖြစ်သည်။ မဲနခေါင်းချောင်းက ဘီးလင်းမြစ်အတွင်းသို့ စီးဝင်သည့် ရိုးငယ်လေးမျှသာ။ မိုးအခါတွင်ရေပြည့်ပြီး နွေဦးမှစ၍ရိုးလေးအတွင်းရေမရှိတော့။ ဟိုတကွက်၊ သည်တကွက် ရေအိုင်ငယ်လေးများသာ ကျန်ရှိတော့သည်။
နေ့ခင်းဘက်များတွင် ရေအိုင်ငယ်အတွင်းဆင်း၍ငါးဖမ်းကြသည်။ အိုင်ပက်ကြ၏။ ငါးနုတ်ကလေးများလည်း ရတတ်ကြ၏။ အများအားဖြင့်မူ ဖားတပိုင်း၊ ငါးတပိုင်းများကိုသာ အရများ၏။ ဖားလောင်းများက လက်မ ခန့်ပင်ရှိသည်။ အရောင်က ညိုမည်းမည်း၊ ရေစင်အောင်ဆေးသော်လည်း အချွဲက မပျောက်။ ဖားလောင်း များအား သရက်သီးစိမ်းနဲ့ ချက်စားကြသည်။ ချက်သည်ဆိုသော်လည်း
ဆီမပါ။ “ဟန်းကော” တွင် အချိုမှုန့်၊ ဆားခပ်၍ ပြုတ်ခြင်းမျှသာ...။
ဤရက်အတွင်း ကျနော်တို့ လူတယောက်အား ရှာ၍နေကြသည်။ “ဘီဘဲလ်ခို” များ၊ ကင်းသမားများကို လည်း လူလွှတ်၍ ရှာခိုင်း၏။ လမ်းလျှောက်စကားပြောစက်မှလည်း “စောဖားကလိုး” မှ ကေအန်ယူ၏အခြား စက်များသို့ မေး၍ရှာ၏။ မတွေ့။ ပျောက်၍နေသည်။ သူက ကျနော်တို့ထက် တရက်ကြို ထွက်ခဲ့သည်။ ချောင်းကူး၍ အရှေ့ဘက်ကမ်းသို့ ရောက်ခဲ့ပြီကိုမူ ကျနော်တို့ မြို့မှ မထွက်မီကတည်း
က သိသည်။ အသေ အချာပင်...။ သို့ကြောင့်ပင် ကျနော်တို့ နောက်နေ့၌ သူ့နောက်သို့ အမီလိုက်ခဲ့ခြင်းဖြစ်သည်။ ဤသို့ ထွက်ရန်အစီအစဉ်အားလုံးက ကျနော်တို့၏ အစီစဉ်ပင်။
ကေအန်ယူနှင့် အဆက်အသွယ်ရယူမှု၊ ဆက်သွယ် ပေးမည့်လမ်းပြ၊ ထွက်ခွာမည့်လမ်းကြောင်း၊ အားလုံးအား ကျနော်တို့ပင် စီမံခဲ့ကြ၏။ သူက အကြမ်းအဖျင်း မျှသာ သိ၏။ ဘယ်ရွာကို သွားမည် ဟူ၍မျှသာ...။ အသေးစိတ်ကိုမူ မသိ။ သူနှင့် ကျနော်တို့အားလုံး အတူ တူ ထွက်ကြရန် စီမံထားကြ၏။ ဤအတွင်း သူက အစိုးရိမ်လွန်ပြီး တယောက်တည်းထွက်သွားခဲ့၏။ ယခုမူ (၄) ရက်မြောက်ခဲ့ပြီ။ သူ့သတင်းအား လုံးဝမရသေး။ ကေအန်ယူမှ မည်သည့်အဖွဲ့နှင့်မျှလည်း တွေ့သည် ဟူ၍ မကြားရ။ ရွာသားများတွေ့ခဲ့သည်ဟူ၍လည်း သတင်းမရ။ သူဘယ်ရောက်လို့ နေပြီနည်း။ မတတ်နိုင် ..။
ဖြစ်နိုင်သည်က နှစ်လမ်းရှိသည်။ ကေအန်ယူနှင့် အဆက်အသွယ်မရသည့်အတွက် ပြည်တွင်းသို့
လျှို့ဝှက် စွာပြန်ဝင်သွားပြီး တနေရာရာတွင် ရှောင်၍နေသည်လား။ ဒါမှမဟုတ် န၀တစစ်ကြောင်းနှင့် တိုးမိပြီး အဖမ်း ခံသွားရပြီလား။ မြို့ရှိ သူ့နေအိမ်ကိုတော့ ပြန်၍မရ။ အဖမ်းခံရမည်သာဖြစ်မည်။ အန်အယ်လ်ဒီ၏ လွှတ် တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး ကျနော်တို့မြို့၏ မြို့နယ်စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌတဦးဖြစ်သည့် သူသည် ကော်မရှင်သို့ မြို့နယ် စည်းရုံးရေးအမှုဆောင်အမည်စာရင်း လိမ်ညာပြီး တင်သည်ဟူသည့် စွဲချက် နှင့် သူ့အားရုံးတင်မည်ကို ကျနော်တို့ ကြို၍သိထားကြသည်။
အမှန်တော့ လျော့သွားသော မြို့နယ် စည်းရုံးရေးအမှုဆောင်အချို့နေရာတွင် အသစ်ရွေးချယ်သည့်အမှုဆောင်အမည်စာရင်းသစ်အား ကောင်မ ရှင်သို့ ဥက္ကဋ္ဌအနေဖြင့် လက်မှတ်ထိုးပြီး သူတင်ပြခြင်းသာ ဖြစ်သည်။ ဤသည်ကို န၀တမှ အမည် စာရင်းနှစ်ခုမတူညီ၍ လိမ်ညာခြင်းဖြစ်သည်ဟူ၍ စွပ်စွဲပြီး ဖမ်းရန်ဖြစ်သည်။ အန်အယ်လ်ဒီ၏ လိုင်းသုံးလိုင်း မဟာဗျူဟာအလွန် န၀တမှ အန်အယ်လ်ဒီအား မြို့နယ်အထိ ထိုးစစ်ဆင်လာသော စစ်ဆင်ရေးဖြစ်သည်။
သူ့သတင်း တိတိကျကျမရဘဲ ကျနော်တို့ ဤအနီးအပါးမှ ထွက်ခွာသွား၍မရ။ မာနယ်ပလောသို့ တက်သွား ၍မဖြစ်။ သူ့သတင်းအား တိတိပပ သိရမှသာ ကျနော်တို့ ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ် ရမည်။
“စောဖားကလိုး” နှင့်ကျနော်တို့ယာယီနေထိုင်သည့်တဲငယ်သည် မဲနခေါင်းချောင်းရိုး၏ ကမ်းပါးထိပ်တွင်ပင်။ ရိုးချောင်း၏ တဘက်ကမ်းပါးသည် ကျနော်တို့ရှိသည့်ဘက်ထက် နိမ့်သဖြင့် ကျနော်တို့က အပေါ်စီးမှ နေရာ ယူထားသကဲ့သို့ရှိ၏။ ရေမရှိတော့သော်လည်း ချောင်းရိုးကမ်းပါး စောက်နက်သဖြင့် အလွယ်တကူ တဘက် ကမ်းမှ ကူးမလာနိုင်။ တဘက်ကမ်း၏ ဟိုမှာဘက်တွင်လည်း ဖုန်းဆိုးတောများသာရှိ၍ မျက်ကွယ်၊ ကျည် ကွယ် ပင်မရ။ ကျနော်တို့က အပေါ်စီးမှကြို၍ တွေ့မြင်နိုင်သည်။
ညနေ သုံးနာရီဝန်းကျင်တွင် ပုံမှန်ညနေစာအား စားကြပြီးဖြစ်သည်။ မနက်ဆိုလျှင်မူ (၇) နာရီခန့် စားကြ၏။ တဲဘေး၌ မိုးကာစအား ဖြန့်ခင်း၍ ဟန်းကောများအတွင်းမှ ထမင်းကိုပုံ၏။ ထို့နောက်... နှမ်းငပိ၊ ပြီးလျှင်... ကျနော်တို့၏ ဟင်းလျာများဖြစ်သည့် ဖားလောင်းနှင့်သရက်သီး။ ကျနော်တို့ အားလုံး ထိုင်၍စားသောက် ကြသည်။ ထမင်းပူပူ၊ ငရုတ်သီးချဉ်ချဉ်နှင့် ဖားလောင်းချွဲချွဲ...။ ချောင်းကမ်းပါးတဘက်ဖုန်းဆိုးတောမှ လက် နက်ကိုင်စစ်သားတယောက်အား ရိပ်ခနဲတွေ့လိုက်ရသည်။
“ပွိုင့်” ပြေးလာသူဖြစ်မည်။ “စောဖားကလိုး” သည် သူ့ဘေးမှ ကာဘိုင်ရိုင်ဖယ်သေနတ်အားဆွဲပြီး ကမ်းပါး ထိပ်ရှိ သစ်ပင်ဘေးသို့ပြေး၍ ၀ပ်လိုက်သည်။ သူ့ရဲဘော် နှစ်ယောက်သည်လည်း သူနှင့် ယှဉ်၍နေရာယူပြီး တဘက်ကမ်းသို့ ကြည့်နေကြသည်။ ကျနော်၏အသိက ကျနော့်အားညွှန်ကြားနေ၏။ နေရာယူရန်...။ သို့သော် ကျနော့်ခန္ဓာကိုယ်က မလှုပ်ရှား...။ ထမင်းဝိုင်းတွင် ထိုင်လျှက်ရှိနေသေး၏။ တဘက်ကမ်း ဖုန်းဆိုးတောမှ နောက်ထပ်လက်နက်ကိုင်စစ်သားများ ပေါ်လာပြန်သည်။ တယောက်၊ နောက်... တယောက်။ ပစ်ခတ်သံကိုမူမကြားရ။ ကျနော်က လှုပ်၍မရသေး။
“လူမှားမယ်၊ လူမှားမယ်၊ “ကျော်ဖားလူ” လူတွေ”
“စောဖားကလိုး” မှ သူ့ရဲဘော်များအား ပြောရင်း သစ်ပင်ကွယ်မှ ပြန်ထလာသည်။ ဤအချိန်အထိ ကျနော်တို့က လှုပ်ရှား၍မရသေး။ ထမင်းလုတ်အား လက်တွင်ဆုပ်လျက်...။ တဘက်ကမ်းမှ ရဲဘော်များ ချောင်းရိုးငယ်အား ကူးလာကြသည်။ ကျနော်တို့ ထမင်းဝိုင်းဘေးတွင်ပင် ထိုင်ကြ၏။ သူတို့ကိုင်သည့် လက်နက်များတွင် န၀တစစ်တပ်မှသုံးသော ဘီအေ (၆၃) မောင်းပြန်ရိုင်ဖယ်များလည်း ပါသည်။ ယူနီ ဖောင်းက ညိုပုတ်ပုတ်...။ လက်မောင်းတံဆိပ်မှာမူ မပါ။ “ကျော်ဖားလူ” အဖွဲ့က ကေအန်ယူ၏ဒေသခံ ပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဖြစ်သည်။ ဤနယ်မြေတွင်တော့ တိုက်ခိုက်ရေးတွင် နာမည်ရသည့်အဖွဲ့ ဖြစ်သည်။ “ကျော်ဖားလူ” နှင့် “စောဖားကလိုး” တို့ ကရင်လိုပြောနေကြသည်။ ကျနော်တို့က နားမလည်။ ထမင်းကိုသာဆက်၍ စားနေကြသည်။ ကရင်လိုပြောပြီး “စောဖားကလိုး” က ကျနော့်ကို မြန်မာလိုပြန် ပြောသည်။
“မနက်က အဟုန်းဝနဲ့မြောက်သူဌေးကုန်းအကြားကတောင်ထန်းတောထဲမှာ အသားဖြူဖြူပိန်ပိန်နဲ့ အသက် လေးဆယ်ကျော်လောက်ရှိတဲ့ လူတယောက်ကို “ကျော်ဖားလူ” တို့အဖွဲ့တွေ့လို့ မေးမြန်းကြည့်တယ်။ ဘာမှမေးလို့မရဘူး။ နာမည်လည်း မပြောဘူး။ ဒါပေမယ့် လွယ်အိတ်ထဲမှာ အင်္ဂလိပ် စာအုပ်ရယ်၊ မှတ်တမ်း စာအုပ်တအုပ်နဲ့ တိုက်ပုံအင်္ကျီတွေတွေ့တယ်... ။ ဒါနဲ့ ..။
“စောဖားကလိုး” ကသူ့စကားကို “ဒါနဲ့” ရပ်ထား၏. ကျနော်ရင်ထဲထိပ်သွား၏။ ဒါနဲ့ … ဘာဖြစ်”
သလဲ...။
“ဘာမှမေးလို့မရလို့ ဖမ်းပြီး ဗိုလ်မိချောင်းဆီ သွားပို့ခဲ့တယ်”
ဗိုလ်မိချောင်းကကေအန်ယူတပ်မဟာ (၁) သထုံခရိုင်အုပ်ချုပ်ရေး၏သထုံမြို့နယ် ဥက္ကဋ္ဌဖြစ်သည်။ ကျနော် တို့က သူ့ထံသို့လည်း ကျနော်တို့ရှာနေသည့်သူ၏ ပုံသဏ္ဍာန်နှင့် အကျိုးအကြောင်းအား ဆက်သွယ်ရေး စက်ဖြင့် အကြောင်းကြားထားပြီးပြီ။ စိုးရိမ်စရာမရှိတော့...။ ကျနော်တို့အမတ်မင်းအား ပြန်တွေ့ပြီ။ ကျနော် တို့သုံးယောက် တယောက်မျက်နှာတယောက်ကြည့်ပြီးပြုံးနိုင်တော့၏။ ဖားလောင်းတကောင်အား ဟန်း ကော ထဲမှခပ်၍ စားလိုက်၏။ လည်ချောင်းထဲတွင် ချွဲ၍ ၀င်သွားသည်။ ဗိုလ်မိချောင်းတို့က ကျခပ်ချောင်း တောင်ပေါ်တွင် စခန်းချနေကြသည်။
(ဃ)
ဒီကမ္ဘာမှာ စစ်... စစ်၊ စစ်မဖြစ်ရာမြေ
တနေရာရှိ... ရှိ၊ ရှိရမယ်လေ
ထာဝရငြိမ်းချမ်းမှုရှာကာပျော်ရွှင်နေ
သဘာဝရဲ့ ရင်သွေးငယ်တွေ...။
(စိုင်းထီးဆိုင်၏ “သဘာဝရင်သွေးငယ်” သီချင်းမှ)
ကျခပ်ချောင်းတောင်ပေါ်သို့ရောက်လျှင် တောင်ရိုးအတိုင်းလျှောက်၏။ တောင်ပေါ်ကကြည့်လျှင် ဘီးလင်း မြို့အား လှမ်း၍မြင်ရသည်။ သဲသဲကွဲကွဲမဟုတ်။ ဤအရာကဈေး၊ ဟိုအရာက စာသင်ကျောင်း၊ ထိုအရာက ဆေးရုံဟူ၍မူ ခွဲခြား၍ရ၏။ တောင်ရိုးပေါ်မှတဆင့် သွယ်ဆင်းသွားသော တောင်နှာမောင်းအတိုင်း ဖဲ့၍ ဆင်းကြသည်။ ဤအတိုင်း ဆက်၍ဆင်းသွားပါက ကျခပ်ချောင်းရွာသို့ ရောက်မည်။ ကျနော်တို့က ရွာဆီ သို့မသွား...။ ဂငယ်သဏ္ဍာန်ပြန်၍ ကွေ့ပတ်နေသည့် လက်မောင်းသွယ်တောင်ရိုးအတိုင်း လျှောက်ခဲ့၏။ ၀ါးရုံတောများအတွင်းသို့ တိုးဝင်ခဲ့ကြ၏။ လူသွားလမ်းဟူ၍ မတွေ့ရတော့...။ လမ်းဖျောက်ထားသည်လား။ ၀ါးရွက်ကြွေများဖုံးလွှမ်းနေ၍ လမ်းမတွေ့ရတော့သည်လား မပြောတတ်။
ဝါးရုံပင်အောက်၌ ကေအန်အယ်လ်အေ ရဲဘော်လေးနှစ်ဦး ကင်းစောင့်နေသည်ကို တွေ့ရ၏။
သူတို့ နှစ်ယောက်၏ အနောက်ဘက်၌ နောက်ထပ်သုံးယောက်အား တွေ့ရပြန်သည်။ RPG နံပါတ်
(၅) တလက် အား သူတို့ထဲမှ တယောက်က ကိုင်ဆောင်ထားသည်။ ကင်းရှည်ထုတ်ထားသော ကင်းတပ်စိတ် တစိတ် ဖြစ်မည်။ ကျနော်တို့လာမည်ကို ကြိုသိ၍လားမသိ။ သူတို့မည်သို့မျှ မေးမြန်းခြင်းမရှိ။ ကင်းတပ်စိတ်အား လွန်ခဲ့သည်။ ၀ါးရုံရိပ်များအောက်၌ ကေအန်အယ်လ်အေရဲဘော်များအား တွေ့ရ၏။ ဟိုနားတစု၊ သည်နား တစု။ အချို့က ပုခက်ပေါ်တွင် လဲလျောင်း၍ နားနေကြသည်။
ဗိုလ်မိချောင်းတို့နှင့်အတူ သူလည်း ထမင်းစားနေသည်။ကျနော်တို့ သူ့အနားတွင် ၀င်ထိုင်လိုက်ကြသည်။ ကျနော်တို့အားမြင်၍ သူ့မျက်လုံးသည် ၀င်းလက်၍သွားသည်။ ပြီးလျှင်...။ ကျနော်တို့အား ကြည့်နေသော သူ့အကြည့်က မှုန်မှိုင်းသွားပြန်သည်။ သူ့အကြည့်အား ကျနော်အားမရ။ သုံးလေး ရက်အတွင်းတွင်သူသည် “ချုံ့” ကျသွားသည်။ ပိန်ပါးသော ခန္ဓာသည် အောက်ခံအင်္ကျီမပါသော တိုက်ပုံအင်္ကျီအနက်အောက်၌ သေးငယ်သွားသည်ဟု ထင်မိ၏။ လက်ကောက်ဝတ်နေရာတွင် ကြိုးရာအစင်းကြောင်းသည် ဖြူသောသူ့ အသား၌ ထင်နေသည်။ ကျနော်က မျက်လုံးအကြည့်အား လွှဲလိုက်၏။ “ဟ” နေသည့် တိုက်ပုံအင်္ကျီ အောက်မှ သူ့၏ရင်သည် မို့လာလိုက်၊ ချပ်သွားလိုက်နှင့် လှုပ်ရှားမှုမြန်နေသည်။
(ခေတ်ပြိုင် အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြသည်။)
သူနှင့်ပြန်ဆုံပြီဖြစ်၍ ကျနော်တို့၏ ခရီးအားဆက်ကြရတော့မည်။ မာနယ်ပလောဆီသို့...။ မာနယ်ပလောက တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရက်တစ်အင်အားစုတို့ ပေါင်းဆုံစုစည်းရာအရပ်...။ ပြီးလျှင် စစ်အာဏာ ရှင်တို့အား လက်နက်ကိုင်တော်လှန်သော ခံတပ်...။ လွတ်မြောက်ရေးတိုက်ပွဲ
တို့၏ လွတ်မြောက်နယ်မြေ။ စစ်တိုက်လေယာဉ်အုပ်စုတစု ပျံသန်းလာသော အသံများအား ဆူညံစွာကြားရ၏။ PC – 6၊ PC – 7 အမျိုးအစားတိုက်လေယာဉ်များ ..။ ကျနော်တို့အပေါ်မှ ဖြတ်၍ ပျံသန်းသွားကြသည်။ ထွီးပါးဝီးကျိုး၊ နော်တ၊ မယ်ညောခီးနှင့် မာနယ်ပလော လွတ်မြောက်ရေး နယ်မြေများသို့ စစ်အုပ်စုမှ ထိုးစစ်ဆင်ရန် ပျံ သန်းသွားကြခြင်းဖြစ်သည်။ န၀တက ပြည်တွင်းစစ်အား လေကြောင်းမှပင် စစ်ဆင်၍ တိုက်နေကြပါ ပကောလား။ ။
ရွှေအိမ်စည်
အချစ်ပန်းကလေးတွေ ဝေနေပြီ ရဲဘော်
ဒီအချိန်ဆို လိုင်စင်တောင်တန်းမှာ ခရမ်းပြာပြာ အချစ်ပန်းလေးတွေ ဖူးပွင့်နေကြပြီပေါ့ ရဲဘော်၊ ကြည့်လေ ရာ အရပ် ရှစ်မျက်နှာမှာ ခရမ်းရောင်လွှမ်းနေတဲ့ တောင်ကုန်းတောင်တန်းကြီးတွေက ပတ်လည်ဝိုင်းလို့၊ တောင်ကြို တောင်ကြား ချိုင့်ဝှမ်းလေးတွေထဲမှာတော့ ခမ်းတောက်ဖူးဝါဝါလေးတွေက အပြွတ်လိုက် အခိုင် လိုက် သင်္ကြန်အလွမ်းပြေ ပိတောက်ပန်းလေးတွေ ကိုယ်စားပေါ့လေ။ ခြုံနွယ်ပိတ်ပေါင်းတွေ ကြားထဲမှာ တော့ ခတ္တာပန်းလို တောရိုင်းပန်း ဖြူဖြူလေးတွေ၊ နေကြာအရိုင်းဝါဝါလေးတွေကလည်း ပုန်းလျိုးကွယ်လျိုး နဲ့။
ဒီတောရိုင်းပန်းလေးတွေပါပဲ ရှေ့တန်းပြန်ရဲဘော်တွေကို ဂုဏ်ပြုကြဆိုခဲ့တာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ ကျဆုံးသွားခဲ့တဲ့ရဲဘော်တွေအတွက် လွမ်းသူပန်းခွေလှလှလေးတွေလုပ်ခဲ့ကြတာ။
ဒီတောရိုင်းပန်းလေးတွေ ပါပဲ။ မြေပုံလေးတွေပေါ်မှာ သတိရတိုင်း မြက်ရှင်းပေးကြရင်းနဲ့ အလွမ်းပန်းလေးတွေတင်ခဲ့ကြတာ။
ဒီတောရိုင်းပန်းလေးတွေပါပဲ၊ ဘုရားမှာတင်ပြီး ဆုတောင်းပေးခဲ့ကြ၊ အမျှဝေပေးခဲ့ကြတာ၊ ကျောင်းသား တပ်မတော် ရဲဘော် ရဲမေတွေ အားလုံးကတော့ တညီတညွတ်တည်း ကန့်ကွက်မဲမရှိ နာမည်ပေး ခေါ်ဝေါ သုံးစွဲခဲ့ကြတယ်လေ။
ဘာတဲ့ ...။
အချစ်ပန်းလေးတွေတဲ့။
----------
“ဝုန်း”
“ရဲဘော်မျိုးမြင့်အောင် မိုင်းနင်းမိလို့တဲ့”။ စခန်းတခုလုံး တောမီးပမာ ပံျ့သွားခဲ့တယ်။ ရဲဘော်ရဲမေတွေ မိုင်း သင်တန်းကွင်းရှိရာ ပြေးလွှားသွားကြတယ်။ ထမ်းစဉ်ပေါ်အမြန်တင် လေးယောက်တဆိုင်း အလှည့်ကျထမ်း ရင်း လေးဆယ့်ငါးမိနစ် လောက်သွားရတဲ့ ရှားဟော့ပန်နားက ကေအိုင်အေဆေးရုံကို အပြေးအလွား ပို့ခဲ့ ကြတယ်။ တနာရီအတွင်းမှာပါပဲ။ တတောက်တောက်နဲ့လမ်းလျှောက်တတ်စ သားငယ်ကိုကြည့်ပြီး အမေ သဘောကျဂုဏ်ယူခဲ့တဲ့ ခြေထောက်လေးနှစ်ဘက်ဟာ ပေါင်ရင်းကနေ၊ အခုနေ အမေများတွေ့ခဲ့ရင်ဖြင့် ...။
“ကျနော့်ကို ပစ်သတ်ပေးကြစမ်းပါ။ ကျနော် မနေချင်တော့ဘူး”
“အားတင်းထားစမ်းပါ ရဲဘော်၊ မင်းဘာမှမဖြစ်ဘူး မင်းဘေးမှာ ရဲဘော်ရဲမေတွေ အများကြီးရှိတယ်”
“ပစ်သတ်လိုက်ပါတော့၊ ကျနော်တကယ်မခံစားနိုင်တော့လို့ပါ” တချက်တချက် ပေါ်လာလိုက် တချက် တချက် ဖျော့တော့ တိုးဝင်သွားလိုက်နဲ့ အရုဏ်တက်ချိန်လောက်မှာတော့ ရဲဘော်ရဲ့ ဆန္ဒပြည့်ဝသွားလို့ ထင်ပါရဲ့ အပြစ်ကင်းစင်လှတဲ့ လူငယ်လေးတယောက် အိပ်မောကျနေသလိုပါပဲ။ အခုလောက်ဆို အိမ်ကို မပြန်နိုင်တော့တဲ့ ရဲဘော်ရဲ့ကိုယ်စား အိမ်ပြန်ချင်နေရှာတဲ့ ဝိညာဉ်လေးက အသော့နှင်ရင်း အေးမြတဲ့ မိခင် ရင်ခွင်ဆီ ေ |