ဆောင်းပါးများ

ရုပ်ပုံလွှာ
ဒဂုန်တာရာ

ဇော်ဂျီ၏ အမှာ
စာရေးသူ၏ အမှာ
သခင်ကိုယ်တော်မှိုင်း၊ (သို့မဟုတ်) ငြိမ်းချမ်းရေး ပိသုကာ
အောင်ဆန်း (သို့မဟုတ်) အရိုင်း
ကိုဘဟိန်း (သို့မဟုတ်) ကဗျာ
သခင်နု ---- မုန်တိုင်းထဲက သစ်ရွက်တရွက်
သခင်သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်
ကိုဗဆွေ - လျှို့ဝှက်သော အပြုံး

ဂျာနယ်ကျော် မမလေး စာပေဖြန့်ချိရေး
၁၃၆၊ ဘီဂင်ဒက်လမ်း၊ ရန်ကုန်မြို့
၁၉၅၅

နိဒါန်း

ဇော်ဂျီ အမှာရေးသည်

စာဖတ်ပရိသတ်အချို့သည် ဤစာအုပ်၌ပါရှိသော ရုပ်ပုံလွှာဆောင်းပါးများကို (၀ါ) စာတန်းများကို အချို့ ချို့သော ဂျာနယ်မဂ္ဂဇင်းတို့၌ ၁၉၄၆ ခုနှစ်မှစ၍ ထုံ့ပိုင်းထုံ့ပိုင်း ဖတ်ရှုခဲ့ပြီးဖြစ်မည်ဟု ထင်ပါသည်။

ဒဂုန်တာရာသည် ဤစာအုပ်ကို `ရုပ်ပုံလွှာ´ဟု အမည်မှည့်ထားရာ၊ ထိုသို့ပင် အမည်မှည့်ထိုက်သည်ဟု ယူ ဆပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆောင်းပါးများတွင် ဒဂုန်တာရာသည် မိမိ တက္ကသိုလ်ကျောင်းသား ဘ၀က သိကျွမ်းခင်မင်ခဲ့သော ပုဂ္ဂိုလ်များ အကြောင်းကို ထိုပုဂ္ဂိုလ်တို့၏ ကိုယ်၊ နှုတ်၊ နှလုံး အမူအယာများ မှ၎င်း၊ တစိတစောင်း အကွက်အကောင်းယူ၍ ရေးစီရင်ထားသောကြောင့် ဖြစ်ပေသည်။

ထိုပုဂ္ဂိုလ်တို့အပေါ်၌ ထားရှိခဲ့သော ဒဂုန်တာရာ၏ အချို့အချို့သော အယူအဆ အကြားအမြင်တို့နှင့် စပ် လျဉ်း၍ စာဖတ်ပရိသတ်သည် ဒဂုန်တာရာနှင့် သဘောချင်းတိုက်ဆိုင်ခြင်း ရှိချင်မှရှိပေလိမ့်မည်။ သို့ရာတွင် ဒဂုန်တာရာ၏ စေတနာနှင့် ကလောင်သွေးဆောင်မှုတို့ကိုကား လေးစားကြရမည်သာ ဖြစ်လေသည်။ စင် စစ်မှာ ဒဂုန်တာရာ၏ ဆောင်းပါးများကြောင့် မြန်မာစာပေတွင် လူ့သမိုင်းရေးပုံရေးနည်း အသစ်တမျိုး တိုး လာပြီဟုပင် ဆိုနိုင်လေသည်။

စာဆိုဥာဏ်ရှိသူတို့သည် လူ့သဘာဝ၌၄င်း၊ လောကအဖြစ်အပျက်၌၄င်း၊ ၀မ်းမြောက်ဖွယ်အကွက်၊ ကျေကွဲ ဖွယ်အကွက် စသောအကွက်များကို မြင်တတ်ကြသူများလည်းဖြစ်၍ နှစ်သက်ဖွယ်ဖြစ်အောင် တင်ပြတတ် သူများလည်း ဖြစ်ပေသည်။ ထိုသို့ မြင်တတ်၍ ထိုသို့ တင်ပြတတ်သောသူများ၏ စာပေမျိုးသည် ပြည်သူ လူထု၏ ဥာဏ်ပညာတိုးတက်ရေးတွင် ရှေ့ဆောင်ရှေ့ရွက်သဖွယ်ဖြစ်လေသည်။ ထိုစာပေမျိုးသည် ပတ်ဝန်းကျင်ကို သတိမမူနေတတ်သူတို့အား သတိမူချင်လာအောင်ပြုပေးတတ်လေသည်။ နားမျက်စိကို ဖွင့်ပေးတတ်လေသည်။ စေတနာကို နှိုးဆော်ပေးတတ်လေသည်။

အကြင်နိုင်ငံတခုတွင် ပတ်ဝန်းကျင်ကို သတိမမူခြင်း၊ နား၊ မျက်စိ မသုံးခြင်း၊ စေတနာ ထုံထိုင်းခြင်းတို့ ရှိ ၏၊။ ထိုနိုင်ငံတွင် တိုးတက်ခြင်းမရှိဖြစ်တတ်သည်။ ရှိစေကာမူ နှေးကွေးတတ်သည်။ ဤသို့ပင်ထင် မိလေသည်။ ဤစာအုပ်တွင် စာခံပုဂ္ဂိုလ်တို့သည် နိုင်ငံကသိသောပုဂ္ဂိုလ်များလည်းဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့၏ အတိတ်ကို ဆောင်ပြထားပုံမှာလည်း နှစ်သက်ဖွယ်ရာ ဖြစ်လေရာ ဤစာအုပ်သည် စာရေးဆရာလောက ၌၄င်း၊ စာဖတ်ပရိသတ် လောက၌၄င်း၊ ပတ်ဝန်းကျင် သတိမမူခြင်း၊ နားမျက်စိ မသုံးခြင်း၊ စေတနာ ထုံထိုင်းခြင်းတို့ကို ဖယ်ရှား၍ ဥာဏ်ပညာကို ပွင့်လန်းအောင်ပြုရာတွင် အားကောင်းတခုဖြစ်မည်ဟု ယူဆ ပါသတည်း။

ဇော်ဂျီ
၂၂၊ ၅၊ ၅၅

---------------------------------------------------------------------------------------------------------

စာရေးသူ၏ အမှာ

စာရေးသူသည် ၁၉၄၆ က `လူကို လေ့လာခြင်း´ ဟု ခေါင်းစဉ်တပ်၍ `အောင်ဆန်း သို့မဟုတ် အရိုင်း´ ဟူ သော စာတပုဒ်ရေးလိုက်၏။ ထိုအခါက ဖဆပလမှာ အင်အားကောင်းချိန်၊ ဗိုလ်ချုပ်အောင်ဆန်းမှာ တပြည် လုံးက တသက်သက်ကြည်ညိုခြင်းခံနေရသောအချိန်ဖြစ်ရာ၊ အချို့က `အရိုင်း´ ဟု ဆိုရပါမည်လောဟူ၍ မကျေနပ်ကြ။ ဗိုလ်ချုပ်အောင်ဆန်းကမူ `ဌေးမြိုင်ကတော့ ကိုယ့်ကိုအရိုင်းလို့ရေးတယ်။ ကိုယ်ဒီလောက် မ ရိုင်းသေးပါဘူးကွာ´ ဟုပြောသည်ဟု ကြားရ၏။ ဘဟိန်းသို့မဟုတ် ကဗျာ `လူကိုလေ့လာခြင်း´ ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက `ဘဟိန်းကတော့ ဘဟိန်းသို့မဟုတ် Romance လို့ဆိုရင်ပိုမှန်မယ်´ ဟုပြုံးရယ် ကာ ပြောလေသည်။

စာရေးသူကား ဗိုလ်ချုပ်အောင်ဆန်းကိုအရိုင်းဟူ၍ ပုတ်ခတ်မည်၊ ဘာမည်၊ ညာမည်စသည့် စေတနာထား ၍ ရေးခြင်းမဟုတ်။ သူ၏စိတ်၌ ရေးချင်စိတ်ပေါ်လာ၍ ရေးလိုက်ခြင်းသာဖြစ်သည်။ ကိုဘဟိန်း ကွယ်လွန် သောအခါ စိတ်၌ထိခိုက်၍ ရေးလိုက်မိသည်။ ကွန်မြူနစ်များတောခိုစက သခင်သန်းထွန်းကိုရေးသည်။ ကိုဗဆွေနှင့် ပြည်သူ့စာပေတိုက်၌တွေ့ပြီး ပြန်လာသောအခါလျှို့ဝှက်သောအပြုံးရှင် အကြောင်းရေးလေ သည်။

စာရေးသူသည် စီကာစဉ်ကာ ဇာတ်အိမ်ဖွဲ့ဆင်ကြံစည်၍ ရေးသည်မဟုတ်။ သူ၏စိတ်၌ သတိရပေါ်ပေါက် လာသည်ကို စာလုံးများဖြင့်ကုံးသီလိုက်သည်သာဖြစ်၏။ ကိုဗဆွေကိုရေးမည်ဟု စားပွဲ၌ထိုင်လိုက်သောအ ခါ အတိတ်မှ အခင်းအကွက်လေးများသည် မှတ်ဉာဏ်မှ ဖြတ်ကနဲ ဖြတ်ကနဲ ထွက်ကာ စာပေစိတ်ကူး တံခါးဝသို့ ၀င်လာကြလေ၏။ သူသည် ထိုဝင်လာသမျှကို ဆေးစက်တို့၍ ပုံကားကို ခြယ်သည်။

ထိုသို့ ခြယ်ရေးရာ၌ အဝေးကား၊ အနီးကား ဟူ၍ကားရှိပေမည်။ နီး၍ မမြင်တာလည်းရှိမည်။ ဝေး၍ပိုမြင် တာလည်း ရှိချင်ရှိမည်။ သူသည် သူ့စိတ်စေတနာ၌ လာ၍တိုးမိ တိုက်မိသောအခါမှသာ ရေးလိုက်သည် ကား ဖြစ်သည်။ ထို့ကြောင့် ခေတ်အခါနှင့် စိတ်အခြေအနေ၏ အချင်းအရာများလည်း ပါမည်။

သူသည် အထ္တုပ္ပတ္တိကို ရေးနေခြင်းမဟုတ်။ သူသတိရသော အခင်း၊ သူသိသောအကွက်၊ သူမြင်တွေ့ ရသောပုံပန်းတို့ကို ဖွဲ့စည်း ၍သာ ခြယ်ရေးခြင်းဖြစ်သည်။ အတိတ် ရာဇ၀င်ကို သူ၏တွေ့ကြုံရချက်များမှ ကောက်နှုတ်၍ နောက်ကားခံထားသည်။

သူသည် သူ၏ `လူကိုလေ့လာခြင်း´များကိုပေါင်းချုပ်၍ စာတအုပ် ထုတ်ဝေရကောင်းမှန်းမသိ။ ဇော်ဂျီက စာအုပ်တအုပ်အဖြစ် ပေါင်းချုပ်၍ ထုတ်ဝေအပ်သည်ဟု အကြံပေး၍သာ ယခုကဲ့သို့ ရုပ်ပုံလွှာစာအုပ် ပေါ် လာခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ဇော်ဂျီအား ကျေးဇူးတင်သည်။

`လူကိုလေ့လာခြင်း´ စာအချို့မှာ တာရာ၊ ရှုမ၀၊ ဂန္ထ၀င်ဂျာနယ်တို့၌ ပါပြီးသားများဖြစ်၍ အချို့မှာ အသစ် ရေးထားထားသော စာများဖြစ်သည်။ ပုံနှိပ်သောအခါ ပုံနှိပ်ပြီးသားစာများတွင် ရေးသည့်ရက်စွဲပါသည်။ ရက်စွဲကိုကြည့်၍ ခေတ်ကာလကို သိရာသည်။ သခင်ကိုယ်တော်မှိုင်းဆိုလျှင် စတာလင်ဆုမရမှီက ရေးခြင်း ဖြစ်သည်။ ထို့ကြောင့် စာဖတ်သူများသည် ရေးသောခေတ်ကို မမေ့ရန် မှာကြားလိုသည်။

သူ့၌ ရည်ရွယ်ချက် ရှိသေးသည်။ ယနေ့ခေတ်၌ အမျိုးသားညီညွတ်ရေးသည် ကွဲပြိုနေသည်။ အမျိုးသား ညီညွတ်ရေးမရှိသဖြင့် ငြိမ်းချမ်းရေးမရှိ။ တခါက အမျိုးသားလွတ်လပ်ရေး တိုက်ပွဲ၌ ညီညွတ်စုပေါင်းသော တပ်ပေါင်းစု အင်အားဖြင့် ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်တို့အား လက်တွဲ၍ တိုက်ခဲ့ကြသူများ ဖြစ်ကြသည်။ ဤကား ဖျက်၍မရသောရာဇ၀င် ကမ္ပည်းကျောက်စာဖြစ်သည်။ ဤရာဇ၀င်ကို သူသည် ပြန်၍ဖေါ်လိုသည်။

အကယ်၍ ဤစာအုပ်သည် အမျိုးသားညီညွတ်ရေးကို အားဖြည့်ပေးသော အမျှင်တမျှင်မျှ လူတို့၏စေတနာ ကို သစ်လန်းလာအောင် လှုံ့ဆော်ပေးမည်ဆိုပါက သူ၏ နိုင်ငံရေးရည်ရွယ်ချက်သည် တစိပ်တဒေသ ပြည့်မည်ဟု ကျေနပ်ရပေမည်။ ။

ဒဂုန် တာရာ
၁- ၆- ၅၅

---------------------------------------------------------------------------------------------------------

 
( ၁ )

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အမျိုးသားကဗျာဆရာကြီးအဖြစ် စာပေမှစတင်သိသော်လည်း ငြိမ်းချမ်း ရေးပိသုကာ ဆရာကြီးအဖြစ်နှင့် ချစ်ကျွမ်းခင်မင်ရခြင်းဖြစ်ပေသည်။

ဒေါင်းဋ္ဋီကာ၊ မျောက်ဋ္ဋီကာ၊ စသော စာအုပ်များကို ကျောင်းနေစဉ်က ဖတ်ခဲ့ရ၍ သွက်လက်သော ကာရန် ဖြင့် စကားရွှန်းရွှန်း၊ ဇ၀နဥာဏ်ရွှင်ရွှင် ရေးသားသည့် ဆရာကြီး၏ ဟန်တို့၌ စွဲငြိခဲ့၏။

မစ္စတာမောင်မှိုင်း မှာတော်ပုံ ၀တ္ထု၌ ကိုပေါ ညည်းပုံကို…

`တမယားသေလျှင် တမယားနေစမြဲပေမဲ့၊ စံလျားအခြေ နှစ်ပါးဂဟေမြဲမယ့်သူရဲ့၊ (အမယ်မင်း) မယားအ နေရဲရမလားတဲ့လို့၊ အလကား အမေကမဲမဲပြီး (ခင်အုံရယ်) အဖွားအေက ဆဲမှာက တမှုပါ၊´ စသော လူ့ သဘာဝသရုပ်ကို လေးချိုးကြီးဖြင့် ခပ်ရွှင်ရွှင် ရေးသားခဲ့၏။

လူချင်း စတင်ဆုံတွေ့ဖူးသည်ကား စစ်မဖြစ်မှီခေတ် တက္ကသိုလ်သမဂ္ဂ၌ ၀ါဒဖြန့်ချိရေးမှူးအဖြစ်ဆောင်ရွက် ခဲ့စဉ်ကဖြစ်ပေ၏။ အမျိုးသားနေ့၌ ညဘက်တွင် တရားပွဲများချပေးရာ တက္ကသိုလ်သမဂ္ဂတွင် ဆရာကြီး ဟောပြောပြီးနောက် မြေနီကုန်းတွင် ဆက်စရာရှိသဖြင့် ကျွန်တော်ပင် လိုက်ပို့ပေးရ၏။

ဆရာကြီးမှာ ထုံးခြောက်ရောင် ခပ်ဖျော့ဖျော့ပုဝါကို လျော့တိလျော့ရဲ ရစ်ပတ်ထားသည်။ ဆရာကြီးသည် ဘယ်တော့မှ မပေါင်း၊ လက်နှင့် ကဗျာကရာ ရစ်ပတ်လိုက်သည်သာ ဖြစ်၏။

ငွေရောင်ကဲ့သို့ ဖြူဖွေးသော ဆံစများမှာ ထုံးခြောက်ရောင်ထက်မှ သွယ်ရရယ်ကျနေ၏။ နှုတ်ခမ်းမွေးဖြူဖြူ မှာဇရာ၏ အမှတ်အသားဖြစ်သော်လည်း ပြုံးကြည်ရွှင်ပြသော မျက်လုံးအကြည့်မှာ ခိုင်မာလေးနက်ခြင်း အရောင်ဖြင့် တောက်ပနေသည်။ စကားပြောလိုက်သောအခါ ခေတ်မှီသောသဘောများကို ကြားရလိမ့် မည်။ လူငယ်ကဲ့သို့ တက်ကြွပျိုလွင်ခြင်းကို တွေ့ရှိရလိမ့်မည်။

ကားပေါ်တွင် ဗဟန်းကောလိပ်ခေတ်ကို တတွတ်တွတ်ပြောပြရာ နားထောင်၍ကောင်းလှ၏။ ထိုအခါက ကျွန်တော်တို့မှာ မွေးစသာရှိသေး၏။ ဆရာကြီး၏ ရှေးဖြစ်ဟောင်းကို ပြန်ပြောနေသည်မှာ အားရစရာ ကောင်းလှသည်။

တချက်တချက် ကွမ်းသွေးထွေးလိုက်ပြီးနောက်စကားကိုဆက်ပြန်၏။

`ဒီတုန်းကဆိုတာ ဆရာ့စိတ်ထဲမှာ တခါထဲ လူမျိုးခြားအနှောင်အဖွဲ့ကလွတ်ပြီး ကိုယ့်မင်းကိုယ်ချင်း ဘ၀ကို သာ ရောက်တော့မလို စိတ်မာန်က တက်နေတုန်းပေါ့…´

ကျွန်တော်က ၁၉၂၀ သပိတ်အရေးတော်ပုံမှ ပေါက်ဖွားလူးလွန့်လာသော အမျိုးသားကောလိပ်ကြီးကို စိတ်ကူးနှင့် မှန်းကြည့်နေခဲ့ရ၏။ အမ်-အေ မောင်ကြီးတို့ အကြောင်းရောက်ကာ အမျိုးသားကောလိပ်ကြီး ပျက်ရပုံကို ပြေပြနေပြန်၏။

`ဒို့လွတ်လပ်ရေးဟာ မင်းတို့လူငယ် ကျောင်းသားတွေ လက်ထဲမှာရှိတယ်။ မောင်အောင်ဆန်းဟာလဲ လူ တော်ကလေးကွဲ့´ ဟုကျွန်တော်တို့ဘက်သို့ လှည့်ကာ ပြောနေသည်။

မော်တော်ကားသည် မြေနီကုန်း အ၀ိုင်းကြီးကို ပတ်လိုက်လေပြီ။

ဓာတ်မီးတိုင်မှ အလင်းရောင်များကြောင့် ဆရာကြီး၏ မျက်နှာမှာလင်းနေသည်။ ဆရာကြီး၏ မျက်လုံးတို့မှာ အသက်အရွယ်ကြောင့် မီးခိုးရောင်ရှိသော်လည်း အကြည့်၌ကား ထက်မြက်လျက်ပင်ရှိသေး၏။ ပင်နီအပေါ် ဖုံး အဖြူထက်မှ ကွမ်းရိုးစင်း ပန်းရောင်နုလုံချည် စသော ဗမာဆန်သောအသွေးမှာ ဆရာကြီး၏ဟန်ပန်နှင့် ပဏ္ဏာရနေ၏။ ယခုခေတ်တွင် နိုင်ငံခြားအငွေ့အသက်မပါ၊ ဗမာဆန်ဆန် အမျိုးသားကြီးတဦးကို ပြပါဆို လျှင် ဆရာကြီးကို ပြရပေမည်။

စကားပြောရာ၌ လက်ညှိုးကိုထောင်ကာ ခေါင်းကိုငဲ့လျက် ဖြေးညင်းညင်သာစွာ ပြောသည်။ အသံမှာ သိမ် မွေ့သည်။ လူငယ်များကို ရင်းနှီးချစ်ခင်စွာဆက်ဆံသည်။ ဟာသရွှင်ရွှင်နှင့် ဝေဖန်ပြောလေ့ရှိသည်။ ဆရာ ကြီးပြောလျှင် ကျွန်တော်တို့မှာ အမြဲ ရယ်မောကာ နေကြရသည်။

သူ၏ လေးချိုးကဗျာကဲ့သို့ အမြီးအမောက် မတည့်သော လူနေမှုစနစ်၊ မမှန်ကန်သော လူ့သဘာဝတို့ကို ဟာသဖြင့် ပြက်ရယ် ပြုတတ်သည်။

မြေနီကုန်း တရားပွဲလုပ်နေရာ၌ ကားသည်ရပ်လိုက်သည်။ လက်ဦးပြောသူများကား ပြောလျက်ပင်ရှိသည်။ ထိုညတွင် ဆရာကြီးသည် တရား(၃) ပွဲ (၃) နေရာ၌ ဟောရမည်ဖြစ်သည်။

ဆရာကြီးသည် ကားပေါ်မှဆင်းပြီး `အေး အေး ကြိုးစားကြကွယ်။ မကြာခင် လွတ်လပ်ရမှာပေါ့´ ဟုဆိုကာ ခေါင်းတငြိမ့်ငြိမ့်နှင့် နှုတ်ဆက်ကာ ထွက်သွားသည်။

ဓာတ်ခွက်မှ ဒေါမာန်ပါပါနှင့်ပြောနေသော အမျိုးသားနေ့လူထုတရားပွဲ ပရိသတ်ကြီးထဲသို့ တိုးဝင်သွား သော ဆရာကြီးကို လှမ်းမြင် လိုက်ရသည်။

ထုံးခြောက်ရောင် လျော့ရဲရဲ ပ၀ါ၊ ပင်နီ၊ ပန်းနုနှင့် အ.. ကွမ်းရိုးစင်း၊ နှုတ်ခမ်းမွေးဖြူဖြူ၊ ကိုယ်နေ မတ်မတ် ဖိုင့်ဖိုင့်၊ ဤသဏ္ဌာန်မှာ ပဌမဦးဆုံး တွေ့ဖူးသော ဆရာကြီး၏ ရုပ်သွင်ဖြစ်ပေသည်။

ကျွန်တော့မှာ လူထုကြီးထဲသို့ တိုးဝင်သွားသော ဆရာကြီးအား အမျိုးသား လွတ်လပ်ရေး၏ အမှတ်တံဆိပ် အဖြစ် ရင်တွင်း၌ စွဲလမ်း မှတ်သား ထားခဲ့ပေသည်။

( ၂ )

ဂျပန်ခေတ်၌ ရွှေတောင်ကြားတွင် ဆရာကြီးနှင့် နီးကပ်စွာ တွေ့ဆုံရပြန်သည်။

ထိုအခါက ဆရာကြီးမှာ ရွှေတောင်ကြားလမ်းနှင့် ချင်းချောင်းရိပ်သာ လမ်းဒေါင့်ရှိ ကုန်းမြင့်ပေါ်ထက် ထင်း ရူးပင်များနှင့်တိုက်ဝယ် နေထိုင်လျက်ရှိသည်။ ကျွန်တော်မှာ တအိမ်ကြားရှိ ဗိုလ်ဇေယျနှင့်အတူ နေခိုက်ဖြစ် သည်။ ဆရာကြီးထံသို့ ဒို့ဗမာအစည်းအရုံးဥက္ကဋ္ဌ သခင်တင်မောင် (ယခု ကွယ်လွန်ပြီ) နှင့် သွားတတ်ကြ သည်။ သခင်တင်မောင်မှာ ကျွန်တော့်ကို မကြာခဏ လာခေါ်လေ့ရှိသည်။

ဆရာကြီးမှာ အမျိုးသားနေ့တရားပွဲတုန်းက ရုပ်သွင်ကဲ့သို့ပင် ခပ်ရွှင်ရွှင်အမူအယာနှင့်။ ပင်နီရှပ်အင်္ကျီအဖြူ ခံပေါ်မှအနက်ကွက် ပလေကပ်လုံချည်နှင့် တွေ့ရတတ်သည်။ ပင်နီရှပ်မှာ ရင်ခွဲဖြစ်၍ လုံချည်အပြင် ထုတ် ၀တ်ထားသည်။ လမ်းလျှောက်သည့်အခါ လက်တဘက်က လုံချည်ကိုခပ်ဆတ်ဆတ် ကြွ၍ကြွ၍ သွားလေ့ ရှိသည်။

လဘက်ကို တွင်တွင်စားသည်။ နှမ်းဆီဖြင့် ရွှဲနေသောလဘက်ခွက်ကို တိုးပေးကာ `စားကွ´ ဟု ကျွန်တော် တို့ဘက်သို့ လှည့်ပြောလေ့ရှိသည်။

လဘက်ခွက်ထဲရှိ ဆီထဲ၌ကား ပုဇွန်ခြောက်နှင့် ကြက်သွန်ကြော်တို့မှာ နန်းချင်းဖြစ်ပေ၏။ ဧည့်သည်များ ကား ဥဒဟို ၀င်ထွက်သွားလာလျက် ရှိကြသည်။ အများအားဖြင့် တပည့်တပန်းများ ဖြစ်ကုန်သော သခင် များ ဖြစ်ပေကြသည်။

ဆရာကြီးသည် နိုင်ငံရေးနှင့်ပတ်သက်၍ ပြောဆိုသည့်အခါ ဘယ်သူ့ကိုမှမညှာ။ ရှင်းရှင်းဘွင်းဘွင်းပင် ပြောသည်။ စောစောပိုင်းကပင် ဂျပန်ဆန့်ကျင်ရေးသမားဖြစ်ကာ သခင်အောင်ဆန်းတို့အား `မင်းတို့ပင့် လာတဲ့ဘုရား နှင်ချလို့မရဘူးလား´ဟု ပြောင်ပြောလေသည်။ တနေ့လုံး နိုင်ငံရေးစကား ပြောလေသည်။

နိုင်ငံရေးစကား ပြောလျှင် မောပန်းသည်မရှိ။ ထမင်းစား လာခေါ်မှ ထစားသည်။

တခါတရံ ဂျပန်သတင်းစာ ဆရာများ ပေါက်လာတတ်၏။ ထိုအခါမျိုးတွင် သခင်တင်မောင်က စကားပြန် လုပ်ရ၏။

ဂျပန်များရှေ့တွင်ပင် ဗမာများသည် ရာဇ၀င်အစဉ်အလာအရ ဘယ်သူ့ကျွန်အဖြစ်မှမခံဘဲ နေလာခဲ့ပုံများကို အခြေခံကာ အမျိုးသားဇာတိမာန်ကို ဖေါ်လေ့ရှိ၏။ ဂျပန်များကား လေးလေးစားစားပင် နားထောင်နေကြရ ၏။

ဆရာကြီးသည် ဗုံးရန်ကိုလည်း အမှုမထားတတ်။

တည၊ သခင်တင်မောင်က အတင်းဆွဲထားသဖြင့် ဆရာကြီး၏ အိမ်တွင် အိပ်ရပေသည်။ လေယျာဉ်ပျံလာ၍ အောက်ထပ်သို့ ဆင်းကာ ခြံထောင့်ရှိ ဗုံးကျင်းထဲ ပြေးဆင်းကြ၏။ ဆရာကြီးမှာ ဘယ်သူခေါ်၍မှ မရဘဲ စိတ်ပုတီးကိုင်ကာ လသာသာ၌ ခြံထဲရှိ လမ်းကလေးတွင် လမ်းလျှောက် မပျက်၊ ပုတီးစိပ် မပျက်….။

ဗုံးကား တဝေါဝေါ ကြဲချလျက်ရှိရာ သမီးဖြစ်သူ ဆရာယော(ဇေယျ)၏ ဇနီးက

`ဖေဖေ.. လူရိပ်မြင်မယ်။ ဖေဖေက ကိစ္စမရှိဘူး။ ဂျပန်တွေက တမျိုးထင်နေအုံးမယ်။ အိမ်ထဲဝင်နေပါ´ ဟု စိုးရိမ်ကြီးစွာလှမ်းပြောလိုက်မှ `ဟင်´ ဟုတချက်ဆိုကာ မှောင်ရိပ်ရှိသောတံခါးဝ၌ အသာ ကပ်လိုက်လေ သည်။

ကျွန်တော်နှင့် သခင်တင်မောင်မှာ ဥသြ အရှည်ဆွဲလိုက်မှ ဗုံးကျင်းထဲမှထွက်လာကြသည်။ ဆရာကြီးကား သူ့အခန်းထဲ၌ အေးဆေးစွာပင်ထိုင်နေကာ `အင်း … ဘယ်နေရာတွေများ ချပြန်ပလဲမသိဘူး။ သတ္တ၀ါတွေ သေကြကျေကြအုံးတော့မှာပဲ။ စစ်ကြီးပြီးမှ ဖြစ်မယ်ဟေ့´ဟု တည်ငြိမ်စွာ ပြောနေလေသည်။

( ၃ )

သည့်နောက်၌ကား ဆရာကြီးနှင့် တော်တော်ကြာ မဆုံတွေ့ဘဲ နေခဲ့ကြသည်။ အမှန်အားဖြင့် ဆရာကြီးမှာ ကျွန်တော့ကို ဖြတ်ကနဲ ဖြတ်ကနဲုသာတွေ့လိုက်ရ၍ မှတ်မှတ်ရရ ရှိချင်မှလည်းရှိပေမည်။ နိုင်ငံရေးသမား များနှင့်သာ အတူတွေ့သည်ဖြစ်၍ နိုင်ငံရေး နယ်ပယ်ထဲကဟုသာ သာမန်မှတ်ထင်မည်ဖြစ်၏။ စာအ ကြောင်း ပေအကြောင်းလည်း တခါမျှ မယ်မယ်ရရ မဆွေးနွေးဖူးဖြစ်။

၁၉၅၀ ခုက၊ ကျွန်တော် စာရေးဆရာအသင်း ဥက္ကဋ္ဌဖြစ်စဉ်က စာဆိုတော်နေ့ လူထုအစည်းအဝေး၌ ဆရာ ကြီးနှင့် စကားပြောလိုက်ရပြီး နောက် တရုတ်ပြည်သွားကြတော့မှ လက်ပွန်းတတီးနေခွင့်ရကာ ခင်မင် ရင်းနှီးလာလေ၏။

ထိုအခါကား သခင်ကိုယ်တော်မှိုင်းမှာ ငြိမ်းချမ်းရေးပိသုကာဆရာကြီး ဖြစ်နေပေပြီ။

လေးကန်ဖင့်နွဲခြင်း မရှိ။ လူငယ်များထက်ပင် ဖျတ်လတ်တက်ကြွနေသည်ကို အံ့သြစွာတွေ့ရ၏။ တရုတ် ပြည်တွင် လည်စရာကြည့်စရာ အစီအစဉ်များရှိရာ ဘယ်အစီအစဉ်မှ မလိုက်ဟူ၍ ချန်နေရစ်သည်မရှိ။ `ဆရာကြီး ပန်းနေမယ်။ နေချင် နေရစ်ခဲ့ပါလား´ ဟု အလိုက်တသိ ပြောသည့်အခါ လက်ကာလိုက်ကာ `လိုက် တာပေါ့။ ကိစ္စမရှိပါဘူး။ ဆရာလိုက်နိုင်ပါတယ်´ ဟုပြောကာ ပန်းရောင်ပ၀ါကို အသာခွေပတ်လိုက် သည်။

ဟန်ချောင်၌ ဥယျာဉ်ကြီးတခုသို့ သွားလည်ရာ တောင်ပေါ်သို့တက်သည့်နေရာ တနေရာရှိ၏။ တချို့ မိန်းမ ကိုယ်စားလှယ်တော်များမှာ တောင်အောက်ရှိ သစ်ပင်အောက်၌ အပန်းဖြေရင်း နေရစ်ခဲ့ကြ၏။ ဆရာကြီးမှာ မမောမပန်း တက်လိုက်သွား၍ တရုတ်ရဲဘော်များမှာ အံ့သြနေကြရသည်။

`လိုက်တာပေါ့ကွ´ဟု အစီအစဉ်တိုင်းကို လွယ်လွယ်ကူကူပင် လက်ခံသည်။ ကျွန်တော်တို့မှာ အသက် (၇၆) နှစ် အရွယ်နှင့် သည်လောက် ဖျတ်လတ်ပျိုလွင် နေခြင်းရှိသည်ကို အံ့သြနေကြရသည်။

ခရီးလမ်း တလျှောက်လုံးလည်း ဆရာကြီးကြောင့် စိုပြေနေခဲ့သည်။

ကောလုံမှ ဟောင်ကောင်ဘက်သို့အကူး ကူးတို့ဆိပ်တွင် ကူးတို့ကြေးထုတ်ပေးသည်ကို မြင်ရသောအခါ `ဂိတ်ကြေးလားကွ´ ဟု ဆရာကြီးကပြော၍ ကျွန်တော်တို့မှာ မရယ်ဘဲမနေနိုင်ကြ။ မော်စီတုန်း၏ ဧည့်ခံပွဲ တွင်လည်း လက်၌ပတ်ထားသော ပုတီးကိုကဗျာကရာဖြုတ်ကာ အိတ်ထဲထည့်ပြီး `သခင်နုနဲ့ မှားနေပါအုံး မယ်ကွာ´ ဟု ပြောရာ ကျနော်တို့မှာ ရယ်မောနေရပေ၏။

ဆရာကြီးသည် ကွမ်းနှင့်လဘက်ကိုကား ကြိုက်သည်။ တရုတ်ပြည်သွားသောအခါ ကွမ်းရွက်များ ယူသွား သည်။ တရုတ်သံရုံးမှ ဂရုတစိုက် ထည့်ပေးလိုက်သည်။ သို့သော် (၁၀) ရက်ခန့်အကြာ ပီကင်းကအထွက် ထိအောင်ကားမခံတော့။ နွမ်းခြောက်ကုန်ပေပြီ။ ဆရာကြီးမှာ ညည်းညူသည်မရှိဘဲ ကွမ်းသီးကိုဝါး၍နေ၏။

စကားပြောလျှင် ကွမ်းစားမပျက် ပြောလေ့ရှိ၏။

အစားအသောက်၌ ဇီစာမကြောင်။ အအေးကို မခံနိုင်မရှိ။ မြောက်ပိုင်း မုကဒင်ဘက်သို့ ရောက်ရာ အတော် အေးနေ၍ `ဆရာကြီး အေးသလား´ ဟုမေးလျှင် `မအေးပါဘူး´ ဟု ဖြေလေ့ရှိ၏။

သခင်ဘဦးက ဆရာကြီးအတွက်စိုးရိမ်၍ အခန်းပြင်သို့မထွက်ဘဲနေစေရာ သခင်ဘဦးကွယ်ရာတွင် `သခင် ဘဦးလုပ်တာနဲ့ ဆရာ့မလဲ လူမမာကြီးကျနေတာဘဲ ဆရာဘာမှ မဖြစ်ပါဘူး´ ဟု ကျွန်တော်တို့အားပြော၏။ တကယ်လည်း ဆရာကြီးမှာ ဘာမှမဖြစ်။

စိတ်ဓာတ်ကလည်း ထက်သန်လှ၏။

ပီကင်းတွင် ရောက်ရှိနေသော ဗမာကိုယ်စားလှယ်တော်များထဲတွင် ဆရာကြီး မှာအသက်အကြီးဆုံးဖြစ်၍ အားလုံးက ဆရာကြီးကို ကိုင်းရှိုင်းလေးစားကြသည်။ အံ့လည်း အံ့သြကြသည်။ လူကြီးချင်းဖြစ်သော ဘူလ် ဂေးရီးယားမှ အသက် (၆၀) ခန့် ဆံပင်ဖြူဖြူနှင့် ကဗျာဆရာကြီးနှင့်ကား အလွမ်းသင့်နေ၏။ နှစ်ယောက် သားတွေ့လျှင် ဖက်လဲတကင်း နေကြ၏။

ဆရာကြီးမှာ အသက်အရွယ် ကြီးပြီဆို၍ ထူထူထဲထဲ မဟုတ်။ စူးရှ၏။ သိမြင်တတ်၏။ အင်မတန်လည်း ပါးသည်။

တခါက ကျွန်တော့်အား နိုင်ငံရေးသမား ပုဂ္ဂိုလ်နှစ်ဦးနှင့် ပတ်သက်၍

`ဟေ့ တာရာ၊ သူတို့က ဆရာ့ကို အာဏာရရင်ပေါ့လေ၊ သမတမြှောက်ရမယ် ဘာမယ်နဲ့ လာပြောတယ်ကွ။ ဆရာ့ကို အထင်သေးတာ။ ဆရာက ဘာလာဘ်လာဘ၊ ဘာရာထူး ဋ္ဌာနန္တရမှမျှော်ကိုးပြီး ခုလိုနိုင်ငံရေး လုပ်နေတာမဟုတ်ဘူး။ ဒို့ဗမာပြည်ကြီး ကောင်းစားတာ မြင်ချင်တဲ့ စေတနာနဲ့ သွားလာလုပ်ကိုင်နေတာ။ ရာထူးနဲ့မျှားလို့ ရတယ်များ အောင်းမေ့နေသလားမသိဘူး´ ဟု ကွမ်းဝါးရင်းက ရယ်ကာပြောနေ၏။ ကျွန် တော်က `ဆရာကြီးကိုကြည်ညိုတဲ့ စေတနာနဲ့လည်း ပြောတာပါဆရာကြီးရယ်´ ဟု ပြန်ပြောသောအခါ `ဆရာက ဒီလောက် မအပါဘူး။ လူထုက တင်မြှောက်မှ ရတာ´ဟု ပြောနေ၏။

အမှန်အားဖြင့် ဆရာကြီးမှာ နိုင်ငံချစ်စိတ်သက်သက်နှင့် ရိုးသားဖြူစင်စွာ သွားလာလုပ်ကိုင်နေခြင်း ဖြစ်၏။ ထို့ကြောင့်လည်း တတိုင်းပြည်လုံးက ကြည်ညို ချစ်ခင်ကြပေသည်။

( ၄ )

ငြိမ်းချမ်းရေး ပိသုကာ ဆရာကြီးအဖြစ်ကား မြင့်မြတ်လေသည်။ လူအများ၏ ကောင်းကျိုးချမ်းသာမှုကို ရှေ့ရှုသည်။ ယနေ့ ဖြစ်ပျက်နေသော ပြည်တွင်းစစ်ကို ရပ်စဲစေချင်သော ဆန္ဒရှိသည်။ တဘက်နှင့်တဘက် အတိုက်အခိုက် ရပ်ကာ အမျိုးသား အချင်းချင်း စည်းလုံးစွာ ရှိကြဖို့ စေတနာမှာ ပြင်းပြသည်။

`ဆရာ့ သဘောကတော့ အားလုံး ညီညီညွတ်ညွတ်ဖြစ်တာသာ မြင်ချင်တာပါပဲကွာ။ တယောက်နဲ့ တ ယောက် သီးညီးခံပြီးစေ့စပ်ရင်တော့ အောင်မြင်မှာပဲလို့ ဆရာယုံကြည်နေတာပဲ´ဟု ဆရာကြီးသည် မနှစ် တနှစ်ကတည်းက ပြောနေခဲ့၏။

ဆရာကြီးစေတနာကို ကျွန်တော်တို့ အကြွင်းမဲ့လည်း ယုံကြည်လေးစားသည်။ ထို့ကြောင့်လည်း ၁၉၅၂ ခု၊ မေလကကျင်းပခဲ့သော နိုင်ငံလုံးဆိုင်ရာငြိမ်းချမ်းရေးညီလာခံကြီး၌ နိုင်ငံလုံးဆိုင်ရာကော်မတီကို ရွေးသော အခါ ဥက္ကဋ္ဌအဖြစ် ဆရာကြီးကို တင်မြှောက်ရန် မရရအောင် တိုက်တွန်းကြိုးပမ်းခဲ့ကြ၏။

အသက်အရွယ်ကြီးပြီ၊ ဘာပြီစသည်ဖြင့် တချို့ကစဉ်းစားကြရာ၌ `ဒီနေရာဟာ ဆရာကြီးနဲ့ အသင့်လျော် ဆုံးပဲ။ ဘယ်ပါတီ သံယောဇဉ်မှလည်းမရှိ။ တပြည်လုံးက ကြည်ညိုတဲ့ပုဂ္ဂိုလ်၊ စေတနာကလည်း အင်မတန် မှဖြူစင်တယ်´ဟု ဆရာကြီးကိုပင် အားလုံး၏သဘောတူချက်ဖြင့် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြလေသည်။

ယနေ့ပြည်တွင်းစစ်ကြီး၌ တဘက်နှင့်တဘက် တိုက်ခိုက်နေသူများမှာ ဒို့ဗမာအစည်းအရုံး၊ ကျောင်းသား သမဂ္ဂများ၌ အတူလုပ်လာခဲ့ကြသော ရဲဘော်ရဲဘက်များဖြစ်၍ ဆရာကြီး၏ တပည့်တပန်းများ ဖြစ်ကြ သည်။

ဤတပည့်များ ညီညွတ်စည်းလုံးစွာ ရှိစေချင်သောစေတနာနှင့် တပြည်လုံးလူအများ အေးချမ်းစွာ ဖြစ်စေ ချင်သော အာသီသတို့ ဖြင့်ထားရှိသော ငြိမ်းချမ်းရေး သဘောထားမှာ ဆရာကြီး၏ ပြည်တွင်းညီညွတ်ရေး ယုံကြည်ချက်ပင် ဖြစ်သည်။

`ချိုးတို့၊ ခါတို့၊ ဇရက်တို့ဆိုတဲ့ ကျေးငှက် ကလေးများတောင် သူ့အသိုက်နဲ့သူ အေးချမ်းစွာနေချင်ကြတယ်။ အခြားတိရိစ္ဆာန်များက ကျူးကျော်တာကို မခံချင်ကြဘူး။ လူသားတွေမှာ ဘယ်မှာပြောစရာ ရှိပါ့မလဲ။ နယ်ချဲ့ခြင်းကို ဆရာတို့က မကြိုက်ဘူး´ဟု ပီကင်းမြို့ အပြည်ပြည်မှ ပြည်သူ့ကိုယ်စားလှယ်များ၏ ထမင်း စားပွဲ၌ ပြောကြားသောအခါ ကျွန်တော်တို့စားပွဲရှိ ဟန်ဂေရီမှစာရေးဆရာများမှာ ဆရာကြီး၏ ကမ္ဘာ့ ငြိမ်းချမ်းရေး စကားရပ်များကို နှစ်သက်အားရခြင်း ဖြစ်ရသည်။

ကျွန်တော်နှင့် အေးအေးဆေးဆေး ကြုံတိုင်း `ဟေ့ တာရာရ … အာဏာ လက်ရှိသူတွေရော၊ တောထဲက လူတွေရောဟာ ဆရာ့တပည့်တွေပဲကွ။ သန်းထွန်းဆိုတာ အင်မတန် အလုပ်လုပ်တဲ့အကောင်။ သခင်နုဆို တာလဲ ပုတီးနဲ့နေတာပဲ။ အားလုံး တလုံးတစည်းထဲရှိရင် တို့ပြည်ဟာ သိပ်ကောင်းမှာပဲ´ ဟုပြောလေ့ရှိ သည်။

အာရှငြိမ်းချမ်းရေး ညီလာခံကိစ္စနှင့် ပီကင်းရောက်သည့်အခါ သံအမတ်ဦးလှမောင်ကိုသာ တမေးထဲမေးနေ သည်။ `လှမောင်ဟာ ဆရာ့တပည့်ပဲကွ´ ဟု တက္ကသိုလ်သမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့သူ ကိုလှမောင်အား ခင်မင်ရင်းစွဲ ရှိလေသည်။

`ငြိမ်းချမ်းရေးဆိုတာ လူတိုင်းကြိုက်ရမယ်ကွ။ အားလုံးပါဝင်နိုင်ရမယ်´ ပြောလေသည်။ ဆရာကြီး၏ ကျယ် ပြန့်စွာထားရှိသည့် ငြိမ်းချမ်းရေး သဘောထားမှာ မှန်ကန်လှပေသည်။

ဆရာကြီးနှင့် ကျွန်တော်တို့မှာ တသဘောတည်း ဖြစ်ကြသည်။

အစည်းအဝေး သဘာပတိလုပ်စရာ၊ တရားဟောစရာ စသော အသင်းအဖွဲ့ရေးရာနှင့်ပါတ်သက်၍ ငြင်းဆန် သည်မရှိ။ သွားခေါ်လျင် ခေါင်းပေါင်းကလေး အသာရစ်ကာ လိုက်ပါလာ၏။ အများအကျိုးဟုဆိုလျင် ပင် ပန်းသည်မရှိ။ ဘယ်တော့မှ မညည်းညူ။

အာရှနှင့်ပစိဖိတ် ငြိမ်းချမ်းရေးညီလာခံကြီးအတွက် ဒုတိယအကြိမ်ပီကင်းသို့ သွားရမည်ရှိသောအခါ ရှော ရှောရှူရှူပင် ထလိုက်လာခဲ့၏။

နမော်နမဲ့ နေသည်မဟုတ်။ အခြေအနေကို အမြဲတမ်း လေ့လာအကဲခတ်လေ့ရှိသည်။ ဆရာကြီး မသိဟူ၍ ထင်ထား၍မဖြစ်။ ပါးလည်းပါး၍ သိတတ်မြင်တတ်သည်။ မကြာခဏ ကျွန်တော့်ကိုခေါ်ကာ မေးမြန်းတိုင် ပင်လေ့ရှိသည်။

`ဆရာ့စေတနာက အားလုံးကောင်းဖို့၊ အေးချမ်းဖို့လုပ်နေတာ။ ကမ္ဘာကြီး ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒအမြဲရှိ တယ်။ တပါတီ၊ တဖွဲ့ကောင်းစားဖို့၊ ဘယ်သူတွေဝန်ကြီးဖြစ်ဖို့ လုပ်နေတာမဟုတ်ဘူး တာရာရ´ဟု ကွမ်းဝါး ရင်း ပိုးခန်းဆီးပါးကလေးအကြား မြင်ရသောနောက်တွင် တရိပ်ရိပ် ဖြတ်သန်းကျန်ရစ်ခဲ့သည့် တရုတ်ပြည် ဂန္ဓာရတောရွာ ကျေးလက်များကို ငေးကာပြောတတ်လေသည်။

ဆရာကြီးသည် မည်သူ၏ သြဇာမှမခံဘဲ ကင်းကင်းရှင်းရှင်း၊ ရိုးရိုးသန့်သန့်ဆောင်ရွက်သော နိုင်ငံရေးကို လုပ်သည်။ ကျွန်တော့်ကိုလည်း `ဟေ့ ...တာရာ ကျွန်ဝယ်ရာ အဆစ်မပါစေနဲ့ ´ဟု သတိပေးလေ့ရှိ၏။

ဆရာကြီးမှာ ဘယ်အဖွဲ့စည်းမှာဖြစ်ဖြစ် ရိုးသားစွာ လုပ်ကိုင်ဆောင်ရွက်ခြင်းကို အမြဲလိုလားသည်။

ဆရာကြီးသည် ဤ ဖြူစင်သန့်ရှင်းသော စေတနာကြောင့်ပင် အေးသည့်ရာသီတွင် တိုင်းတပါးရပ်ခြားသို့ သွားခြင်း၊ အစည်းအဝေး များ၊ တရားပွဲများသို့ စိတ်အားထက်သန်စွာ တက်ခြင်းဖြစ်ပေ၏။

ဆရာကြီး၏ အမူအယာမှာ အိုမင်းရင့်ရော်ခြင်း၊ နွမ်းနယ်ခြင်းတို့ မရှိဘဲ လန်းလန်းရွှင်ရွှင်၊ ဖျတ်လတ်မြန် ဆန်နေသည်မှာ သူ၏ ပြင်းပြသော စိတ်မာန်ကြောင့် ဖြစ်ပေသည်။

( ၅ )

ပီကင်းရောက်သည့်ညက ဧည့်ခံပွဲတခုရှိရာ ဆရာကြီးသည် ပင်နီရင်ဖုံး၊ ရွှေဖလားရောင်တွင် ပန်းဖျော့သွေး အစင်းကြီးများဖြင့် စင်းထားသော တောင်ရှည်ပုဆိုးနှင့် ၀တ်ထားသည်ကို မြင်ရရာ မြင့်မားထွားခိုင်သော ကိုယ်ဟန် အသွေးအမွေးနှင့် ကြည့်ကောင်းနေသည်။ ဗမာပြီပြီ ခံ့ခံ့ညားညားနှင့် ကြက်သရေရှိသော ရုပ်သွင်ဖြစ်သည်။

ကျွန်တော်နှင့် သခင်လွင်က `ဆရာကြီးက ဖိုးစိန်ကြီးကြနေတာပဲ´ဟု ပြောလိုက်သောအခါ ဆရာကြီးသည် ခါးပုံစကို သိမ်းရင်း `အေး…အေး´ ဟု ရယ်မောနေသည်။ ရယ်ပုံမှာ စိတ်ကြည်လန်းစရာ ကောင်းနေသည်။

အသားအရောင်မှာ ၀ါညံ့ညံ့၊ ဖြူဖွေးသော ငွေရောင်နှုတ်ခမ်းမွေးမှာ အသက်အရွယ်ကို ပြသည်မှန်သော် လည်း ရင့်ကျက်ကြည်လင်သော ဣနြေ္ဒကို လေးနက်အောင် ဖြည့်စွမ်းလျက်ရှိပေသည်။ ပညာရှိ က၀ိတို့၏ ဟန်ပန်ပေါ်နေ၏။

ငြိမ်းချမ်းရေး လုပ်ငန်းကြီးကို အစိုးရ၏ အတိုက်အခံသဘော ဘယ်တော့မှ မထားရှိခဲ့ပေ။

ချီလီကဗျာဆရာကြီး နီရူဒါဇနီးမောင်နှံဆိုလျှင် ဆရာကြီးကို များစွာလေးစားကြသည်။ နိုင်ငံခြား ကိုယ်စား လှယ်များမှာ ဆရာကြီး၏ တည်ငြိမ်ကြည်လင်သော ရုပ်သွင်ကိုကြည့်ကာ ချစ်ခင်လေးမြတ်ခြင်း ရှိကြသည်။ ကဗျာဆရာကြီးဟု ပြောပြသောအခါ `ဆရာကြီး၏ ကဗျာတပုဒ်လောက် ရွတ်ပြပါ´ ဟု တောင်းပန်တတ် ကြသည်။

ဆရာကြီးနှင့် ခရီးသွားရသည်မှာ လူကြီးတဦးနှင့် သွားရသည်နှင့်မတူ ရွယ်တူလူငယ်များနှင့် သွားရသလို ပျော်စရာကောင်းသည်။

ဆရာကြီး၏ ဟာသကြောင့် ရယ်မောကာပင် နေရလေ၏။

နိုင်ငံရေး အတွေ့အကြုံများသူဖြစ်၍ ၀ံသာနုခေတ်မှ ဖဆပလခေတ်အထိ အဖြစ်အပျက် ဇာတ်ကြောင်း များကို ပြောပြသည်ကို နားထောင်ရသည်မှာ အသိအမြင် တိုးပွားမှတ်သားလောက်ပါပေ၏။ အအိပ်အနေ၌ ဇီစာမကြောင်။ ပူသည်၊ အေးသည် ဘယ်တော့မှမညည်း။ လူငယ်များရှေ့ကပင် ဖျတ်လတ်စွာသွားလာနိုင် ၏။

မျက်စိမှာ အရွယ်နှင့်စာသော် မမှုန်သေးသည်ကို တွေ့ရသည်။ စာရေးရာ၌ တွေဝေဖင့်နှေးခြင်းမရှိ။ တောက် လျှောက် ဖြူးဖြောင့်စွာ ရေးချသွားနိုင်သည်။ လေးချိုးကို တခါတည်း စပ်သွားနိုင်သည်။

တရုတ်-မြန်မာ မိတ်ဆွေဖြစ်အသင်းမှ သ၀ဏ်လွှာကို ကျွန်တော့်ရှေ့၌ပင် ရေးချသည်။ ဧည့်ခံစားပွဲကလေး တွင် ရေးချသည်။ ရှင်မဟာ သီလ၀ံသ၏ `က၀ိမဏ္ဌပါလ´ ကျမ်းမှ အကိုးအကားပင် ထည့်သွင်းသွားသည်။

ခေါင်းရင်းဘက်စားပွဲမှ ကော်ပီစာအုပ်နှင့်ကူးထားသော `မူ´ တခုကိုယူလာကာ စာရွက်များကို ကြာကြာ မလှန်ရဘဲ သုံးလိုသည့် အပိုဒ်ကိုတွေ့သဖြင့် `တာရာရေ…ဖတ်စမ်း´ဟု ကျွန်တော့်လက်သို့ ကမ်းသည်။

ကျနော်က ( မျက်စိမှုန်လှသူဖြစ်၍ ) သေးသော စာလုံးများကို မနည်းကြည့်ယူရ၏။

`တရုတ်ပြည်တွင်၊ သုံးမည်လွှမ့်ကျော်၊ လောင်းရှင်တော်လျှင်၊ မဟောသဓာ…လား ဘာလဲမသိဘူး ဆရာ ကြီး၊ ဖတ်လို့ မရဘူး၊ သဓာတော့ မဟုတ်ဘူး´

ဆရာကြီးက မျက်မှန်မပါ၊ စာအုပ်ကို အနားယူကြည့်ကာ `မဟော်မည်သာ´ ဟု ဖတ်နေလေသည်။

ထို့နောက် ဆရာကြီးက ပုဂံခေတ် ဒိသာပါမောက္ခဆရာတော် တရုတ်ပြည်သို့ သံတမန်ကိစ္စနှင့်သွားပုံကို ရှေးကဗျာ၊လင်္ကာ ဂန္ထ၀င်များမှ ထုတ်နှုတ်ကာ ပြောနေသည်။

`တပြည်နဲ့တပြည်ဟာ ကူးလူးဆက်ဆံခြင်း ရှိရမယ်ကွ။ ဒါမှ ယဉ်ကျေးမှုရင်းနှီးမှုရှိမှာ။ ရင်းနှီးမှုရှိမှ မုန်းစိတ် ဘာစိတ်မရှိဘဲနီးစပ်ပြီး တပြည်နဲ့တပြည် စစ်ဖြစ်နိုင်ဖို့ဆိုတာ ဝေးမှာပဲ´

ပြောရင်း သ၀ဏ်လွှာကို ရေးနေသည်။ လက်သန်း၊ လက်သူကြွယ်များကို စာရွက်နှင့်ထိရှပ်ကာ ရှေးမူရာနှင့် ကာရန်သွားကိုဟပ်နေသည်။

`နဘေတွေ ပါလား ဆရာကြီး´

ဆရာကြီးက ရေးနေလျက်က `နဘေဆိုတာ စာပေါ့တာပေါ့ကွ´

သ၀ဏ်လွှာရေးပြီးလျှင် ရောက်တတ်ရာရာ စကားစမြည်ပြောရင်းက ၁၉၅၃ - ခုနှစ်တွင် အလင်္ကာကျော်စွာ ဘွဲ့ထူးများပေးသည့်အကြောင်း ရောက်သွားရာ `ပုလွေမှုတ်တဲ့ လူတွေတောင် အလင်္ကာကျော်စွာ ရကုန်ကြ ပြီကွ´ ဟု ကွမ်းသွေးများနှင့် ရယ်မော ပြောနေသည်။

ဆရာကြီးသည် ကွမ်းဝါးနေပြန်သည်။ ကျွန်တာ့်အား ငြိမ်းချမ်းရေး အခြေအနေများကို မေးမြန်း၍ပြောပြ နေရ၏။ အသက် (၈၀) သို့ ချဉ်းကပ်နေပြီ ဖြစ်သော်လည်း ဆရာကြီးသည် ငြိမ်းချမ်းရေးကိစ္စ၌ စိတ်ပျက် အားလျော့သည် ဟူ၍ မရှိဘဲ စိတ်အားထက်သန်လျက် ရှိပေသသည်။

`အေး… ပြည်တွင်းမှာ အေးချမ်းအောင် လုပ်ကြရမှာပဲကွ´

ကျွန်တော့်မှာငြိမ်းချမ်းရေး ပိသုကာ ဆရာကြီးအဖြစ် တိုး၍ ခင်မင်လာပေသည်။ ။

ဒဂုန်တာရာ
မတ်လ၊ ၁၉၅၅


 
( ၁ )

သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေ၀ပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထု ကြီးသည် စူးစိုက်ခြင်းမရှိ။ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိပ်အပိုင်း တခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည် အားလုံး၌ တညီတညွတ်တည်း ရှိ၏။

အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကိုနောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင် မှ ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြား ဘာအဓိပ္ပါယ်ကိုမျှ ထူးထူးထွေထွေ မဖေါ်ပြ။ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ ရဲဝံ့စွာဆောင်၍ နေသည်။

သူသည် စိမ်းညိုသောကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာ ပထ၀ီမြေကြီးမှ ဗမာ ၀ါဂွမ်းဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ၀တ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင် ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။ မျက်နှာ အသွင်အပြင်မှာ အပူပိုင်း ဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင် နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ် ချင်းတယောက်နှင့်လည်း တူ၏။

တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သောထည်ဝါခြင်း ယဉ်ကျေးသိမ်မွေ့ခြင်းတို့ သည် သူ့တွင် လုံးဝမခိုအောင်း။ လမ်ပေါ်တွင် နေရာတကာတွေ့မြင်နိုင်သော သာမန်ဆင်းရဲသား တဦးနှင့် သာတူ၏။ လူထုထဲမှ သူတဦး၏ အသွင်အပြင်မျိုးသာ ဖြစ်၏။

သူသည်လက်နှစ်ဖက်ကို ဘေးသို့ကား၍လှုပ်ကာလှုပ်ကာ စကားပြော၏။ သူ၏စကားလုံးများကား ပြေပြစ် ခြင်းမရှိ။ ချောမွေ့ခြင်းမရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။

သင်ပဋ္ဌမဦးဆုံး တွေ့မြင်သောအောင်ဆန်း၏ ပုံပန်းကိုရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကိုရေးပြ မည် ဖြစ်ပေသည်။

ထိုအခါကား ၁၉၃၆ - ခု၊ ပဋ္ဌမဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို ရန်ကုန်မြို့ ဂျူဗလီဟောခန်းမတွင် ဆင်ယင်သောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်း ကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသား ကိုယ်စားလှယ်များအဖြစ် ကျောင်းသား ညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်း စကားပြောသည်ကို တွေ့မြင်ရခြင်းဖြစ်ပေသည်။

၁၉၃၆ - ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးရောင်အူနေသည့်အခိုက်၊ `အောင်ဆန်း´ အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ သူ့ကို သိချင်သောစိတ် ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်၏။ ကျွန်တော်မှာ စာပေ၀ါသနာပါသူဖြစ်ရာ အောင်ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာ အဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဖူးချင်၏။

သို့သော် ဂျူဗလီဟော ကျောင်းသားများညီလာခံတွင် သူ၏ ရုပ်သွင်နှင့် သူ စကားပြောသည်ကို တွေ့မြင် ကြားနာရသောအခါ အထင်နှင့်အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော် ထင်ထားသည်မှာ ကောလိပ် ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်းဟု ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော် အထင်ကြီးထားလေ၏။

တွေ့ရသောအခါ ရုပ်ကလည်း မဖြောင့်။ စကားပြောကလည်း မပြေပြစ်။ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။

ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင် နေ၏။ ထို့ကြောင့် စိတ်ထဲက မကျေနပ်။

( ၂ )

နောက် ၁ - နှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျနော် တက္ကသိုလ် ရောက်သည့် ၁၉၃၇ - ၃၈ ခုနှစ်က၊ ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌ၊ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ဥက္ကဋ္ဌဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည် မရင်းနှီးခဲ့ပေ။

သူနှင့်ကား ရင်းနှီး၍မဖြစ်။ သူသည် ရင်းနှီး၍ရသောလူစားမျိုးမဟုတ်။ နိုင်ငံရေး အတူတူတွဲဖက်လုပ်လျှင် သာ သူနှင့်ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည် သမဂ္ဂနိုင်ငံရေးကိုသာ တဘက်သတ် မလိုက်။ စာပေ၊ ကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း လိုက်စား၏။ သည်လိုအစုံ လုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေးသမား သက်သက်ဖြစ်သည်။

ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဘဟိန်းက အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေး သမားသက်သက် မဟုတ်သဖြင့် သူ၏ အသိထက် လွန်မြောက်၍ ရင်းနှီးသောအဖြစ်သို့ မရောက်သွားခဲ့ပေ။

သခင်ဘဟိန်းကား သည်လိုမဟုတ်။ သခင်ဘဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူဖြစ်၏။ စာပေကဗျာလင်္ကာ ကိုနှစ်သက်၏။ ဂီတကိုချစ်၏။ ထို့ကြောင့် ကျွန်တော်နှင့်ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ သူကွန်မြူနစ်ဖြစ်နေ သည့် ဘ၀အထိပင် ရင်းနှီးချစ်ခင်ခြင်းမပျက်။ ကျွန်တော်ကား နိုင်ငံရေးသမားလည်းမဟုတ်။ သို့သော် ချစ် ခင်ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့မဟုတ်။ ကျွန်တော်စာရေးဝါသနာ ပါသည်ကို ကိုအောင်ဆန်းသိသည်။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော ဒဂုန်မဂ္ဂဇင်းမှရတုပိုဒ်စုံ စသောကဗျာများ၊ ၀တ္ထုတို၊ ဆောင်းပါး စသည့် စာပေများကို သူအကုန် ဖတ်ဖူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့် လူမျိုးလည်းမဟုတ်။

သို့သော် တခါက ကိုဗဟိန်းနှင့်အတူ သမဂ္ဂအမှုဆောင် ကော်မတီခန်းတွင် ပင်းယ မဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါး တခုကိုကား ကျွန်တော့်ရှေ့တွင် ဖတ်သည်ကိုတွေ့ရဖူး၏။ ဖတ်ပြီးလျှင်ဝေဖန်ချက် ပေး၏။

ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ် - ဗမာ ဆောင်းပါးရှင်တဦး ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေး သားသော သူ၏ ဆောင်းပါးများကို ဂန္ထလောက မဂ္ဂဇင်းတွင် ဖတ်ဖူးရသည်။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အ၀တ်အစား ၀တ်ဆင်ရေး ပြဿနာကို သူသည် ဂန္ထလောကတွင် ပန်းတနော် ဦးသန့်နှင့် အပြန်အလှန် ရေးသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ကြွေးကြော်သံ `မျိုးညွှန့်´ မဂ္ဂဇင်းတွင် ပါသော သူ၏ `လောက၀ိဟာ´ အမည်ရှိ ဆောင်းပါးတို ကလေးကိုကား သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ပညာ ဗဟုသုတ အမြင်တို့ကိုပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။ ကိုအောင်ဆန်းသည် ဗမာစာ အရေးညံ့သူ မဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို မှန်ကန်စွာ သုံး၏။

တခါတရံ ဟာသဥာဏ် ပါ၏။

ပုသိန်မြို့တွင်ကျင်းပသော ကျောင်းသားများညီလာခံ၌ သူ၏ ဥက္ကဋ္ဌမိန့်ခွန်းတွင် ကင်းဘဲလ်အစီရင်ခံစာကို `ပညာရေးပူရာဏ် ကျမ်းကြီးပေတကား…´ ဟု ပြောင်လှောင်ထားသည်မှာ သရော်ချက်ပါပေသည်။

ကျောင်းမှထွက်ပြီး ဒို့ဗမာအစည်းအရုံးသို့ ၀င်သောအခါ ငတ်ပြတ်၍လား မပြောတတ် ဒဂုန်မဂ္ဂဇင်းတွင် ရေးလိုကြောင်း ကျွန်တော့်ကိုပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့်စီစဉ်၍ လစဉ်ကိုအောင်ဆန်း ဆောင်းပါးများပါစေသည်။

ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။ သူရေးသောဆောင်းပါးကား `နိုင်ငံရေးအမျိုးမျိုး´ ဟူသောဆောင်းပါးဖြစ်သည်။ ဂရိတ်နိုင်ငံရေးကအစချီ၍ မျက်မှောက်ဗမာနိုင်ငံရေး အခြေအနေအထိ ရေး၏။ စာပြောင်၏။ ဖတ်၍ ကောင်း၏။

သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍ သွား၏။ အစိုးရကလည်း ငြိုးထား၍လားမပြောတတ် ဒဂုန်မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်းခံရရှာလေ သည်။

( ၃ )

သမဂ္ဂဥက္ကဋ္ဌဖြစ်သော ၁၉၃၈ - ၃၉ ခုနှစ်ကသူသည် ဘီ-အယ်လ်တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ် ထပ်တွင်နေသည်။ သူ၏အခန်းသည် သပ်ယပ်ခြင်းကင်းမဲ့၏။ အခန်းတွင် စာအုပ်များပြည့်နှက်နေ၏။ စာ အုပ်များသည် စားပွဲပေါ်တချို့၊ ဗီဒိုပေါ်တချို့၊ ကြမ်းပြင်ပေါ်တွင် တချို့ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ် ဖြစ်နေ ကြ၏။ သူသည် အင်မတန် စာဖတ်သူတယောက် ဖြစ်၏။

သူသည် ဒေါသကြီးသူတဦးဖြစ်၏။ သည်လို အများကထင်၏။ ကျွန်တော့်အဖို့ကား ဒေါသကြီးသည် မကြီး သည်ကို မသိ။ သူ့တွင် စိတ်လိုက်မာန်ပါ စိတ်တွေရှိသည်ဟု ကျွန်တော်ထင်၏။

နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည်အထိမ်းအမှတ်ပွဲတခု တက္ကသိုလ်သမဂ္ဂ တွင် ကျင်းပ၏။ ပရိသတ်ထဲကထ၍ ဝေဖန်စကားများ ပြောကြ၏။ ထိုသို့ ပြောကြသည့်အထဲတွင် စစ်ကိုင်း ကျောင်းဆောင်မှ ကုလားကျောင်းသားတဦးက ဥက္ကဋ္ဌဟောင်း မစ္စတာရာရှစ်ကိုဝေဖန်ရာ၌ အတော်ထိခိုက် သော အပြစ်တွေကို ထုတ်ဖေါ်ပြောလေသည်။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင် သည် မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည် မစ္စတာရှာရှစ်အတွက် ဒေါပွကာထိုကုလား ကို ကြိမ်းမောင်း၍ `ရဲရင်ထွက်´ စသော စသော အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍ သွား၏။ ဘေးက ကျောင်းသားများက ၀ိုင်း၍ ဆွဲထားရလေ၏။

သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေသည်။

ကုလား-ဗမာ အဓိကရုဏ်းအပြီး ဒေါက်တာဗမော်၏ တက္ကသိုလ်ဥပဒေ ပြင်ဆင်ရေးအဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ညိုမြအမှူးရှိသော ကျောင်းသားတစုကမကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းသည် ညိုမြကိုဒေါပွကာ ဥက္ကဋ္ဌ ကုလားထိုင်မှနေ၍ ညိုမြအတင်းကို အတော်ပြောလိုက်လေသည်။

သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တပါတ်လောက် ကြာသောအခါ၊ ထိုနေ့က အောင်ဆန်းက ညိုမြ အားရှုံ့ချသော စကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို တက္ကသိုလ်ကျောင်းဆောင် အသီးသီး တွင် ထွက်ပေါ်၍ လာလေသည်။

တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထားကို ထားခဲ၏။

သူ၏မျက်နှာထားသည် သုန်မှုန်၏။ တခါတွေ့ဖူးသောသူကို နောက်တခါတွေ့လျင် နှုတ်ဆက်ချင်မှဆက်၏။ သူ့ကိုသိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ပြုံးချင်မှပြုံး၏။ ဥက္ကဋ္ဌဖြစ်သဖြင့်သူ့ကိုကား ကျောင်းသား တိုင်းကသိကြ၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည်၏ လွတ်လပ်ရေး အတွက် စိတ်ပူပုံရ၏။ ထို့ကြောင့် သူသည် သုန်မှုန်လျက် ရှိနေသည်။

သူစကားပြောလျင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နား ထောင်နေရသည်။ ဘေးကလူများ၏ စကားကိုသူမကြား။ သူပြောချင်တာတွေကိုသာ စွပ်၍ပြောနေတတ် သည်။

( ၄ )

တခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စ အချိန်။

ဝိတိုရိယရိပ်သာရှိ အိမ်တအိမ်တွင် သခင်မြနှင့်ရဲဘော်များ နေထိုင်လျက်ရှိကြသည်။ ကျွန်တော်မှာလည်း တောကရောက်ကာစဖြစ်သည်။ ဧည့်ခန်းရှိစန္ဒယားတွင် ကျွန်တော်က ထိုင်ကာတီးနေ၏။ ဘေးမှသခင်စံဝေ နှင့် တက္ကသိုလ်ကျောင်းသား အချို့က၀ိုင်း၍ သီချင်းလိုက်ဆိုလျက်ရှိ၏။ ဘီ-အိုင်-အေ သမားများမှာ ဂီတ အင်မတန် ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေပျက် နေ၏။

ချစ်ခင်မှာလား၊ ကြင်မှာလား ခင်ခင်ရယ်။

ချစ်သဲနွယ်၊

အဟုတ်ကို ချစ်တော့မယ်

ခင်ရယ် ကြင်မယ်…

ဝိုင်း၍ဆိုနေကြရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက် - ဂေါက် - ဂေါက် - ဂေါက်နှင့် တဘက်က လျှောက်လာကာ စန္ဒယားအပါးတွင် လက်ထောက်ကာ ရပ်လျက်…

`ဟေ့…ရပ်ကြ။ ခုလိုအခါမျိုးမှာ ရဲစိတ်ရဲမာန် တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျ။ ဒီချစ်မယ် ကြင် မယ် သီချင်းမျိုးက မဟန်ဘူး …´။

ရုတ်တရက်ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်၏။

သူသည် သူပြောချင်တာ ပြောပြီး၍ ထွက်သွားလေသည်။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လိုလူစားမျိုး။

သမဂ္ဂဥက္ကဋ္ဌ ကိုလှမောင် (ယခုသံအမတ်)၏ လက်ထပ်ပွဲသည် ဘီ-အိုင်-အေခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။ သူ၏လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင် ပဋ္ဌမဦးဆုံးဖြစ်၏။ လက်ထပ်ပွဲပြီးသောအ ခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများစုရုံးကာနေကြ၏။ စန္ဒယားဆရာတဦးကတီးကာ ဖျော်ဖြေလျက်ရှိ သည်။

သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကိုရပ်စေကာ ကျွန်တော့်ကိုလူကြားထဲမှ အတင်းဆွဲခေါ်၍ သီချင်းတပုဒ်ကိုတီးစေ၏။ သူသည် စန္ဒရားကိုလက်ထောက်ကာ မရတရဖြင့်လိုက်ဆိုနေ၏။ တီးသော သီချင်းမှာ `ကဉ္စန´သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ နောက်တပုဒ် တီးခိုင်းပြန်၏။

တခါက ဂျပန်ခေတ် ၀န်ကြီးတဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ သူ့ကို စစ် သေနာပတိဟု အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။ ဧည့် သည်များကား အ၀တွင်ရပ်၍ သူ့အ၀င်ကို စောင့်လျက်နေကြသည်။ သူသည် စစ်ဝတ်စစ်စားနှင့် ၀င်လာကာ ရုတ်တရက်၊ စားပွဲထိပ် ကုလားထိုင်တွင် ၀င်ထိုင်လိုက်ပြီး ဇတ်ကနဲ ဘယာကြော်တတုံးကို ယူစားလိုက် လေ၏။

သူ ထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာဧည့်ဝတ်ထုံးစံအရ ထမင်းစားပါအုံးလားဟု ခေါ်ချင်မှ ခေါ်သောလူစားမျိုးဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက `ကြောင်သည်´ ဟု အမှတ်ထား ကြလေ၏။

( ၅ )

သူ့တွင် သိမ်မွေ့ခြင်းမရှိ။ အလှအပကို သူမမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်း သင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကိုသူသည် လုံးဝဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင် စသော အနုပညာရပ်များကို မလိုက်စား။ သူ့ကိုသူ အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုရ် အတိုင်း ခပ်ရိုင်းရိုင်း၊ ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲနေ၏။

သူ့တွင် နိုင်ငံရေးဝိညာဉ်ကား ပြင်းထန်လှချေသည်၏။ သူသည် နိုင်ငံရေး တခုတည်းကိုသာ လုပ်သောလူ တဦးဖြစ်၏။

သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ သို့သော် ကိစ္စမရှိ။ သူသည် ဧည့်ခံခန်းဆောင်မှ ဂုဏ်သရေရှိ လူကြီး လူကောင်း မဟုတ်။ တခုတည်းသော ယုံကြည်ချက်နှင့် တခုတည်းကိုသာ မဲ၍လုပ်သော နိုင်ငံရေးသတ္တ၀ါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။

၁၉၄၂ - ၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာအကြောင်းကို ပြောပြ၏။

`အနုပညာဆိုတာ ရှိတာပဲ။ လင်မယားဘ၀မှာလဲ အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့။ ဒီလိုပဲတော်လှန်ရေး မှာလဲ အနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလဲ တကယ့်တော်လှန်ရေး အစစ်ပဲ …။´

ဆရာမဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစလက်မထပ်ခင် ၃ - ၄ ရက်အလိုက ကိုဘဟိန်းကိုလာရှာရင်း ကျွန်တော် နှင့်သွားတွေ့၏။

သူသည်ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ `ဒီမယ် … အိမ်ထောင်ပြုတယ်ဆို တာ သိပ် … စဉ်းစားတွေဝေနေလို့မရဘူး။ တခါတည်း ဇွတ်လုပ်လိုက်ရတယ် ….´ဟု မမေးဘဲ သူ့ဘာသာ သူ သူပြောနေ၏။

လက်ထပ်ပြီးစက ကျွန်တော်ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပန်းမှုစာအုပ်နှင့် ပတ်သက်၍ အင်းယား ကန်စောင်းရှိ သူ့အိမ်သို့ ရောက်သွား၏။

ဧည့်ခမ်းတွင် ခေတ္တစောင့်နေရ၏။ ထွက်လာသောအခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကိုတွေ့ရ၍ မပြုံးမိ အောင် ဟန်ဆောင်နေရ၏။

သည့်နောက် သူနှင့်ကျွန်တော်မတွေ့တော့။ တွေ့ဆုံဖို့လည်း အကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီသွား လည်ကလည်း ဖေါ်ဖေါ်ရွေရွေ လောကွတ်ပြူငှာ ခေါ်မည့်လူစားမျိုးလဲ မဟုတ်။

တခါက ဗိုလ်ချုပ်ဘ၀တွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့် တပြုံကြီးကို မြင်လိုက်၏။ အော် …. သားနဲ့၊ မယားနဲ့မို့ လူစိတ် တော်တော်ပေါက်လာပြီ။ အရင်ကလို ကြောင်တော့မည်မဟုတ်။ အကြမ်းအရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု အောင့်မေ့လိုက်၏။ မှန်၊ မမှန်ကား မပြောတတ်။

ဖ ဆ ပ လ ဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင်၊ ဦးအောင်ဆန်းကိုကား ကျွန်တော်မသိ။ သူ၏ နိုင်ငံရေးကို ဝေ ဖန်ခြင်း မဟုတ်။ သူ၏ အဖြစ်သာ။ ကျွန်တော်သိသည့်အထိ ပြောပြခြင်း ဖြစ်ပေသည်။

တခုတော့ ထင်သည်။ သူသည် လူထုထဲမှလူတဦးဖြစ်၍၊ လူထုနှင့်ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ် လာသည် ဖြစ်လိမ့်မည်။။ ။

ဒဂုန်တာရာ
ဒီဇင်ဘာလ၊ ၁၉၄၆


 
 
( ၁ )

ယခုခေတ် ဗမာပြည်၌ကွန်မြူနစ်တို့သည် ရုပ်ဝါဒကိုမျိုးစေ့ကြဲ၍ နေကြပေပြီ။ ရုပ်ဝါဒဆိုသည်မှာ စိတ်ဝါဒ မဟုတ် စိတ်ကူး စိတ်သန်းမဟုတ်။ အကောင်အထည်ကိုမာကြောကြမ်းတမ်းကြီး လက်တွေ့ကိုင်စမ်းမိသော ရုပ်ဝါဒ။ သည်လို လူအများက ယေဘုယျ မှတ်ထင်ကြပေသည်။ ရုပ်ဝါဒကို ယုံကြည်ကိုးကွယ်သူ၊ ကွန်မြူ နစ်ပါတီ၏ ခေါင်းဆောင် သခင်ဗဟိန်းအား ကဗျာဟု ရေးလိုက်ခြင်းသည် တကယ်ဆိုတော့ အနုကဗျာနှင့် ရုပ်ဝါဒ နိုင်ငံရေးသမားဟာ မနီးစပ်ပါကလားဟုထင်မှတ်ကြပေလိမ့်မည်။ သည်လို မှတ်ထင်လျှင် ဘဟိန်း ကို နိုင်ငံရေးသမားအဖြစ် တွေ့မြင်၍ လူအဖြစ် မသိသေးသောကြောင့် ဖြစ်တန်ရာပေသည်။ ကဗျာ …. ။ ဟုတ်သလား။

၁၉၃၈ ….

သရက်ထည် ပန်းပွင့်ရိုက် အနားကွပ် ခန်းဆီးပြာသည် ပိန်လိုက် ဖေါင်းလိုက်နှင့် ရွက်တိုက်လျက်ရှိသည်။ အပြင်ဘက်တွင်ကား မှောင်၍ နေသည်။ တချက် တချက် တက္ကသိုလ် ရိပ်သာလမ်းမှ အဓိပတိလမ်းသို့ ကွေ့ကာ မောင်းဝင်လာသော မော်တော်ကား ရှေ့မီးရောင် သည် ၀င်းကနဲ လက်လိုက်ရာ တက္ကသိုလ်သမဂ္ဂ အသင်းတိုက်ရှေ့ရှိ ဇော်မွှားပန်း၊ ဗုဒ္ဓံသရဏံပန်းများကို လျှပ်စစ်ပြက်လိုက်သလို ရိပ်ကနဲ တွေ့မြင်လိုက် ရပေသည်။

လူများချိန် (၈)နာရီခန့် ဖြစ်သဖြင့် သမဂ္ဂပျော်ပွဲစားရုံသည် ဇွန်းသံ၊ ပန်းကန်သံ၊ စကားပြောသံတို့ဖြင့် ညံ၍ နေ၏။ မြို့ထဲတွင် လည်ပတ်ရာမှ နောက်ကျသော ကျောင်းသားများသည် သမဂ္ဂတွင် ၀င်၍ ညစာ စားလေ့ ရှိကြ၏။ ပျော်ပွဲစားရုံ၏ ဒေါင့်ရှိ စားပွဲရှည်တွင်ကား သမဂ္ဂခေါင်းဆောင် ကျောင်းသားတစုသည် ၀ိုင်းဖွဲ့ကာ စကားပြောသူကပြော၊ အစား စားသူကစားလျက် ရှိကြသည်။

သည်အထဲမှ ကျောင်းသားတဦးသည် ၀ိုင်းဖွဲ့စကားပြောထဲတွင် မပါဝင်ဘဲ စီးကရက်ကို တွင်တွင်ဖွာလျက် စားပွဲစွန်းရှိ ဓာတ်စက်ကို ဓါတ်ပြား တချပ်ပြီးတချပ်လဲကာ ဖွင့်လျက်ရှိသည်။

သူသည် အသားဖြူဖြူ၊ ဆံပင်ကောက်ကောက်၊ ဖျင်အင်္ကျီ လက်ရှည်၊ ဘန်ကောက်လုံချည် မြင်းချေးရောင် အစိမ်းကို ၀တ်ဆင်ထားသည်။ မျက်နှာမှာ ပဒုမ္မာကြာပန်းကဲ့သို့ လန်းရွင်သည်။ သူ၏ ချစ်ဖွယ်ကောင်းသော အပြုံးကလေးများသည် နီရဲသော ပါးပြင်နှင့် နှုတ်ခမ်းပေါ်တွင် ထာဝစဉ် နားလျက်ရှိသည်။ ကြက်သရေဖြင့် လျှမ်းသောအပြုံး၊ မေတ္တာ၏ အထိမ်းအမှတ် အပြုံး။

ကျွန်တော်သည် ရုပ်ရှင်ကြည့်ရာမှအပြန် နောက်ကျနေသဖြင့် ကျောင်းထမင်းစားရုံသို့မသွားတော့ဘဲ သမဂ္ဂ ပျော်ပွဲ စားရုံတွင်ပင် ညစာကို မှာစားလျက်ရှိသည်။

သူတို့ဝိုင်းထဲမှ ကိုဗဆွေ (ယခု ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူး)က ကျွန်တော့်ကို ကိုဘဟိန်း နှင့် အသိဖွဲ့ပေးလေသည်။ ကိုဗဆွေကား စစ်ကိုင်းကျောင်းဆောင်တွင် ကျွန်တော်နှင့် အခန်းခြင်းကပ်နေ၍ တယောက်ကို တယောက် ဆဲမနာ၊ ဆိုမနာ ခင်မင်သူ ဖြစ်သည်။

`ဒါ ကိုယ်တို့စစ်ကိုင်းကျောင်းဆောင်ကလေ။ ဒဂုန် မဂ္ဂဇင်းမှာစာတွေ ဘာတွေ ရေးတာပေါ့ကွ´ဟု ကိုဗဆွေ က မိတ်ဖွဲ့ပေးသောအခါ ကိုဘဟိန်းသည် ဓါတ်စက်မှသော့ကိုလှည့်ရင်း သူ၏ကြာပွင့်ချပ်ကလေးထဲမှ ၀တ်ဆံကို ဖွင့်လှပ်လိုက်သော ကဗျာဆန်သည့် အပြုံးဖြင့် တုံ့ပြန်ကာ …

`သြ … ဟုတ်လား။ ရတုပိုဒ်စုံတွေ ဘာတွေ ဒဂုန်မှာဖတ်ဖူးပါတယ်။ မန္တလေးမှာ နေကထဲက တွေ့ဖူး ပါတယ်´

ကိုဘဟိန်းသည် လူဖတ်နည်းလှသော ကျွန်တော်၏ရတုပိုဒ်စုံများကို ဖတ်ဖူးသဖြင့်အံ့သြ၍သွား၏။ သူသည် ကဗျာကို မြတ်နိုးသူ တယောက်ဖြစ်သည်။

`ကျွန်တော်တော့ မေရှင်ကို အတော်ကြိုက်တယ်။ ခင်ဗျားကော ဘယ့်နှယ့်လဲ´ဟု ပြောကာ သူသည် `ချစ်၍ခေါ်ရာ၊ ချစ်၍ခေါ်သည်´ကို ဒုတိယအကြိမ် ထပ်၍ ဖွင့်ပြန်၏။ ပြီးလျှင် `သော်တာငွေမင်း´ကို ဖွင့်၏။ သူသည် ဂီတကို ချစ်သည်။ သူနှင့် ကျွန်တော်သည် ခဏနှင့်ပင် စကားလက်ဆုံကျလျက်ရှိကြသည်။ ကာလပေါ် ဗမာဂီတ အခြေအနေကို သူသည် ဝေဖန်လျက်ရှိသည်။

`တချို့က အင်္ဂလိပ်တီးလုံးသွား သီချင်းတွေကို မကြားနိုင်ကြဘူး။ နားပိတ်ထားချင်သတဲ့ဗျ။ သာယာတဲ့ တေးသံကို ဘာပြုလို့ လက်မခံနိုင်ရသလဲ။ ဂီတဆိုတာ လူတမျိုးတည်း ကန့်သတ်ထားတာ မဟုတ်ဘူး။ ကျွန်တော့်အဖို့တော့ သာယာလှပတဲ့ တေးဂီတဆိုရင် နိုင်ငံခြား ဂျပန်ပဲဖြစ်ဖြစ်၊ ကုလားပဲဖြစ်ဖြစ်၊ ဣတာလျံ ပဲဖြစ်ဖြစ် နားထောင်တာပဲ။ တချို့က အင်္ဂလိပ်သံဆိုရင် အသံသေး အသံကြောင်ဆိုပြီး နားမထောင်နိုင်ကြ တာ အံ့သြဆရာပဲ´ စသည်ဖြင့် သူက ပြောလေသည်။

တဘက်စားပွဲစွန်းတွင် သမဂ္ဂအမှုဆောင်တစုနှင့် နိုင်ငံရေးအကြောင်း ငြင်းခုံစကားကောင်းလျက်ရှိသော ကိုဗဆွေက ဂီတနှင့်ပတ်သက်၍ ဆွေးနွေးလျက်ရှိသော ကိုဘဟိန်းနှင့်ကျွန်တော်တို့ဘက်သို့ လှည့်ကာ `အေး … မင်းတို့နှစ်ယောက်ကတော့ ကိုက်မှာပဲ။ ဘဟိန်းကလဲ ၀တ္ထုရေးချင်၊ ကဗျာစပ်ချင်၊ ဂီတ လိုက်စား ချင်နဲ့တော့။ မင်းတို့ နှစ်ယောက်က စိတ်ကူးယဉ် သမားတွေကိုး´ဟု ပြောကာ ရယ်မော၍ နေသည်။

`လူဆိုတာ အလှအပကို မက်တာပဲ။ ကဗျာဂီတရဲ့ အလှအပကို မကြည်နူးဘဲမနေနိုင်ဘူး။ လူဟာမင်းပြော တဲ့ စိတ်ကူးယဉ်ပဲ ဆိုပါတော့။ ကဗျာဂီတကို နားလည်မွေ့လျော်တာဟာ ယဉ်ကျေးလာတာကွ´ဟု ရယ်မော ရင်း ကိုဘဟိန်းက ပြန်ပြောလေသည်။

ကိုဗဆွေပြောသလိုပင် သူနှင့်ကျွန်တော်သည် မကြာမီပင် ခင်မင်ရင်းနှီးကာ ကျောင်းတွင် တတွဲထဲတွဲလျက် ရှိပေသည်။ သူသည် မန္တလေး ကောလိပ်မှလာစ ဘီအေ ပဋ္ဌမနှစ်။ ကျွန်တော်ကားကျောင်းရောက်စ ဥပစာ ပဋ္ဌမနှစ် ဖြစ်ပေသည်။

( ၂ )



အကယ်၍ ကိုဘဟိန်းသည်နိုင်ငံရေးသမား မဖြစ်လျှင် ဧကန်စာရေးဆရာတယောက် ဖြစ်မည်ဟုကျွန်တော် ထင်သည်။

သူသည် စာပေကိုလည်း အင်မတန် ၀ါသနာပါသည်။ ကားလ်မတ်စ်၏ကွန်မြူနစ်စာပေ ပရိယတ္တိကိုသာ မဟုတ် အနုစာပေကိုလည်း ဖတ်သူဖြစ်သည်။ ရုရှားစာရေးဆရာကြီး ဂေါ်ကီကို သူအတော်ကြိုက်သည်။

တခါက သူသည် နွေရာသီ ကျောင်းပိတ်ရက်အတွင်း၌ တက္ကသိုလ်သမဂ္ဂတွင်ရှိစဉ် ဂေါ်ကီ၏ ၀တ္ထုတိုတပုဒ် ကို ဗမာလို ဆီလျော်အောင် ဘာသာပြန်ဖူးသည်။ သူသည် ကျွန်တော့်ရှေ့တွင်ပင် ၀တ္ထုတိုကို ရေးပေသည်။

သူ၏၀တ္ထုသည် ထိုအခါက နာမည်ထွက်စပြုလျက်ရှိသော လက်ရွေးစဉ်မဂ္ဂဇင်းတွင် ပါစေသည် (လက်ရွေး စဉ် မဂ္ဂဇင်းကို စတင်တည်ထောင်သူအယ်ဒီတာမှာ ဂျာနယ်ကျော်တွင် မကြာခဏ ရေးလေ့ရှိသော ကွယ်လွန်သူ အဆန်းဆရာကြီးဖြစ်သည်။) ကိုဘဟိန်း ရေးသော ) ၀တ္ထုတို၏ အမည်မှာ `လေလွင့်သူ´ ဖြစ်၍ ပစ္စည်းမဲ့အချင်းချင်း ဆင်းရဲသောဘ၀အကွေ့၌ တွေ့ဆုံကာ ရင်းနှီးခင်မင်ပုံ သဘာဝကို ပြထား သော ငတ်မွတ်ခြင်းဘွဲ့ တပုဒ်ဖြစ်သည်။

ဒဂုန်မဂ္ဂဇင်းတွင်ပါဝင်သော သူ၏ `ဘ၀ခရီး´ အမည်ရှိ ၀တ္ထုတိုကားဝတ္ထုတိုဂုဏ်နှင့် ကြွယ်ဝပြည့်စုံလှ သည်။ ကုလား ဗမာ အဓိကရုဏ်းကို နောက်ကားခံကာ ဆင်းရဲမွဲတေသော ပန်းချီဆရာသူငယ်ချင်း နှစ်ယောက်၏ မေတ္တာနှင့်ငတ်မွတ်ခြင်း အကြောင်းကို ပေါင်းစပ်ကာ ရေးသားထားသည်။ သည်အထဲတွင် အရင်းရှင်စနစ်၏ စာရိတ္တကိုလည်း သိမ်မွေ့စွာ ထည့်သွင်းထားသေးသည်။

ထွန်းအေးစာအုပ် ဖြန့်ချိရးဋ္ဌာနမှထုတ်ဝေသော `ဓနရှင် လောက´ ကား ဗမာစာနယ်ဇင်းလောကတွင် ထင်ရှားသည်။`ဓနရှင် လောက´သည် ကွန်မြူနစ်ဝါဒကို မျိုးစေ့ချပေးသော သစ်စေ့ကောင်းတစေ့ ဖြစ်သည်။ ရှင်းလင်းပြတ်သား၍ လှသည်။ ဤစာအုပ်တွင် ကိုဘဟိန်းသည် အရေးအသား၌ နိုင်နင်း ကျွမ်းကျင်ကြောင်း ဖေါ်ကြွားထားပေ၏။ သုသည် စာရေးကောင်းသူတယောက် ဖြစ်သည်။

အင်္ဂလိပ် ပြေးခါနီး သူထောင်မကျခင်က ချားလ်ဒစ်ကင်း၏ နာမည်ကျော် `မျှော်တလင့်လင့်´ ၀တ္ထုကြီးကို `လူ့အလို´ အမည်ဖြင့် ရေးဖူးသည်။ သို့သော် တိုင်းပြည်ပျက်ခိုက်နှင့် ကြုံသဖြင့် စာမျက်နှာ(၆၀)ကျော်သာ ပုံနှိပ်ပြီးစီးရသေးသည်။ အကယ်၍ သည်ဝတ္ထုသာ ထွက်လာလျှင် ဗမာ စာပေလောကတွင် ကျော်စော ထင်ရှားဦးမည့် ၀တ္ထုကောင်းတပုဒ် ဖြစ်ပေမည်။ သူသည် နိုင်ငံရေးကိစ္စများဖြင့် အလုပ်ရှုပ်နေရာ တဖေါင် ရိုက်နေစဉ် နောက်တဖေါင် ဆက်စီနိုင်ရန် ပန်းဆိုးတန်းရှိ ထွန်းအေး စာအုပ်ဖြန့်ချိရေးဋ္ဌာန အလုပ်ခန်းတွင် ထိုင်ကာ ရေးပေးသော ၀တ္ထုဖြစ်သည်။ သူ့မှာ ၀တ္ထုရေးဆရာကြီး တယောက်ဖြစ်နိုင်သော လက္ခဏာတွေ အများကြီးရှိသည်။ သို့သော် ဗမာပြည်ကို လွတ်လပ်ချင်သောစိတ်၊ ဆိုရှယ်လစ်နိုင်ငံတော် တည်ထောင်လို သော စိတ်က ပြင်းထန်လွန်းလှသဖြင့်သာ ကျောင်းသားဘ၀ ကတည်းကပင် ထောင်ကျဆင်းရဲ အနစ်နာ ခံကာ နိုင်ငံရေးသမား ဖြစ်လာရခြင်း ဖြစ်ပေသည်။

`ဇမ္ဗူကျွန်းလုံး` သီချင်းခံကို ဂီတ၌အတန် ၀ါရင့်သူများသာ ရပေသည်။ ကိုဘဟိန်းသည် ဇမ္ဗူကျွန်းလုံး သီချင်းခံကို အစအဆုံး ပင် ဆိုနိုင်သည်မှာ အံ့သြဖွယ် ကောင်းပေသည်။ ဇမ္ဗူကျွန်းလုံးသည် ဂီတ၀ိသော ဓနိကျမ်း၌ တမျက်နှာကျော် ရှည်လျားသည်။

အေ၀မ်း ဓာတ်ပြားများကို သူသည် နှစ်သက်သည်။ ပြည်လှဘေ ဆိုသော `နတ်ရှင်နောင်´ သီချင်းကို တူရိယာ တီးမှုတ်သူ တွေ့တိုင်း တီးခိုင်းလေ့ရှိသည်။ နတ်ရှင်နောင်ထဲမှ `ပေါ်နွေလလျင်´ရတုကို မရတရဖြင့် ညည်းသည်။ ဒိုရာသန်းအေး၏ `လှေကလေး´ ကိုလည်း သူအတော် သဘောကျသည်။

တက္ကသိုလ် ရာဇ၀င်ကထိက ဦးဘညွှန့် သီဆိုဓာတ်ပြားသွင်းသော ဆုထူးရွယ် သီချင်းကို သူသည် ဓာတ်ပြားမထွက်ခင်ကတည်း က ရနေသည်။ ဦးဘညွှန့်မှာ ကိုဘဟိန်းနှင့်ခင်ရာ ဦးဘညွှန့် တယောလေးနှင့် ဆိုလေ့ရှိသည်ကို နားဖြင့် မှတ်ကြားကာ ရနေဟန် တူလေသည်။ ကိုဘဟိန်းကား အခြားနိုင်ငံရေးသမားများလို မဟုတ်။ နိုင်ငံရေးသမားများနှင့်သာမဟုတ်၊ အနုပညာသမားတွေနှင့်လည်း ခင်မင်ပေါင်းသင်းသူ ဖြစ်ပေသည်။

ကိုဘဟိန်းသည် လူအဖြစ် ကုန်လုံပြည့်စုံသူ တယောက်ဖြစ်သည်။ လူတွင် ချစ်စိတ်ကြိုက်စိတ် ရှိသည်။ ဆန့်ကျင်ဘက် လိင်ကို ကြိုက်တတ်သည်။ ကိုဘဟိန်းသည်လည်း ချစ်စိတ် ကြိုက်စိတ် ရှိသည်။ တက္ကသိုလ်တွင် ရှိစဉ်က လှပသည့် ကျောင်းသူတဦးကို ကော်ရစ်ဒါ အကွေ့တွင် စကားလိုက်ပြောသည်ဆိုသော သတင်းထူးသည် တက္ကသိုလ်နယ်တွင် ပျံ့နှံ့သွား၏။ ကိုဘဟိန်းသည် လူဖြစ်သည်။ သူတယောက်တည်းသာမဟုတ် ပုတုဇဉ် အားလုံးသည် ဥမ္မာတကော မဟုတ်လား။

ဘီအေ အထက်တန်းတွင်ရှိသော ၁၉၃၉ ခုနှစ်က သူသည် သထုံကျောင်းဆောင်တွင် မနေဘဲ မြေနီကုန်းရှိ ပြည်လမ်းမကြီးမှ အရှေ့ဘက်သို့ ချိုးဝင်ရသော မြေနုလမ်းတွင် နေကာ နေ့ကျောင်းသားအဖြစ် ကျောင်းတက်လျက်ရှိသည်။ သူနှင့်အတူ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်) နှင့် သူ၏ညီ မောင်သန်းနိုင်တို့ နေသည်။ ကျွန်တော်သည် အတန်းအားချိန်တွင် သူ၏နေအိမ်သို့ မကြာခဏ သွားလည်လေ့ ရှိသည်။သူ၏ အိမ်တွင် ဓါတ်စက်တလုံး ရှိ၏။

ကိုဘဟိန်းတွင် လူတွေကို ချစ်ခင်တတ်သော မေတ္တာဓါတ် ကြွယ်ဝသည်။ အထူးသဖြင့် သူသည် ကလေးများကို အင်မတန် ချစ်ခင်တတ်သည်။ တနေ့ ကျောင်းအားချိန်တွင် မြေနုလမ်းအိမ်သို့ သွားလည်ရာ သူသည်(၄)နှစ်သား အရွယ် ကလေးလေးကို ဒူးနှစ်ဖက်ကြား တွင် ပွေ့ဖက်ကာ`သည်ဆောင်းဟေမန်´ ဓါတ်ပြားကို ဖွင့်လျက်ရှိသည်ကို တွေ့ရသည်။ ကလေးလေး၏ နှပ်ချေးများကို သူကိုယ်တိုင် လက်ဖြင့် သုတ်သင်ပေးသည်။ သူသည် သည်ကလေးလေးကို အင်မတန် အလိုလိုက်သည်။

ကျွန်တော်က မသင်္ကာ၍ ကိုထွန်းရှိန်ဘက်သို့လှည့်ကာ `ဘယ့်နှယ့်လဲ ကိုထွန်းရှိန် သူ့မှာ နှမချော၊ အဒေါ်ချောမှ ရှိရဲ့လား´ဟု ကလေးကို မေးငေါ့ပြရင်း ရယ်မောကာ မေးလိုက်၏။ ကိုဗဟိန်းကား ဓါတ်စက်မှ သော့ကိုသာ အတွင်လှည့်နေသည်။

ကိုထွန်းရှိန်သည် အိမ်ဘက် လမ်းရှေ့ဆီသို့ ငေးကြည့်ကာ `မသိတော့လားဗျာ´ ဟု ခပ်ပြုံးပြုံး ဖြေလေသည်။

သူ၏ အိမ်ရှေ့တွင်ကား ဆရာဖြစ်သင် ကောလိပ်ကျောင်းသူ မခင်ကြီး ရှိသည်။ ကိုဘဟိန်းသည် မခင်ကြီးအား ချစ်သူဘ၀ ကတည်းကပင် အတော်ချစ်၏။ ၁၉၃၉ ခုနှစ် သီတင်းကျွတ် ကျောင်းပိတ်ရက် အတွင်းက သူနှင့်ကျွန်တော် ရှမ်းပြည်သို့ မန္တလေးမှ ဖြတ်သန်း သွားခဲ့၏။ ထိုစဉ်က မန္တလေးသို့ မင်းလတ် သင်္ဘေဖြင့် ဆန်တက်လျက်ရှိရာ သင်္ဘောပေါ်တွင် ကိုဘဟိန်းသည် မခင်ကြီးအကြောင်းကို တတွတ်တွတ် ပြောလျက်ရှိ၏။ မခင်ကြီးထံသို့ တနေ့ တစောင်ကျ စာထည့်၏။ သင်္ဘေဆိပ်ကမ်းမြို့ တမြို့သို့ ဆိုက်ကပ်လျှင် ကျွန်တော်က စာတက်၍ ထည့်ရ၏။ ကျွန်တော့် အမေထံသို့ စာထည့်ရန် ရန်ကုန်က ၀ယ်လာခဲ့သော ဒစ်ကင်ဆန် စာရေးစက္ကူကပ် အပြာနုမှာ သူ့ မခင်ကြီး ထံသို့ စာရေးသဖြင့် ရှမ်းပြည် နမ်းမတူ ရောက်အောင် မခံဘဲ အကုန်ချောတော့၏။

( ၃ )



ကိုဘဟိန်းကို သူ့မိဘများက ကြေးမှုံသဖွယ် အရိပ်တကြည့်ကြည့်နေအောင် ချစ်၏။ သူ ရန်ကုန် တက္ကသိုလ်သို့ လာသောအခါ မိဘများက သူ၏ သေတ္တာကို ချိပ်လုံချည်၊ မန္တလေးပိုးလုံချည်၊ ပိုးအင်္ကျီများဖြင့် ကြပ်နေအောင် သိပ်ပေးခဲ့၏။ ကိုဘဟိန်းမှာ သပ်သပ်ရပ်ရပ် နေတတ်၏။

ရှမ်းပြည်အသွားတွင် ကျွန်တော်သည် လက်ဆည်ကန်ရှိ ကိုဘဟိန်း၏ မိဘများအိမ်တွင် ရက်သတ္တ တပတ်ခန့် တည်းခိုရ လေသည်။ ထိုအခါ သူ၏ ဖခင် ဦးမှင်က သူ့ကို စကားမပြော။ မခေါ်ဘဲ နေသောအခိုက် ဖြစ်၏။ သို့သော် ရှမ်းပြည်တွင် လည်ပတ်သောအခါ အချမ်းလုံအောင်ဆို၍ သားအတွက် ရှူးဖိနပ်ကို ကိုယ်တိုင် ဆေးသုတ်ပေးရှာ၏။ ဤမျှ သားကို ယုယ၏။

တည ကျွန်တော်တို့ ရှိစဉ် သခင်အောင်ဆန်းသည် မန္တလေးသို့ နိုင်ငံရေးကိစ္စနှင့် လာခိုက်ဖြစ်၍ ကိုဘဟိန်းထံသို့ အလည် လာ၏။ ကိုဘဟိန်း အပြင်သို့ ထွက်နေသဖြင့် သခင်အောင်ဆန်းသည် ဦးမှင်နှင့် စကားပြောလျက် ရှိ၏။ ကိုဘဟိန်းအကြောင်း ရောက်သွားသောအခါ ဖခင် ဦးမှင်က `သူ့ကို ကျုပ်တို့က ဘယ်လောက် အရိပ်တကြည့်ကြည့်နဲ့ ချစ်ရပေမယ့် သူက မိဘကို နိုင်ငံရေးလောက် ချစ်တာ မဟုတ်ဘူး´ ဟု ပြောလေသည်။

သခင်အောင်ဆန်း နှုတ်ဆက်၍ ပြန်သွားသောအခါ ဦးမှင်သည် ကျွန်တော့်ဘက်သို့ လှည့်၍ `ကိုအောင်ဆန်းနဲ့ ဘဟိန်းဟာ အတူတူပဲ။ သူတို့က နိုင်ငံရေးကို မိဘထက် အပုံကြီး ချစ်တယ်´ ဟု ပြောလေသည်။

မိခင်နှင့် အစ်မများကလည်း သူ့ကို`ကိုဟိန်း-ကိုဟိန်း´ နှင့် ပါးစပ်ဖျားလေးတွင်၊ ကိုဘဟိန်းသည် သူ့မိခင်၏ ပေါင်ကို ခေါင်းအုံးကာ မိခင်၏ ယုယစွာ ဆံပင်သပ်ပေးခြင်းကို ကျေနပ်စွာ ခံလျက်ရှိသည်။ အစ်မလုပ်သူများက ဘေးတွင် ထိုင်စကားပြောလျက်ရှိကြ၏။

မိဘများက သူ့ကို ဘယ်လောက်ပင်ချစ်ချစ် သူသည် နိုင်ငံရေးအတွက် အတွယ်အတာများကို စွန့်ပယ်ကာ မိဘ၏ အေးချမ်း ရိပ်ငြိမ်သော အရိပ်တွင် မနေနိုင်ဘဲ ကြမ်းတမ်းခက်ထရော်၍ မာကြောလှသော အကျဉ်းထောင် နံရံလေးဘက် အတွင်း၌သာ ဆင်းရဲခြင်း ဒုက္ဒ ကို တွေ့ကြုံရလေသည်။

သူသည် အ၀တ်အစားကို သပ်သပ်ယပ်ယပ် ၀တ်ဆင်တတ်၏။ သန့်ရှင်းစွာ နေတတ်၏။ ဘန်ကောက်လုံချည် အပြာကို ကြိုက်၏။ ဂီတကို ချစ်၏။ သူ့ကို အဝေးက ကြည့်လိုက်လျင် ပေါ်လွင်၍ ကြက်သရေဖြင့် ရွမ်းရွမ်းမြသော သူ၏အပြုံးသည် ကြာပန်းမှ ၀တ်ဆံကို ဖွင့်လှပ် တင့်ကြွားလိုက်သလို မြင်လိုက်ရ၏။ သူ၏ ရုပ်သည် ယဉ်ကျေးသိမ်မွေ့သော လူလတ်တန်းစား ဟန်သွင်ဖြစ်၏။ သို့သော် ကျောင်းသားဘ၀ ကတည်းက မကွေးထောင်၊ အင်းစိန်ထောင်တို့တွင် နေရ၏။ တိုက်ပိတ်ခံရ၏။ အင်္ဂလိပ် ပြေးခါနီး အဖမ်းခံရ၍ ထောင်အမျိုးမျိုးပြောင်းကာ ဒုက္ဒကို တွေ့ကြုံ၏။ ဆင်းရဲခြင်းနှင့် နဘမ်းလုံး၏။

( ၄ )



ရှမ်းကုန်မြေမြင့်ဒေသကား လွင်ပြင်မှာထက် စော၍ နေ၀င်သည်။ နေ၀င်သော်လည်း အမှောင်ထုသည် မင်းမမူ။ လသည် ငြိမ့်ငြိမ့်ကြီး ထွက်လာလေတော့သည်။

ငွေလရောင်သည် တောနှင့် တောင်ကို ပွေ့ဖက်ကာ မြူလိုက်လေသည်။ တဘက်တွင် မှိုင်းညို့သောသစ်တောနှင့် စောက်မတ်သော မြေထရံကြီး။ တဘက်တွင်း ရေတံခွန်တို့ဖြင့် ပြွမ်းကာ တသွင်သွင်စီးဆင်းနေသော ဒုဋ္ဌာဝတီမြစ်။

မြစ်ကမ်းရှိ သစ်ပင်တို့သည် ငွေသရဖူ-ငွေမကိုဋ်ကို ဆောင်းကာ သူတို့၏အလှကို ၀င့်ကြွားလိုက်သည်။ မြစ်ယံမှ ရေတံခွန်တို့သည် ငွေလရောင်ဦးဝယ် တလက်လက် ကွန့်မြူး၍ နေသည်။

လားရှိုးသို့တက်သော မီးရထားသည် မန်ဆန်ဘူတာရုံကို ကျော်လေပြီ။

ကိုဘဟိန်းသည် ငွေလရောင်၏ အလှတွင် ယစ်မူးကာ မေရှင်၏ ကျောင်းပိတ်ရက် သီချင်းကို တအေးအေး ညည်းလျက် ရှိလေသည်။

ရေတံခွန် သွယ်ဖြာစီးလို့ရယ်

တောင်ခြေ နှင်းမြူတွေဝိုင်းတယ်