နေ့သစ်အကြောင်း ဆက်သွယ်ရန်
မူလစာမျက်နှာ သတင်း ဆောင်းပါး မှတ်တမ်းဓါတ်ပုံ မှတ်တမ်းဗွီဒီယို ထုတ်ပြန်ချက် အခြားကွန်ယက်များ အကြံပြုလွှာ နေ့အလိုက်မှတ်တမ်း
 
 




 
   Thanks for visiting!    We recommend you    to surf this site
   ဤ၀က်ဘ်ဆိုက်သည်
   Firefox Browser ဖြင့်    ကြည့်ရန်အတွက်သာ    အဆင်ပြေစေပါမည်။
   အခြားသော Internet    Browsers သည်
   ဤ၀က်ဘ်ဆိုက်
   အဆင်အပြင်အရ    ပြောင်းလဲမှုအနည်းငယ်    ဖြစ်ပေါ်နေပါမည်။
 
ဝတ္ထု

လမ်းသရဲ၊ တောသူ၊ အဖြူနဲ့ ကျနော်တို့၏ကန္တာရနေ့ရက်များ
ခင်လွန်း
Tuesday, November 18, 2008

         (၁)
         “ဘာတဲ့ ဘာတဲ့ အဲဒီ့ခွေးနံမယ်က”
         “လမ်းသရဲ လမ်းသရဲ ခွေးလမ်းသရဲ”
         “ကြံကြံဖန်ဖန်ဗျာ ခွေးကိုများ လမ်းသရဲရယ်လို့”
         “နင်ဘာသိလို့လဲဟဲ့ စူဠရဲ့။ အဲဒီ့ခွေးက တနေကုန်လမ်းပေါ်မှာချည်းနေတဲ့ဟာ”
         “ဟာ။ အမကလဲဗျာ သခင်မရှိလို့နေမှာပေါ့ဗျ”
         “ဘယ်ကလာ သခင်မရှိဘဲ နေမှာလဲဟ။ ကြည့်ပါလား။ လည်ပတ်တွေဘာတွေနဲ့ပဲဟာ”
         စူဠနှင့်မီတို့ ပြောဆိုနေသည်ကို ကြားနေရသဖြင့်ခပ်လှမ်းလှမ်းတွင် သရေတမြားမြားလျှာတွဲလောင်း ချကာ စောင့်ကြောင့်လေးထိုင်နေသည့် ခွေးလေးတကောင်ကို ကျနော်ပါလှမ်းကြည့်ဖြစ်မိသည်။ ခွေးက လေးက ကျနော်တို့ သူ့အကြောင်းပြောဆိုနေသည်ကို တစုံတရာ နားလည်နေသည့်အလား အမြီးလေး တ ရမ်းရမ်း။ ခေါင်းလေး စောင်းကာငဲ့ကာဖြင့် ကျနော်တို့ကို ပြန်ကြည့်နေလေသည်။
         “သူပေါ့ ငါမနေ့က အဖြူ့ကိုကြွေးထားတဲ့ ထမင်းတွေ ၀င်အုပ်သွားတာ”
         ကျနော့်ဇနီးမီက အိမ်မွေးခြံပေါက်ဖြူမကို လူတယောက်နံမည် အဖျားဆွတ်ခေါ်ဝေါ်သလို ‘အဖြူ’ ဟု ခေါ်လေသည်။
         “အမကလဲဗျာ ဖြူမကြီးကျန်လို့ စားတာပဲဟာ၊ အဲဒါလေးနဲ့များ ခွေးလမ်းသရဲဖြစ်ရတယ်လို့”
         “ဟဲ့ သူ့သခင်က ငါ့ကိုပြောပြီးပြီဟဲ့ စူဠရဲ့၊ သူ့ကိုတဲ့ အိမ်မှာအမြဲချည်ထားတာတဲ့၊ ဒါပေမယ့် ကြိုးကို ကိုက်ကိုက်ဖြတ်ပြီး၊ ဒီလိုပဲ လျှောက်သွားနေတာပဲတဲ့”
         လမ်းသရဲက ခွေးပျိုပေါက်ကလေး ဖြစ်သည်။ အမွှေးစုတ်ဖွားဖွားလေး ဖြစ်သော်လည်း ဆံပင်စုတ် ဖွား ကိုးယို့ကားယားနေတတ်သည့် လူ လူပျိုပေါက်ညစ်သိုးသိုးပုံလေးနှယ် ဖြစ်နေလေသည်။ သပ်သပ် ယပ်ယပ်မရှိ၊ နီညိုရောင် လေးဖြစ်၍ နှုတ်သီးနက်နက်၊ အမြီးလေးက ဖွာကျနေသည်။ သူ့အမူအယာက မနေ့တနေ့ကမှ သည်နေရာသို့ရောက်လာသည့် ကျနော်တို့နှင့် မိတ်ဆွေဖွဲ့လိုသည့်ပုံမျိုး။ သြော်၊ ဒီဝန်းကျင် သစ်လေးမှာတော့ လမ်းသရဲသည်လည်း ကျနော်တို့အတွက် သက်ရှိအဖော်သဟာဖြင့် ဖြစ်လာခဲ့ရလေပြီ၊ ဘယ်၍ဘယ်မျှ အတူတကွရေစက် ဆုံနေကြရမည်ဆိုသည် ကိုတော့မ သိချေ။

         (၂)
         ဒီနေရာလေးသို့ ကျနော်တို့ စတင်ပြောင်းရွှေ့ခဲ့ရသောနေ့တွင် အပျော်လွန်နေသည့် ဖြူမပါမလာ သဖြင့် မီကတဖျစ်တောက်တောက်၊ အရင်နေရာမှ နာရီဝက်ခန့်သွားရသည့် ခရီးအကွာတွင် ရှိနေသဖြင့် ဖြူမလိုက်လာချင်သည့်တိုင် လွယ်လွယ်ကူကူ လိုက်မလာနိုင်မှာကို မီစိုးရိမ်နေပုံရသည်။ ယောက်ျားသား များသာများပြီး မိန်းမသားဟူ၍ မီတယောက်သာရှိသည့်အိမ်တွင် ဖြူမကမီ့အတွက် တိုးတိုးဖော် တိုးတိုး ဖက်လို ဖြစ်နေသည်။ မီက ဖြူမကို လူတယောက်လို အဖော်ပြု၍ပြောနေဆိုနေပုံကို ကျနော်သတိထား ကြည့်မိဖူးသည်၊ တကယ့်ကို လူလူချင်းပြောနေဆိုနေပုံမျိုး။ ဖြူမကလည်း မီပြောလေသမျှကို အမြီးတရမ်း ရမ်း ခေါင်းတလှုပ်လှုပ် နားရွက်တခါခါနှင့် နားလည်သလိုလိုဘာ လိုလို ဟန်ပြုကာ နားထောင်နေတတ်မြဲ။
         “အဖြူ၊ နင်ရည်းစားရှိနေပြီ မဟုတ်လား ပြောစမ်း၊ ဟင်း ၀ုတ်ဝုတ်ဝုတ်ဝုတ်တော့ မလုပ်နဲ့နော်။ ငါ ဆရာနဲ့တိုင်မှာ”
         မီက အဖြူကိုစေ့စေ့ကြည့်ရင်း သည်လိုမေးလျှင် အဖြူသည် သူ့ကိုယ်လုံးကြီးကို တွန့်ကာ ခါကာဖြင့် သူ့အမြီးဖွားကြီးကို တရမ်းရမ်း လှုပ်ကာလှုပ်ကာ မီ့ကိုယ်ထဲသို့ ခေါင်းတိုးဝင်လာတတ်သည်။
         “တွေ့လား မောင်တွေ့လား၊ အဖြူဟာလေ တကယ့်ကိုလူလိုပဲတွေ့လား၊ သူကပဲ ရှက်သလိုလိုဘာ လိုလိုနဲ့”
         ဟုတ်တော့လည်း ဟုတ်သည်။ တကယ့်ဖြူမ။ တခါတရံ မီကလူတယောက်နှင့် စကားလက်ဆုံကျ နေသည့် ဟန်မျိုးဖမ်းကာ ကြည်စယ်နေချိန်များမှာတော့ ဖြူမသည် အူယားလာသည့်နှယ် ၀ူခနဲထ၍ အော် တတ်လေသည်။
         ကျနော်တို့ သည်နေရာသို့ ပြောင်းလာချိန်တွင် ဖြူမမှာတကယ်ပင် ချစ်သူရှိနေလေပြီ၊ ဖြူမက လူ များလိုဆိုလျှင်တော့ လုံးကြီးပေါက်လှ ဖွံ့ဖွံ့ထွားထွားကြီး။ ဖွေးဆွတ်နေသည့်အမွှေးထူထူတွင် ရွှေအိုရောင် အကွက်များက ခန္ဓာကိုယ်အနှံ့ဖြန့်ပက်ထားရာ သူ့အလှကို ပိုပြီးပေါ်လွင်စေလေသည်၊ သူ့ချစ်သူကိုမြင် တော့ မီသာမက ကျနော်တို့အားလုံးပင် အံ့အားသင့်နေတော့၏။ ဖြူမချစ်သူက ကျနော်တို့လူများအလိုအရ ပြောရလျှင် အလွှာချင်းတော့ မတူပါလေဟု ဆိုရမလိုပင်။
         ကျနော်တို့အိမ်ပေါက် ဖြူမက လမ်းဘေးခွေးတကောင် မဟုတ်သော်ငြား သူ့သခင်များဖြစ်သည့် ကျနော်တို့နှယ် နေရာတနေရာတွင် အတည်တကျနေနိုင်ဖို့မှာမသေချာ။ အခြေအနေအရ ကျနော်တို့ပြောင်း ကြ ရွှေ့ကြရလျှင် ဖြူမကိုလည်း ခေါ်ခဲ့ကြရသည်သာ။ ဟော သူ့ချစ်သူကတော့ဖြင့် ဟိန်းဟိန်းထနေသည့် တိုက်ကြီးတတိုက်မှ။ ပြီးတော့ အမျိုးအနွယ်အရ ပြောကြစတမ်းဆိုလျှင်လည်း မြန်မာပြည်မှာ တော်တော် တန်တန်မြင်ဖူးဖို့ပင်ခက်သည့် လေးငါးခြောက်သိန်းတန် ဒိုဘာမင်ခွေးမျိုး။ မွေးကတည်းက အမြီးငုတ်လေး မကျန်အောင် ဖြတ်ထား ခံရလေ့ရှိသည့် ခွေးမျိုးကောင်း မျိုးသန့်တမျိုး။
         အကောင်ကြီးကလည်း ထွားလိုက်ကျိုင်းလိုက်သည်မှ တော်တော်တန်တန် လူတယောက်လောက်ရှိ သည်။ ထည်ဝါလိုက်သည်ကလည်း ဖြူမကိုပိုင်ရသည့် ကျနော်တို့ကပင် ခပ်ရွံ့ရွံ့၊ မျက်လုံးချင်းပင်မဆိုင်ရဲ။ မတော်ခုန်ခဲ့ပြီး မျက်နှာကိုဟပ်လိုက်မှဖြင့် ဆိုသည့်စိတ်က ကျနော်တို့တွေကို အသည်းတယားယား ဖြစ်စေ သည်။ ပြီးတော့ အခြေကြီးသည့်ခွေးမျိုးမို့ ကျနော်တို့စားသည့် အစားအစာတွေကို သူကငှဲ့လို့တောင်မှ မကြည့်။
         “မတတ်နိုင်ဘူးမောင်၊ သမီးပေးသမက်ရဆိုပေမယ့် ကိုယ့်ရှိတဲ့ဟာပဲကြွေးရမှာပဲ၊ မစားနိုင်ရင်သူ့အိမ် သူပြန်ပေါ့”
         ဒါက ဖြူမချစ်သူအပေါ် မီ့သဘောထားဖြစ်လေသည်။
         နောက်တော့လည်း သကောင့်သားက အချစ်နှင့်ပေါင်မုန့်တွင် အချစ်ကိုရွေးချယ်ပြီး ဖြူမနားကတဖ ၀ါးမခွာတော့ဘဲ ထမင်းကျန် ဟင်းကျန်ကို အတူလွေးရှာသည်။ သို့နှင့် မီက သူ့ကို ‘ဒိုးလုံးကြီး’ ဟု အမည် သစ်စာရင်းသွင်း လိုက်တော့၏။

         (၃)
         ဘ၀ချင်း တူသော်လည်း အလွှာချင်း ကွာခြားချင်တိုင်းကွာခြားလှသည့် ဖြူမနှင့်ဒိုးလုံးကြီးတို့၏ အချစ်သည် နောက်တော့လည်း ခွဲခွာခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရလေသည်။ ဒိုးလုံးကြီးမရှိသည့်နောက် ဖြူမတွင် နောက်အဖော်သစ်များ ရလာသည်။ မီပြောသည့် လမ်းသရဲဆိုသည့် အကောင်သေးသေး ခွေးထီး လေးတကောင်နှင့် မှုန်တေတေနိုင်လှသည့် ခွေးပိန်မလေးတကောင်တို့ဖြစ်သည်၊ ထိုခွေးလေး နှစ်ကောင် လုံးမှာ ပိန်ချုံးနေလေသည်။ ခွေးပိန်မလေးမှာ လမ်းပင် ကောင်းကောင်းမလျှောက်နိုင်သဖြင့် ကျနော်က မ သန်မစွမ်းခွေးတကောင်ဟု ထင်မှတ်ခဲ့သေးသည်။ မဟုတ်။ သခင်ပစ်သွားသဖြင့် အစာငတ်ရေငတ် အပြတ် ပြတ်ဖြစ်ကာ အင်အားချို့တဲ့နေခြင်းဖြစ်ကြောင်း ကျနော် နောက်မှသိခဲ့ရသည်။
         “ဒီနေရာက ဟိုဘက်ကမ်းနဲ့က နီးနီးလေးရယ်၊ အညိုတို့လိုပေါ့နော်၊ ကိုယ့်ဗမာပြည်သားတွေ ဒီ အချိန်ဆိုရင် ဒီဘက်ကမ်းကိုလာပြီး အလုပ်လုပ်ကြ၊ ငွေကလေးစုကြ။ ပြီးတော့ ယာတွေသိမ်းချိန်ရောက် တော့ ပြန်သွားလိုက်ကြနဲ့”
         ဒေသခံတပိုင်းလိုဖြစ်နေသည့် အညိုကဒီနေရာလေးမှ သိပ်အလှမ်းမဝေးလှသည့် မြန်မာပြည်ဘက် ကမ်းမှ တောင်တန်းပြာကြီးတွေဆီ ငေးရီကြည့်ပြီး ပြောပြနေသည်။
         “ဒါဆို ဒီခွေးပိုင်ရှင်ဗမာပြည် ပြန်သွားလို့ သူကျန်ခဲ့တာပေါ့”
         စင်စစ် သည်နေရာသည် နယ်ခြားမြို့လေး၏ အစွန်အဖျားဖြစ်နေရာ ဟိုဘက်ကမ်းနှင့်သည်ဘက် ကမ်း ဥဒဟိုဝင်ထွက်သွားလာ၍ လွယ်ကူသည်။ ကျနော်တို့ရွှေတွေ ဟိုမှာဘက်က အသက်ရှူကြပ်ရလေ တိုင်း ဒီကမ်းဘက်သို့နည်း အမျိုးမျိုးဖြင့်ဝင်ရောက်ကာ ဒေသခံတို့၏ လယ်ယာလုပ်ငန်းများတွင် ၀င်ရောက် လုပ်ကိုင်လေ့ရှိသည်၊ တချို့နှစ်ပတ်လည်သည့်တိုင်၊ တချို့လည်း တရာသီနှစ်ရာသီစသဖြင့် ငွေယားလေး စုမိဆောင်းမိပြီဆိုလျှင် အထုပ်လေးပိုက်၍ ပြန်ကြပြီ။
         “ဒီခွေးမလေးက ကံကောင်းလို့မသေတာ။ ဟိုတလောက သူ့ကိုသတ်စားဖို့ ရိုင်းဖမ်းကြတာလေ၊ ချည်တုတ်ရိုက်နေတုန်း ကြိုးပြေပြီးလွတ်သွားတာ။ အဲဒါ အခု ဘယ်သူ့မှ သူ့အနားအကပ်မခံတော့ဘူး။ လူ တွေကိုကြောက်နေပြီ”
         မြန်မာမြေလတ်မြို့သူလေး အညိုသည် စီးပွားရေးအခက်အခဲကြောင့် ဒီဘက်သို့စွန့်စားထွက်လာပြီး ကျပန်းလုပ်ကိုင်နေရာမှ ဒေသခံတဦးနှင့်အိမ်ထောင်ကျကာ ဒီမှာအသားကျနေလေပြီ၊ အညာဟန် အညာ သံကတော့ မပျောက်သေး။
         “နို့ ဘယ်သူတွေက သူ့ကိုစားကြဖို့လုပ်တာလဲ။ ဒို့လူတွေပဲလား”
         “ဒါပေါ့ဦးရဲ့။ ဒီမှာလဲ အလုပ်ကအမြဲရှိတာမှမဟုတ်တာ၊ အလုပ်မရှိစရိတ်ကပြတ်တော့ ငတ်ငတ်နဲ့ စားကြမလို့လေ”
         “သြော် အလုပ်က ဒီလိုပဲပြတ်တတ်လား”
         “အမှန်က အလုပ်ကပြတ်တာတော့ မဟုတ်ဘူးဦးရဲ့။ ဒီလိုအချိန်ဆိုရင် ဟိုဘက်ကမ်းက တက်တက် လာတာ နည်းတာမှတ်လို့၊ လူကများပြီးအလုပ်ကရှားတော့ အခက်အခဲတွေဖြစ်ကြတာပေါ့၊ တချို့ဆို အပြန် စရိတ်မရှိလို့ ဒီမှာတင်သောင်တင်ပြီး မဟုတ်ကဟုတ်ကတွေ လုပ်ကုန်ကြရောလေ”။
         အညို့စကားအဆုံးမှာတော့ ကျနော်သည် ပင့်သက်ရောရှိုက်သက်ပါ တပြိုင်တည်းချမိသွားခဲ့သည်။ သြော် ဒို့ပြည်သားတွေဘ၀ ဘယ်တော့များမှ ငြိမ်းချမ်းလှပလာပါ့မလဲ ဆိုသည့်စိတ်က ရင်ထဲတိုးဝှေ့ကာ ကျန်ရစ်ခဲ့လေသည်။

         (၄)
         ထို့နောက်ပိုင်းမှာတော့ အညို့၏ ခွေးကလေးလမ်းသရဲနှင့် စွန့်ပစ်ခံခွေးပိန်မလေးတို့သည် သဘော မနှောကောင်းလှသည့် ဖြူမနှင့် အလွမ်းသင့်ကာ ကျနော်တို့အိမ်မှာပင်လိုလို နေလေ့ရှိသည်ကို ကျနော် သတိထားမိခဲ့သည်၊ မီက ထိုခွေးလေးနှစ်ကောင်ကို နှစ်လိုပုံမရချေ။ ကျနော်တို့ရိက္ခာထဲမှ ဖဲ့ပြီးကြွေးရမွေး ရမလို ဖြစ်နေသည့်အတွက်လည်း ပါပါသည်။
         “ကိုယ့်ဝမ်းနာ ကိုယ်သာသိပဲမောင်ရေ၊ ခွေးနှစ်ကောင်စားအိုးဆိုလဲ နည်းမှတ်လို့”
         ဟုကျနော့်ကိုရှင်းပြရှာသည်။
         ထိုနှစ်ကောင်တွင် လမ်းသရဲက သခင်ရှိသည်။ အညိုရှိသည်။ သို့သော် အညိုတို့အိမ်တွင် လမ်းသရဲ လေးတကောင်သာမဟုတ်။ ခွေးတွေမှ အုပ်လိုက်ကြီး။ အညိုကိုမေးတော့ သူတို့လင်မယားနှစ်ယောက်က တနေ့တနေ့ ယာခင်းထဲတွင်သာ အချိန်ကုန်ရသည်ကများတော့ နှစ်ကိုယ်ရည်နေသည့် အိမ်လေးအတွက် ခွေးတွေတပြုံကြီးမွေးပြီး လုံခြုံရေးတာဝန် ပေးထားသည်။ သူတို့လင်မယားမှာ သားသမီးကလည်း မထွန်း ကား။ လူငှားရယ်ဘာရယ်ကလည်း ငှားမနေနိုင်ရှာ။ ဒီမှာပင် လမ်းသရဲဟူ၍ ဖြစ်လာမည့်ခွေးလေးအတွက် ပြဿနာစသည်။ အိမ်မှာ သူက အကောင်အသေးဆုံး၊ အင်အားအငယ်ဆုံး။ သူဖို့ရသည့်ခွဲတမ်းကိုလည်း စားရသည်ဟူ၍မရှိ။ မစားရရုံတင်မဟုတ်၊ အခြားခွေးများ၏ အနိုင်ကျင့်ခြင်းကိုပါ သူအမြဲခံနေရပြန်သည်။ ငတ်လည်းငတ်ရ၊ အနိုင်ကျင့်လည်းခံရဆိုတော့ သူသည်ချည်ထားသည့်ကြိုးကို ကိုက်ဖြတ်ကာ ကိုယ်လွတ် ပြေးရုံမှတပါး အခြားမရှိပြီ။ ပြီးတော့မှ သူအသက်ရှူချောင်မည့် ကျနော်တို့အိမ်ဘက်သို့ ရှောင်ခဲ့ခြင်းဖြစ် သည်။ သည်မှာတွင် မီက သတိထားမိသွားပြီး သူ့ကို လမ်းသရဲဟုနာမည် ပေးလိုက်ပုံရလေသည်။
         ခွေးပိန်မလေးကတော့ သခင်တွေ၏ စွန့်ပစ်မှုကိုခံခဲ့ရရုံမက သတ်စားခံရမည့်ဘေးက သီသီလေး လွတ်ခဲ့သူမို့ လူတွေကိုကြောက် နေလေသည်။ စင်စစ်ကျနော်သည် ထိုခွေးနှစ်ကောင်၏အရေးကို တမင် ထည့်စဉ်းစားနေတာမျိုး မဟုတ်သော်လည်း သူတို့ဘယ်လိုဘယ်ပုံနှင့်များ အသက်ရှင်ရပ်တည်နေကြပါ လိမ့် ဆိုသည့်အတွေးက မကြာမကြာ ကျနော့်ကိုထိုးနှက်လာတတ်သည်။ သခင့်အိမ် ပြေးလမ်းသရဲကို တော့ သိပ်မကြိုးစားလိုက်ရဘဲ ကျနော်သိခဲ့ရသည်။ ကျနော်တို့အိမ်မှာ ဖြူမအတွက်ဖယ်ထားသည့် စား ကြွင်းစားကျန်များကို ဖြူမမကုန်လျှင် သူ ကျန်စားလုပ်သည်။ ဒါနှင့်မှမလုံလောက်လျှင် သူ့သခင်များအိမ် ပြန်ရောက်ချိန်တွင် အခြားခွေးများ၏ အတိုက်အခိုက်ကိုခံပြီး အစာဝင်လုတာ မျိုးရှိသည်။ ဘာပဲပြောပြော သူ့အတွက်အမာခံက တနေရာမဟုတ်တနေရာတွင် ရှိသည်။ ခက်သည်က ယိုင်တိယိုင်ထိုးဖြစ်နေသည့် ခွေးပိန်မ လေးကရောဟု ကျနော်ပူရပြန်ပါသည်။ သူက လူတွေကိုကြောက်နေသည့်အတွက် ကျနော်တို့ အိမ်တွင် ကပ်နေသော်လည်း ဘယ်တုန်းကမှအစာဝင်မစား။ လူတွေက ကြွေးမွေးသည့်အစာမှန်သမျှသည် သူ့အဖို့ရာ ထောင်ခြောက်တခုလိုပင်မြင် နေပြီလားလည်း မဆိုတတ်တော့ချေ။
         သည်လိုနှင့်တနေ့တော့ ခွေးပိန်မလေးကိုပါ ကျနော်သတိထားမိသွားသည်။ ကျနော်တို့ ပြောင်းလာ သည့် အိမ်ကလေးသည် လယ် တောယာတောများ အကြားတွင်ဖြစ်ရာ ထိုယာတောများ၌ ပဲ၊ ပြောင်းစ သည့် စိုက်ခင်းများရှိသည်။ ထို့အတူ ထိုစိုက်ခင်းများကို အမှီပြုနေထိုင်သည့် လယ်ကြွက်ကြီးများလည်း ဆူဆူဖြိုးဖြိုးနှင့်တွေ့ရတတ်သည်။
         ထိုတနေ့မှာတော့ ခွေးပိန်မလေးသည် ခြုံပုတ်ငယ်တခု၏အကွယ်မှ တစုံတခုချောင်းမြောင်းဟန်နှင့် ၀ပ်၍နေသည်ကို ကျနော်မြင်နေရသည်။ သူဘာလုပ်နေသည်ကို စိတ်ဝင်တစားကြည့်နေဆဲမှာပင် သူသည် ၀ပ်နေရာမှ ဖြတ်ခနဲခုန်ထွက်လိုက်ပြီး လယ်ကြွက်ကြီးတကောင်ကို အမိအရ ဖမ်းအုပ်လိုက်လေသည်။ လယ်ကြွက်ကြီးကား ဆာလောင်မွတ်သိပ်နေသည့် ခွေးပိန်မ၏ပါးစပ်ထဲတွင် တခွီးခွီးအော်ရင်း ယက်ကန် ယက်ကန်ဖြစ်နေလေသည်။
         ယား … လက်စသတ်တော့ဒီခွေးက တောခွေးတကောင်ကိုးဟု ကျနော်အလန့်တကြား ထအော်မိ လိုက်လေသည်။ နောင်များတွင်တော့သူ့ကို ‘တောသူ’ လို့သာ ကျနော်ခေါ်ဖြစ်တော့ပြီး လယ်ကြွက်တ ကောင် သို့မဟုတ် ပုတ်သင်တကောင် သို့မဟုတ် ဖားတကောင်ကို သူ အကျအနစားနေလျှင် မအံ့သြမိ တော့။ ‘ဘ၀ပေးခြေ’ အရ တောခွေးတကောင်လို ရှင်သန်နေထိုင်ရန် သူရွေးချယ်ခဲ့ရသည်ဟု ကျနော်နား လည် လိုက်သည်။
         အဟိတရိစ္ဆာန်ပင်ဖြစ်လင့်ကစား မူမှန်မဟုတ်သည့်လောကဓံကို သူ့နည်းသူ့ဟန်နှင့် တန်ပြန်တိုက်ပွဲ ၀င်ရင်း အသက်ရှင်သန်နိုင်ရေး အတွက် မဆုတ်မနစ်ကြိုးပမ်းနေခဲ့သည်ကို ကျနော်အသိအမှတ် မပြုဘဲမ နေနိုင်ခဲ့။ သည်သို့နှင့် ကန္တာရသဖွယ်ရှိသော ကျနော်တို့၏၀န်းကျင်သစ်လေးတွင် ဖြူမအပါအ၀င်လမ်းသရဲ၊ တောသူနှင့် ကျနော်တို့နှင့်မစိမ်းသော ကျနော်တို့၏ သူစိမ်းများသည် သက်ရှိအဖော်သဟာများ၊ ဇာတ် ကောင်များ ဖြစ်နေခဲ့လေသည်။

         (၅)
         အများစုမိတ်ဆွေများကတော့ ကျနော်တို့၏နေရာသစ်လေးကို သိပ်နှစ်နှစ်ကာကာ မရှိကြချေ။ တ ကယ်လည်း သည်နေရာလေးက ယခင်နေနေကျ နေရာများထက်စာလျှင် အမှန်ပင် ကန္တာရဆန်ပါသည်။ ဖုန်းလိုင်းမရှိ၊ အီးမေးလ်မရှိ၊ အင်တာနက်မရှိ၊ တမြို့လုံးအနှံ့ ကွန်ယက်လိုဖြန့်ထားသည့် ကတ္တရာလမ်း သည် ဒီနေရာလေး မှတော်တော်ဝေးဝေးတွင် အဆုံးသတ်သွားခဲ့ပြီ။ မြို့ပြ၏ အရိပ်အငွေ့ဟူ၍ဘာမှမရှိ တော့။ ဘေးပတ်ဝန်းကျင်တွင်လည်း အိမ်ကလေးတလုံးတလေမှအပ မည်မည်ရရမရှိတော့။ ပြောရလျှင် ကျနော်တို့ချည်းနှင်နှင်။ ဘေးဘီ ၀ဲယာတွင် ယာတောကိုင်းတော သက်ငယ်တောများ။ ဟိုးခပ်လှမ်းလှမ်း မှာတော့ စိမ်းလဲ့ရယ်မှညိုမှောင်ပြာရီ အမိမြန်မာပြည်မှ တောင်စဉ်တန်း များ။
         စင်စစ် သည်နေရာသည် လယ်ယာလုပ်ချိန်မှအပ ဒေသခံများပင် သိပ်သွားသွားလာလာမရှိကြ။ ထို အချိန်များတွင် ကျနော်တို့ မြန်မာပြည်သားများအား ဒေခံတို့၏ဈေးနှုန်းချိုသော တရားမ၀င်လုပ်သားများ အဖြစ် မိသားစုလိုက်ခ အချို့အုပ်စုလိုက် အုပ်စုလိုက် သွားလာလှုပ်ရှားနေသည့်ကြေကွဲစရာ မြင်ကွင်းများ ကို ဟိုမှာသည်မှာ တွေ့ရတတ်လေသည်။
         “မောင်ရေ၊ ညကအဖြူတို့ ဟောင်တာတညလုံးပဲနော်၊ ကောင်းကောင်းတောင် မအိပ်ရဘူး၊ လူတွေ တရုန်းရုန်းနဲ့သွားနေလာနေ လိုက်ကြတာ တညလုံးဘာလုပ်ကြတယ်မသိဘူး၊ ခွေးပိန်မလေးကဆို အဆိုး ဆုံး၊ သူ့အသံက စူးစူးနဲ့”
         “ဒီလိုပဲအမရေ၊ ကိုယ့်ဗမာတွေ တနေကုန်အလုပ်လုပ်၊ ညရောက်မှချက်ကြပြုတ်ကျ၊ ပြီးတော့ အိပ်ဖို့ နေရာရှာကြ၊ ဒါတွေ အညိုတို့ကတော့ ရိုးနေပြီ၊ တခါတခါ သူတို့မူးနေကြရင် ပိုတောင်ဆိုးသေးတယ်၊ တည လုံး လမ်းပေါ်မှာချည်းပဲ”
         အညို့အဆိုအရ ထိုသူတွေမှာ မြန်မာပြည်အနှံ့အပြားက ဘယ်လိုဘယ်ပုံ အဆက်အစပ်ဖြင့် ရောက် လာကြမှန်းမသိရ။ ရိုးရိုးသားသား လုပ်ကိုင်ကြသူများရှိသလို၊ စရိုက်ကြမ်းတမ်းလှသည့် လူများလည်းမ ကင်း။ အနီးတ၀ိုက် တွေ့ရာလယ်စောင့် တဲလွတ်များတွင် အတူတူ လုပ်ကိုင်နေထိုင်ကြရင်း တချို့ပိုက်ဆံ လေး အနည်းအကျဉ်းစုမိသူကို ကျန်လူများကသတ်ဖြတ်ပြီး မြန်မာပြည်ထဲ ပြန်သွားတတ်သည့် ဇာတ် လမ်းများကို မီ့ကိုပြောပြနေတော့ မီထိတ်လန့် တုန်လှုပ်နေလေသည်။
         “အေးပေါ့ကွာ၊ ဒါတွေတော့ ဒို့တွေကြားနေမြင်နေရမှာပဲ၊ နယ်စပ်ကိုရောက်လာသူတွေက အမျိုးမျိုး မဟုတ်လား၊ ကိုယ့်ပြည်မှာ ဆိုရင်တော့ ဒီလိုတွေလွယ်လွယ်နဲ့ ဘယ်ဖြစ်ပါ့မလဲလေ၊ နော် မီ”
         ကျနော်က တုန်လှုပ်နေဟန်ရှိသည့်မီ့ကို နှစ်သိမ့်စကားဆိုရသော်လည်း မီကတော့ မျက်စေ့မျက်နှာ မကောင်းလှပေ။ ထိုညက မီ တော်တော်နှင့်မအိပ်။ ခွေးဟောင်တိုင်း ထထကြည့်နေလိုက်ရသည်မှာလည်း အမော။ ကျနော်က မီရယ်၊ သူတို့မှာလည်း စားရေးကတခက် အိပ်ရေးကတခက်နဲ့ တော်တော်နဲ့အိပ်ဖို့ ရှာ မရကြဘူးထင်ပါရဲ့ကွာ၊ အဲဒါ ထကြည့်နေလို့ကတော့ မိုးလင်းသွားလိမ့်မယ်လို့ ပြောယူရသည်။ ဖြူမတို့ ခွေးအုပ်ကလည်း သဲလိုက်ကြတာမှလေ။ တညလုံးမိုးမွှန်နေအောင် ဟောင်နေလေသည်။

         (၆)
         “ဘာရယ်၊ လမ်းသရဲပျောက်သွားပြီဟုတ်လားအညို၊ သေချာလို့လားဟယ်၊ သူကအရင်ကမှ လမ်း များများရယ်”
         “ဟုတ်တယ်အမ၊ အညို တမနက်လုံးရှာပြီးပြီ၊ အခုလောက်ရှိ ဘယ်ဟင်းအိုးထဲ ရောက်နေပြီလဲမှ မသိတာ”
         “ဘာရယ်”
         အညို့စကားကြောင့် မီတုန်လှုပ်သွားလေသည်။
         ထိုသတင်းကို မဟုတ်ပါစေနဲ့လို့ ကျနော်ဆုတောင်းခဲ့သော်လည်း မပြည့်ခဲ့၊ တလောလေးက တောသူနှင့် သူတို့ဘာသာဘာဝ ပျော် ပါးနေပုံကို အမှတ်မထင်မြင်မိပြီး၊ သြော် လမ်းသရဲတောင် ခွေးလား မြောက်ပြီပဲဟု ကျနော်ပြုံးမိလိုက်သေး၏။ ခုတော့ တောသူမလေး အဖော်မဲ့ရှာလေပြီ။ သူကြောက်သော သူ မယုံသောလူသားတွေက သူ့ဘ၀သူ့အဖော်ကို အစာအဖြစ်ဖြေရှင်းလိုက်ကြပြီ၊ သူတို့၏ချစ်ခြင်းကိုခွဲခဲ့ကြပြီ။ ထိုမှစပြီး တောသူလေးလည်း ညညဆိုမအိပ်တော့သလောက် စူးစူးဝါးဝါး ထိုးကာထိုးကာ ဟောင်နေတော့ ၏။
         သိပ်များမကြာခင်မှာတော့ တောသူမလေး သားပေါက်ပါလေပြီ။ ကံကောင်းသည်လို့ပင် ပြောရမ လားမသိ။ အထီးလေးချည်း ငါး ကောင်။ အစက သူ့အပေါ် အသိအမှတ်မပြုလိုသည့် မီကပင်
         “ဟေ့ တောသူကို အစာလေးဘာလေး ကျွေးကြအုံးနော်”
         လို့ပြောတော့ မီ့ကို စူဋ္ဌတို့လူငယ်တသိုက်က ၀ိုင်းရီကြသည်။ ခွေးပေါက်စလေးတွေကို ကြည့်ပြီး ဒါ ကတော့ လမ်းသရဲနဲ့တူသဟေ့ဆိုပြီး သွားလေသူလမ်းသရဲကို သတိရနေကြသေးသည်။ တောသူကတော့ တကယ်ပင် လူတွေကိုယုံကြည်မှုမရှိတော့။ သူသားပေါက်တာကပင် ကျနော်တို့အိမ်ဘေးသက်ငယ်ပင်တွေ တောထဲမှာ အသိုက်လုပ်ပြီး ပေါက်ခြင်းဖြစ်သည်။
         ခွေးပေါက်လေးများ တတောက်တောက်နှင့် လမ်းလျှောက်ချိန်မှာတော့ ကျနော်တို့ကခွေးလေးတွေ ကို ကြည့်ချင်၍ ခဏတဖြုတ်ခေါ်ထားလျှင် တောသူသည် တချိန်လုံးအနားတွင် ရစ်သီရစ်သီ။ ထို့နောက်မှာ တော့ ခွေးပေါက်လေးတွေကို သူသားပေါက်ရာ သက်ငယ်တော အတွင်းဘက်ခပ်ကျကျ နေရာသို့ ပြောင်း ပစ်လိုက်တော့၏။ ဒါပေမယ့် တောသူလေးခမျာ လူတို့၏နှောင့်ယှက်မှုက မလွတ်မြောက်နိုင်ခဲ့ပါချေ။ သား ပေါက်စဉ်က အထီးလေးတွေချည်းမို့ ကံကောင်းသည်ဟုထင်မှတ်မိခဲ့သော်လည်း ထိုအရာကပင် သူ့ကိုကံ ဆိုးစေခဲ့ပြန်ပါသည်။
         အထီးလေးတွေချည်းမို့ မွေးလိုသူတွေ ဟိုနားဒီနားက အလျှိုအလျှိုပေါ်လာပြီး မိခင်နို့မှမ၀သေး သည့် ခွေးပေါက်လေးတွေကို ယူ သွားလိုက်ကြသည်မှာ ဟိုကတကောင် ဒီကတကောင်။ လက်ပင်မလည်။ ခွေးလေးတွေလည်း ဟိုတကွဲ ဒီတကွဲ။ တောသူမ၏ နို့ပြင်းတွဲတွဲကိုမှ အားမနာ။
         ကျနော်တို့၏ ကန္တာရည ညများမှာတော့ တောသူမသည် စူးစူးဝါးဝါးနာနာကျင်ကျင်နှင့် ထိုးကာ ထိုး ကာသာ ဟောင်နေလေတော့ သည်။

(ခင်လွန်း)
http://www.thitkhetthanlwin.blogspot.com မှ ကူးယူဖော်ပြသည်။

ကိုဖိုးထောင်ခြေသပွတ်တိုင်လည်သွားခြင်း
ခင်လွန်း
Sunday, August 17, 2008

         ၈၈ ကာလနောက်ပိုင်းမြင်ခဲ့တွေ့ခဲ့တဲ့ လူတယောက်အကြောင်းပါဗျာ။ အမုန်းနဲ့ရေးတာမဟုတ်ပါဘူး။ ဘုမသိဘမသိနဲ့ စစ်တပ်ရဲ့အလိုတော်ရိဖြစ်သွားရတဲ့ လူတယောက်အကြောင်းပေါ့။ ဘာပဲဖြစ်ဖြစ် လုပ်ပိုင် ခွင့်ပြောမလား။ အာဏာလို့ပြောမလား အဲဒီလို ရဖူးဖြစ်ဖူးခဲ့တဲ့ ဘယ်နေရာဘယ်အရပ်က လူတယောက်မ ဆို တုတ်ကောက်လေးတချောင်း ဆောင်ခဲ့ဖူးရင်တော့ ကိုဖိုးထောင်လို လက်မဲ့ဘ၀ရောက်သွားတဲ့အချိန်မှာ ခြေသလုံးသပွတ်တိုင် လည်သွားရတာမျိုး ဖြစ်တတ်ကြသလားလို့ပါ။ ... အပြည့်အစုံသို့

သား
ခင်မမမျိုး
Sunday, August 17, 2008

သူမတို့ပါတီ လက်နက်ကိုင်တော်လှန်ရေး (A/S) သို့ ဆင်းစဉ်ကတည်းက တော်လှန်ရေးထဲသို့ ပြိုင်တူ လိုလို ရောက်ခဲ့ကြသည်။ သို့ပေမယ့် ပါဝင်သည့်တပ်ရင်းမတူခဲ့ကြပါ။ ဖူးစာဆုံချင်တော့ ပျဉ်းမနား စစ်မျက်နှာတွင် ဆုံတွေ့ခဲ့ကြသည်။ (၁၉၅၀)၊ စက်တင်ဘာ (၁) ရက်တွင် ဖွဲ့စည်းသော ပြည်သူ့ တပ်မတော်တွင် အတူတကွ ပါဝင်ခဲ့ကြသည် ... အပြည့်အစုံသို့

⇒  ကျနော်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (၃) - ခန့်ပွား ( Tuesday, August 12, 2008)
⇒  ကျနော်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (၂) - ခန့်ပွား ( Wednesday, August 06, 2008)
⇒  ကျနော်နှင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် - ခန့်ပွား ( Sunday, August 03, 2008)
⇒ ဒုက္ခသည်ခရီးစဉ်အတွင်း …. အနှစ်သက်ဆုံး ကဗျာနှစ်ပုဒ် - ခွာညို ( July 16, 2008)
⇒ မိစ္ဆာ ဗာလ အလစ်တော ရော ရှု - နိဗ္ဗာန ပစ္စယော ဟောတု - ၀င်းတင့်ထွန်း ( June 28, 2008)
⇒ အမေ ....၊ နာဂစ်နှင့် မုန်တိုင်းဒဏ်ခံ ဇာတိမြို့ကလေး - ညွှန်းဆက်

နေ့သစ် စာဖတ်ခန်း
နေ့သစ် ဗွီဒီယို
နေ့သစ် ပန်းချီပြခန်း
စာအုပ်ကြော်ငြာ
စာအုပ်ကြော်ငြာ
စာအုပ်ကြော်ငြာ
စာအုပ်ကြော်ငြာ
စာအုပ်ကြော်ငြာ
အမှတ် ၂
ဩဂုတ် ၂၀၀၈
Search Engine Optimization
free counter