|

အမိုး ဗွီဒီယိုရုံနှင့် တခါက နမ့်မကိတ်
ခန့်အောင်
Sunday, October 26, 2008
ဗွီဒီယိုရုံဆိုပေမဲ့ သိပ်ကြီးကြီကျယ်ကျယ် အဆောက်အဦတော့ မဟုတ်ပါဘူး။ တဲကြီး တလုံးကို အလုံပိတ်လိုက်ပြီး ရှေ့လူဝင်ပေါက်တခုပါတဲ့ တဲကြီးတခုပါ။ လူဝင်ပေါက်မှာ တံခါးတချပ်နဲ့ လိုက်ကာလုပ်ထားတဲ့ အ၀တ်စဟောင်းတခု ကားထားတယ်။ ရုံရှေ့ အဖီ ကလေးမှာ ကွမ်းယာ ဆေးလိပ့်နဲ့ သရေစာမုန့်ဆိုင်လည်း တွဲထားလိုက်သေးတယ်။ ပျဉ်တချပ်ကို စာပွဲအဖြစ်လုပ်ထားပြီး ကွမ်းယာပစ္စည်းတွေ ဆေးလိပ်တွေ တင်ထား တယ်။ ဇီးထုပ်တွေ သကြားလုံးထုပ်တွေ ကွမ်းပေါင်းထုပ်တွေကို ကြိုးနဲ့သီပြီး ချင်ဝါးမှာ တွဲလောင်း ချိပ်ထားလိုက်သေး၏။ စာပွဲနောက်က ထိုင်ခုံရှည်မှာကတော့ အမိုးဟာ တခုခုကို ငုံ့လုပ်နေတာ တွေ့ရလိမ့် မယ်။
အမိုးက သကြားလုံးတွေကို နှစ်လုံးတအိတ် သုံးလုံးတအိတ် ပလပ်စတစ်အိတ်သေးသေးလေးတွေနဲ့ ပြန် ထုပ်နေတတ်တယ်။ တခါတလေ ကွမ်းရွက်တွေကို အရိုးတွေ ပုပ်နေတဲ့နေရာတွေကို ကပ်ကြေးနဲ့ ကိုက်ဖြတ် ပြီး ကွမ်းရွက်တွေကို စီနေတတ်တယ်။ ကွမ်းယာတွေကိုလည်း လာဝယ်ရင်အဆင်သင့်ဖြစ်အောင် ကြိုတင် ယာထားတတ်သေးတယ်။ အမိုးက တခုခုတော့ လုပ်နေရမှ နေသာထိုင်သာရှိပုံရတယ်။ သူ့ ဗွီဒီယိုရုံရှေ့ လမ်းပေါ် တံမြတ်စည်းလှည်းရင်လည်း လေးငါးအိမ်လောက် အရှိန်လွန်ပြီး လှည်းကျင်းလိုက်သေးတယ်။
အမိုး ဗွီဒီယိုရုံကို သွားလည်ပြီဆိုရင် အမိုးက လာလည်တဲ့လူရဲ့မျက်နှာကို သေချာစိုက်ကြည့်ပြီးမှ ပြုံးပြ တတ်ပါတယ်။ ကိုယ်ကစပြီးပြုံပြရင်တောင် သူက ချက်ချင်းပြန်မပြုံုးပြသေးဘဲ မျက်နှာကိုသေချာကြည့်သေး တယ်၊ ပြီးမှပြုံးပြတာ။
သူ့စီပွားရေးလုပ်ငန်းကတော့ ဗွီဒီယိုရုံနဲ့ ဒီဆိုင်ကလေးပဲဖြစ်တယ်။ အမိုးကသူ့ဆိုင်မှာ ဘယ်လောက်အကြွေး ယူယူ ဘယ်တော့မှာ စာတွေဘာတွေနဲ့မှတ်ထားတယ်ဆိုတာမရှိဘူး။ ဘယ်လောက်ကြာကြာ အမိုးကမှတ် မှတ်ရရနဲ့တောင်းတာပဲ။ မေ့တယ်ဆိုတာမရှိဘူး။ နောက်တခုက အမိုး အကြွေးစာရင်းကို စာနဲ့ပေနဲ့ မှတ်နိုင် လောက်အောင် စာမတတ်ရှာဘူး။
အမိုး ဗွီဒီယိုရုံက တရက်ကို ၆ ကားပြတယ်။ မနက် ၃ ကား ညနေ ၃ ကား။ သုံးကားပေါင်း ငါးဘတ်ယူ တယ်။ နှစ်ဘတ်ပေးပြီး တကားပဲကြည့်လည်းရတယ်။ ကလေးဆို တကားတဘတ်ယူတယ်။ ရုပ်ရှင်တကား ပြီးတာနဲ့နောက်တကားဆက်ပြတယ်။ တကားဖိုးပဲပေးထားတဲ့ လူတွေက ဆက်ကြည့်ချင်ရင် နောက်ကားဖိုး ဆက်ပေးရတယ်။ နောက်တကားဆက်ပြပြီးတအောင့်လောက်ကြာတာနဲ့ အမိုးရုံထဲကို ရောက်လာတော့တာ ပဲ။ ကြည့်နေတဲ့လူတွေထဲက တကားဖိုးပဲပေးရသေးတဲ့လူနားကို ကပ်သွားပြီး လက်တို့တော့တာပဲ။ ရုံဝင်ခ ပေးသွားတဲ့လူတွေက တကားဖိုးပေးတဲလူ၊ နှစ်ကားဖိုးပေးတဲ့လူ၊ သုံးကားပေါင်းပေးတဲ့လူ ဒီလိုရောထွေး နေတဲ့သူတွေထဲကမှ အမိုးက ဘယ်သူ ဘယ်နှစ်ကားဖိုးပေးခဲ့တယ်ဆိုတာ စာနဲ့မမှတ်ထားဘဲတန်းကိုသိနေ တာ။
အမိုး ဗွီဒီယိုရုံ အပေါက်စောင့်ပြီး ရုံဝင်ခကောက်တဲ့ပုံကိုမြင်တော့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဘုရားသုံးဆူ ဒေသမှာ ရုပ်ရှင်ခိုးကြည့်ခဲ့ရတာတွေကို အမှတ်ရမိတယ်။
နေရာက ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းလို့ခေါ်တဲ့နေရာပါ။ အဲဒီနေရာမှာ ရေကန် အသေးတခု ရှိတယ်။ အဲဒီ ရေကန်မှာပဲ ကျနော်တို့တတွေ ရေချိုး၊အ၀တ်လျှော်လုပ်ကြတယ်။ အဲဒီရေကန်ကို ဂျပန်ခေတ်က ဂျပန် တွေတူးသွားကြတယ် ဒါကြောင့် ဂျပန်ရေတွင်းလို့ ခေါ်တယ်ဆိုတာကို အနီးအနားက ရှေ့မီနောက်မီ အဘိုး ကြီးတွေက ပြောကြတယ်။ ဂျပန် ရေတွင်းနဲ့ နာရီဝက် လောက်ဝေးတဲ့နေရာမှာ နမ့်ကိတ်ဆိုတဲ့ မွန်လူမျိုး တွေအများစု နေတဲ့ ထိုင်းရွာလေးတရွာ ရှိတယ်။ အဲဒီရွာက သစ်လုံးကြီးတွေနဲ့ဆောက်ထားတဲ့ ရုပ်ရှင်ရုံ ကြီးတရုံရယ်၊ ကို့တီယို နဲ့ ကော်ဖီ ရောင်းတဲ့ဆိုင်တဆိုင်ရယ်။ မြေနီနီလမ်းတွေရယ်ကိုတော့ မျက်စိထဲမှာ ခုထိ အမှတ်ရ မြင်ယောင်တုန်းပဲ။
ကျနော့်တို့ငှက်ဖျားတက်ပြီးလို့ ပါးစပ်ပျက်တဲ့အချိန် အဲဒီ နမ့်ကိတ်ရွာက ကို့တီယိုဆိုင်လေးမှာ ပါးစပ်ပျက်တဲ့ ကိစ္စကိုသွားဖြေရှင်းကြတယ်။ သူငယ်ချင်းလေးငါးယောက်လောက် ပိုက်ဆံ ငါးဘတ်ကို ရအောင်ရှာကြ တယ်။ ငါးဘတ်ပြည့်ရင် နမ့်ကိတ်ရွာကိုပြေးကြတယ်။ နမ့်ကိတ်ရွာကိုသွားတဲ့ လမ်းနှစ်လမ်းရှိတယ် ကား လမ်းက သွားရင်လည်းရတယ်။ ရွာထဲကဖြတ် သွားလည်းရတယ်။ ကို့တီယိုဆိုင်ကို သွားတာဆိုရင် ရွာထဲ ကပဲ ဖြတ်သွားတယ်။ အဲဒီမှာ သံပုရာသီးဝင်ကောက်လို့ရမှာကိုး။ ဆိုင်ရောက်တာနဲ့ ငါးယောက်လောက် စားပွဲမှာ ၀ိုင်းထိုင်ပြီး ကို့တီယိုတပွဲ အရင်မှာလိုက်ကြတယ်။ သူတို့ ကို့တီယိုဆိုင်တွေက ကိုယ့်ဟာကိုယ် အစပ်အဟပ် လုပ်စားလို့ရအောင် စာပွဲပေါ်မှာ ချိုချဉ်ငံစပ်တွေ အစုံချထား ပေးတယ်လေ။ အဲဒီလို ချပေးထားတဲ့ အထဲက သကြားနဲ့ ရွာထဲက ကောက်လာတဲ့ သံပုရာသီးတွေကို သံပုရာရည်လုပ်သောက် ကြတယ်။ လာချပေးထားတဲ့ မုန့်ကိုတော့တယောက်နည်း နည်းစားကြတယ်။ ကို့တီယိုကိုတော့ သိပ်စားချင် စိတ်မရှိပါဘူး၊ ဖျားပြီး ခံတွင်းပျက်နေတော့ သံပုရာရည်ကိုပဲ အဓိက သောက်ချင်ကြတာ။ ဆိုင်ရှင် ထိုင်းအမျိုးသမီးကြီက ဘာမှမပြောရှာပါဘူး။ ကျနော်တို့ဖျားပြီး သံပုရာရည် သောက်ချင်ရင် ဒီဆိုင်ကလေး ကို ရောက်လာရစမြဲပါ။
ညဆိုရင် နမ့်ကိတ်ရုပ်ရှင်ရုံက ရုပ်ရှင်ပြပါတယ်။ ပြတဲ့ကားတွေက ထိုင်းရုပ်ရှင်ကားတွေနဲ့ ထိုင်းအသံထွက် အင်္ဂလိပ်ကားတွေဖြစ်ပါတယ်။ ဖိကား ပြတဲ့နေ့ဆို နမ့်ကိတ်ရုံ လူပိုစည် တာပေါ့။ အဲဒီလိုနေ့တွေဆိုရင် ကျနော်တို့တွေလည်း ညအပြင်ထွက်မရတဲ့နေ့ ဆိုရင်တောင် လစ်ပြီး သွားကြည့်ကြတယ်။ မနက်ကျ အပြစ် ဒဏ်ပေါ့။
ညဘက် အပြင်ထွက်လည်ခွင့် ရတဲ့နေဆိုရင် နမ့်ကိတ်မှာ ရုပ်ရှင်သွားကြည့်ကြတယ်။ ရုပ်ရှင် သွားကြည့် တယ် ဆိုပေမဲ့ ရုံဝင်ခပါကြတာ မဟုတ်ဘူး။ ရုံထဲကို ဘယ်ပုံဘယ်နည်းနဲ့ ၀င်ရမယ်ဆိုတာ ခေါင်းထဲတွက် နေရသေးတယ်။ ရုံဝင်ခက ငါးဘတ်ပေးရတယ်။ ရုံရှေ့မှာရောင်းနေတဲ့ အသားကင်ညှော်နံ့နဲ့ ပြောင်းဖူး မီးဖုတ်အနံ့တွေကလဲ ကျနော်တို့ရဲ့ စားချင်စိတ်တွေ ကိုအတော်ကလေး ဒုက္ခပေးလို့ပေါ့။ ပြောင်းဖူးဖုတ်က နှစ်ဖူးမှ တဘတ်ရောင်းတယ်။ အသားကင်ဆိုတာက ကြက်အရိုး အသားတွေကိုစင်း ဆားအချိုမှုန့် အမွှေး အကြိုင်တွေနဲ့နယ် ၀ါးခြမ်းပြားနဲ့ညှပ် မီးနဲ့ကင်ပြီး တကင်သုံးဘတ် နှစ်ကင်ငါးဘတ် ရောင်းတာပါ။ ရုံရှေ့က အနံ့တွေနဲ့ ဝေးတဲ့နေရာမှာ သွားထိုင်ပြီး ရုံထဲဝင်ဘို့အရေး ဗျူဟာကို ၀ိုင်းပြီးစဉ်းစားကြတယ်။ တပတ်မှာ နှစ်ရက်သာ ညဘက် အပြင်ထွက် လည်ခွင့်ရတာ၊ ဒီရက်မှ ရုပ်ရှင်မကြည့်ရရင် နောက်တပတ်လုံး ပြန်စောင့် ရအုံးမယ်။
အရင်ဦးဆုံး ရုံပေါက်ဝကို တယောက်လွှတ်ပြီး လေ့လာခိုင်းလိုက်တယ်။ ရုံပေါက်စောင့် အခြေအနေကိုပေါ့၊ အထဲရောက်ပြီးသားလူ အပြင်မုန့်ထွက်ဝယ်ရင် ဘာအမှတ်အသားလုပ်ပေးလိုက်တယ် ဆိုတာတွေကို အရင် လေ့လာစုံစမ်းရတယ်။ ရုံပေါက်စောင့်တဲ့လူက အပြင်ခဏ ပြန်ထွက်လာတဲ့လူကို ဘောလ်ပင်နဲ့ လက်မှာ လက်မှတ်ထိုးပေးလိုက်တယ်ဆိုရင် အပြင် ခဏပြန်ထွက် လာတဲ့လူတွေထဲက ကိုယ်နဲ့ ရင်းနှီးတဲ့သူကို လိုက်ရှာ လက်မှတ်ထိုးထားတာကိုသေချာကြည့် အသင့်ပါလာတဲ့ ရောင်စုံဘောလ်ပင်တွေထဲက အရောင်တူ တာကိုရွေး ရုံထဲအရင်လွှတ်မယ့် ကိုယ့်လူထဲက သူရဲကောင်းတယောက်ကိုရွေး လက်မှတ်တုထိုးပြီး ရုံထဲ ၀င်ဘို့ အပေါက်ဝကို လွှတ်ပေးလိုက်တယ်။ အခြေအနေုအားလုံးကို ရင် တထိတ်ထိတ်နဲ့ စောင့်ကြည့်နေ ကြတာပေါ့။ ပထမဦးဆုံးလူ အဆင်ပြေပြီဆိုရင် ဖြည်းဖြည်းချင်း တယောက်ပြီး တယောက် ရုံထဲကို လွှတ် တော့တာပဲ။
ရုံပေါက်စောင့်တဲ့လူက ဘောလ်ပင်ကိုမသုံးဘဲ တံဆိပ်တုံးကို လက်မှာရိုက်ပေးတဲ့နေ့ဆိုရင် ရုံဝင်ခ ငါးဘတ် လောက် ရအောင်စုလိုက်တယ်။ တယောက်ကို ရုံဝင်လက်မှတ်ဝယ်ပြီး အမှန်အကန်ကြီး ၀င်ခိုင်းလိုက်တယ်။ ခဏကြာတော့ ခုန၀င်သွားတဲ့လူ ရုံထဲကနေပြန် ထွက်လာတယ်။ ရုံပေါက်စောင့်တဲ့လူက လက်မှာတံဆိပ်တုံး ထုပေးလိုက်တယ်။ တံဆိပ်တုံး ထုပေးပြီးတာနဲ့ ကိုယ့်လူတွေရှိတဲ့နေရာကို မြန်မြန်ရောက်အောင်သွား ရုံထဲ မ၀င်ရသေးတဲ့ ကိုယ့်လူတယောက်နဲ့ လက်လက်ချင်းကပ်ပြီး ကော်ပီပွား ပေးလိုက်တယ်။ သိပ်အပီအပြင် မထင်ဘူးဆိုရင် ပါလာတဲ့ ဘောလ်ပင်နဲ့ နည်းနည်းပါးပါး ထပ်ဖြည့်ဆွဲပေးရသေးတယ်။ ဒီလို ညမျိုး ဆိုရင် တော့ အပေါက်စောင့်တဲ့လူ တံဆိပ်တုံး အတော်ရောင်းကောင်းတဲ့ ညပေါ့။
ကျနော်တို့ အဲဒီလို နည်းတွေနဲ့ ရုံထဲဝင်နေကြတာ ရုံးပိုင်တွေ အပေါက်စောင့်တွေလည်း ရိပ်မိတာပေါ့။ ရုံထဲရောက်နေတဲ့လူနဲ့ ရတဲ့ငွေ ကိုက်ကြည့်ရင်သိတာပဲ။ ဖြစ်နိုင်ရင် ကျနော်တို့လည်း စိတ်အေးလက်အေးနဲ့ လက်မှတ်ဝယ်ပြီး မိန့်မိန့်ကြီး ရင်ကော့ဝင်ချင်တာပေါ့။ ခုလို ရင်တထိတ်ထိတ်နဲ့ ဘယ်ဝင်ချင်ပါ့မလဲ။ အဲဒီ အချိန် ဘ၀တွေက နှစ်ဖူးတဘတ် ပြောင်းဖူးမီးဖုတ်တောင် ခပ်စိမ်းစိမ်းနေရတဲ့ဘ၀ရယ်။
ရုံပိုင်တွေကလည်း ဗျူဟာတွေ ပြောင်းလာပါတယ်။ ကျနော်တို့ဘယ်လိုမှ အင်ထုလို့မရလေအောင် ရုံပြင် ပြန်ထွက်လာတဲ့လူကို သေချာလုပ်ထားတဲ့ဖြတ်ပိုင်းလေးတွေပေးတဲ့နေ့ တွေဆိုရင်တော့ ဇွဲကောင်းကောင်း နဲ့ ရုံဖွင့်တဲ့အချိန်ထိ ပွားရင်းနဲ့ စောင့်ကြတာပေါ့။ ရုပ်ရှင် ကြည့်မယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ကိုတော့ အပျက်ခံလို့ မဖြစ်ဘူးလေ။
တခါတလေ ကြားထဲက စေ့စပ်ဖြန်ဖြေရေးသမားတွေ ဘာတွေ ထားပြီး ရုံပိုင်နဲ့ ကျနော်တို့ကြား စေ့စပ် ညှိနှိုင်း ပေးရတာတွေတောင် ရှိခဲ့တယ်။ တခါတလေဆိုပေမဲ့ ဖြစ်တောင့်ဖြစ်ခဲ ကြုံတောင့်ကြုံခဲပါ။ သဒ္ဓါ ပေါက်နေတဲ့ ကိုယ့်ရဲ့ လူကြီးတဦးဦးက ဒီလူတအုပ်လုံးကို မုန့်ဘိုး တရာလောက် ပေးသွားတဲ့အခါ ဆိုပါ တော့ လူကရှိတာ ငါးဆယ်လောက်ရှိတာ ပိုက်ဆံက တရာ မုန့်ဝယ်စားလို့ကလဲမဖြစ် ရုပ်ရှင်ကြည့်ဘို့ ကလည်း မလောက်တဲ့ အခါဆိုရင် ကိုယ့်လူထဲမှာလည်း ပိုက်ဆံကို ခွဲပြီး မုန့်မစားအောင် စည်းရုံးရ၊ ရုံပိုင် တွေ အပေါက်စောင့်တွေနဲ့ ညှိနှိုင်းဘို့ စေ့စပ်ရေးသမားတဦးကိုရှာပြီး ရုံပိုင်တွေဆီကိုလွှတ်ရတယ်။ စေ့စပ် ဖြန်ဖြေရေး လုပ်မယ့်သူရဲ့တာဝန်က ရှိတဲ့ငွေ တရာနဲ့ ဒီလူအုပ် ရုံထဲဝင်ရမရ ညှိရမှာ ဖြစ်တယ်။ ရုံပိုင်နဲ့ အပေါက်စောင့်တွေက လာညှိနှိုင်းတာကို လက်မခံရင်လည်း ဒီလူတွေတနည်းနည်းနဲ့ အထဲကို ရောက်မယ် ဆိုတာ သိနေတော့ ဒီလူအုပ်ကို တရာနဲ့ ရုံထဲ ၀င်ခွင့် ပေးလိုက်ရတာပေါ့။ တွေ့ဆုံ ညှိနှိုင်းအဖြေရှာရေးကို အဲဒီ ကတည်းက ကောင်းကောင်းအသုံးချတတ်နေကြပြီ။ အဲဒီအချိန်က ၁၉၈၉ ခုနှစ် လောက်ပဲရှိသေးတာ။
ဘုရားသုံးဆူက ရုပ်ရှင်ရုံတွေက နမ့်ကိတ်ရုံလောက် ဗျူဟာတွေသုံးစရာမလိုပါဘူး။ သူတို့ရုံတွေက မိုဘိုင်းရုံ တွေလေ ရုံတွေကိုပိတ်စတွေနဲ့ ပတ်ပြီး ကာထားတာ အထဲဝင်ချင်ရင် ပိတ်စကို လှမ်ဝင်လိုက်ရင် ရတယ်။ သိပ်အလွယ်ကြီးတော့ မဟုတ်ဘူး ကာထားတဲ့ ပိတ်စပတ်ပတ်လည်မှာ အစောင့်တွေ ပတ်ပြီးချထားတယ် ရမ်းဝင်လို့တော့မရဘူး။ အစောင့်တွေ နေရာ တနေရာကို အာရုဏ်စိုက်အောင်လုပ်ပြီးမှ။ တနေရာရာမှာ အစောင့် ကြဲသွားတော့မှ အဲဒီနေရာက၀င်တာ။ သုံးဆူက ရုံတွေမှာ အခြေအနေတွေ ကြပ်မှပဲ ဗျူဟာတွေကို ထုတ်သုံးလိုက်တာ။
အခု အမိုး ဗွီဒိုယိုရုံမှာတော့ ဘာဗျူဟာမှ သုံးရမယ့်ပုံ မပေါ်ဘူး။ မေ့ချင်ယောင် ရူးချင်ယောင် မဆောင်နဲ့ အမိုးက မျက်နှာကို သေချာကြည့်ထားတာ။ တကားကြည့်မလား တဘက်၊ နှစ်ကားကြည့်မလား လေးဘတ်၊ အစအဆုံးကြည့်မလား ငါးဘတ် လာထားပဲ။ အမြည်းကြည့်သလို ဘာလိုနဲ့ ယောင်တောင်ပေါင်တောင် လုပ်ပြီး နည်းနည်းကြာသွားလို့ကတော့ နောက်နားကနေ အမိုး ခါးလာတို့တော့တာပဲ မျက်ခုံးကိုပင့်ပြီး တော့လည်း အမူအရာနဲ့မေးလိုက်သေးတယ်။ နှစ်ဘတ်လား လေးဘတ်လား ငါးဘတ်လား ဆိုတဲ့သဘော လေ။ အမိုးကတော့ ကြားဝင်ဖြန်ဖြေစေ့စပ်တဲ့ သူနဲ့လည်း လက်ခံမယ့်ပုံ မပေါ်ဘူး။
“ရူး .. ချင်ယောင် ဆောင်မနေနဲ့ …”
“ရူး … ချင်ယောင် ဆောင်မနေနဲ့ …”
“ရူး …. ချင်ယောင် ဆောင်မနေနဲ့ …”
“အို့ .. မာယာတွေပေါ်မှာ သွေးပျက်ပြီးတော့ အိပ်မနေနဲ့ ….”
အမိုးဗွီဒီယိုရုံထဲက သီချင်းသံကတော့ ပြန့်လွင့်လာပါပြီ။ ဒါကတော့ ပြတော့မယ် စတော့မယ် ဆိုတဲ့သဘော လေ …
ခန့်အောင်
ABSDF ဘုရားသုံးဆူ ဂျပန်ရေတွင်းစခန်း တပ်ရင်း(၁၀၁။ ၁၀၂) အမှတ်တရ ကာလများ …
ဖြန့်ဝေခြင်း - အတွဲ (၁)၊ အမှတ် (၇)၊ ဇူ-ဩ-စက်-အောက်တိုဘာ၊၂၀၀၈ (ဒေါင်းအိုးဝေစာစောင်) မှကူးယူ ဖြန့်ဝေပါသည်။
***************************************
အိမ်နီးနားချင်း ချေဂွေဗားရားများ
ခန့်အောင်
Monday, September 22, 2008

photos.igougo.com
ထာဝရတော်လှန်ရေးသမား၊ ကမ္ဘာ့တော်လှန်ရေးသမား၊ ရဲခေါင်ပြောက်ကျား၊ ကမ္ဘာ့အရင်းရှင် နယ်ချဲ့အစိုး ရတိုင်းက ကြောက်ရတဲ့ ဒေါက်တာအာနက်စတိုချေဂွေဗားရား၊ မတရားအနိုင်ကျင့် ကျူးကျော်စော်ကားမှု ဖိနှိပ်မှုမှန်သမျှကို ဆန့်ကျင်တော်လှန်သူတိုင်းက စံပြုရတဲ့ ပုဂ္ဂိုလ်၊ ပါးသိုင်းမွှေး၊ နှုတ်ခမ်းမွှေး၊ ဦးထုပ်ကအစ သူ့ရဲ့အမှတ်တံဆိပ်အဖြစ် ကျန်ရစ်ခဲ့သူ။ ဖိနှိပ်စော်ကားမှုရှိလေရာ နေရာတိုင်းသွားရောက် တော်လှန်ပစ်မယ် ဆိုတဲ့ လူဖြစ်တယ်။ အခုတော့ သူမရှိတော့ပါဘူး။ သူကျဆုံးသွားခဲ့တယ်။ ဘိုလီးဗီးယားတောနက်ထဲမှာ တော်လှန်စစ်ကိုဆင်နွှဲရင်းနဲ့ သူရဲကောင်းပီသစွာ ကျဆုံးခဲ့တာပါ။ သူကျဆုံးသွားပေမဲ့ သူ့အကြောင်းနဲ့ သူ့ ရုပ်ပုံတွေကတော့ တော်လှန်သူတို့ရဲ့ ရင်ထဲကအမှတ်တံဆိပ်အဖြစ် ထင်ကျန်ရစ်ခဲ့တယ်။ နေရာအတော် များများမှာ သူပုံကားချပ်တွေ အတော်တွေ့ရတယ်။ အင်္ကျီ၊ ပိုစတာ၊ လက်ကိုင်ပ၀ါ၊ လည်စည်း၊ ဆွဲပြားတွေ မှာ ပုံစံမျိုးစုံနဲ့တွေ့ရတယ်၊၊ သေးသေးယူမလား၊ ကြီးကြီးယူမလား ရတယ်။ ထိုင်းမှာလည်း ချေပုံကိုအတော် ကလေး တွေ့ရတယ်။ ထိုင်းက ဒီမိုကရေစီနည်းနည်းရှိတော့ ချေနဲ့ပတ်သက်တဲ့ စာအုပ်တွေကို ပေါပေါ များများ ဘာသာပြန်ထုတ်ဝေကြတော့ ချေအကြောင်းကိုလူတိုင်းက သိနေကြတယ်၊ ကျနော် တို့ဗမာပြည်မှာ တော့ ချေအကြောင်း ဘာသာပြန်တွေရှိပေမဲ့ သိပ်ရှားပါးပါတယ်။ ချေဘာလဲဆိုတာ သိသူရှိသလို မသိသူ များတယ်။ မသိသူထဲမှာ ကျနော်ကိုယ်တိုင်ပါတယ်၊ ကျနော်လည်း ဟိုရောက်ဒီရောက် ဟိုလူနဲ့တွေ့ ဒီလူနဲ့ တွေ့ နေလာရင်းနဲ့ ချေအကြောင်းကို အနည်းအကျဉ်းတော့ သိလာခဲ့ရတော့တာပဲ။
အဲဒီလိုနဲ့ လူငယ်အတော်များများ ချေခရေဇီဖြစ်လာတာ တွေ့မြင်လာရတယ်။ ဗမာလူငယ် အတော်များများ ဟာ ချေဂွေဗားရား တီရှပ်၊ ပ၀ါ၊ လည်စည်း၊ ပိုစတာတွေသုံးစွဲ လာကြတယ်၊ တချို့လည်း ချေကို သိပ်ချစ် လွန်းတော့ ကိုယ်ပေါ်မှာ ဆေးမင်ရေနှင့် ချေအရုပ်တွေ ထိုးလာကြတယ်။ တချို့က လက်မောင်း၊ တချို့က လက်ဖျံ၊ တချို့က လက်ခုံ၊ တချို့က ကျောကုန်း၊ တချို့က ရင်ဘတ် စသည့်နေရာတွေမှာ ချေအရုပ်တွေကို အမည်းရောင်တမျိုး၊ အစိမ်းရောင်တသွယ်၊ အနီရောင်နဲ့တနည်း၊ ကာလာစုံနဲ့တမျိုး အမျိုးမျိုး အလှထိုး ကြတယ်။ တကယ်လည်း တူတယ်။ တကယ်လည်း ခန့်ခန့်ထည်ထည် ရှိပါတယ်။ ချေရဲ့ ဆေးမင်ကြောင် ပုံကို အများဆုံးတွေ့ရတာကတော့ အကိုကာလသားများရဲ့ ဖုဖုထစ်ထစ် လက်မောင်းကြီးတွေပေါ်မှာပါ။ အားနည်းတဲ့ဘက်က ရပ်တည်တာ၊ အဖိနှိပ်ခံဘက်က ရပ်တည်တာ၊ ကျူးကျော်စော်ကားတာကို ခေါင်းငုံ့မခံ တတ်တဲ့ စံပြပုဂ္ဂိုလ်ကို လူငယ်တွေ အမြတ်တနိုးနှင့် ကိုယ်ခန္ဓာမှာ ဆင်မြန်းကြတာ၊ မြတ်မြတ်နိုးနိုးရှိကြတာ ကောင်းတဲ့လုပ်ရပ်ပါ။ ကျနော့် အိမ်နီးနားချင်း တယောက်ကလည်း ချေကိုသိပ်လေးစားတာ။ နောက်ဆုံး ချေရဲ့ရုပ်ပုံကို သူရဲ့ လက်မောင်းအရေပြားမှာ ဆေးမင်ကြောင်နှင့် ရေးထိုးဖြစ်တဲ့အထိ လေးစားသူ ဖြစ်တယ်။ တွေ့တဲ့ခင်တဲ့ သူတိုင်းကို သူ့လက်မောင်းက အရုပ်ကို ပြပြနေရတာအမော။ သူပုံစံက ကိုယ်လုံး ကိုယ်ပေါက် ခပ်တောင့်တောင့် မျက်နှာပေါက်က ခပ်တင်းတင်း။ အ၀တ်အစားဆိုရင် စွပ်ကျယ်လက်ပြတ်ပဲ ၀တ်တယ်။ ဒါမှ လက်မောင်းပေါ်က ချေရဲ့ပုံက ပေါ်မှာကိုး။ လမ်းသွားရင်လည်း ရင်ကွဲဖွင့် လက်ကားကား ခေါင်းကလည်း မော့ထားလိုက်သေး။ ရပ်ကွက်ထဲက လူတွေကတော့ အဲဒီပုဂ္ဂိုလ်ဒီဇိုင်းကို ကြည့်ပြီး ဖြုံကြ တာပေါ့။ လူကောင်ကလည်းတောင့်တောင့်၊ နှုတ်ခမ်းမွှေးကားကား၊ လက်မောင်းမှာလည်း ခန့်ညားလှတဲ့ ချေရဲ့ ပုံတူ ဆေးမင်ကြောင်နဲ့ဆိုတော့ တွေ့တဲ့လူတိုင်းက သူ့ကို ကြာကြာစိုက် မကြည့်ရဲကြဘူး၊ ရန်အလုပ် ခံရမှာ စိုးရတယ်လေ။ လမ်းသွားရင်းနဲ့ တည့်တည့်တိုးရင်လည်း ဟိုလိုလို ဒီလိုလိုနဲ့ ရှောင်သွားကြတယ်။ ဒါပေမဲ့ သူ့ ပုံစံက လူမိုက်ပုံပေါက်နေပေမယ့် သူ့မိန်းမကိုတော့ အတော်ချစ်ပုံရတယ်။ လူပုံကြည့်တော့သာ လူမိုက်ဂိုက်။ အိမ်မှာ သူ့မိန်းမနဲ့စကားပြောရင် အသံက ကလေးသံလိုလို၊ ကြောင်ကလေးတွေရဲ့ ချွဲသံလိုလို၊ လူမတွေ့ရင် ဒီပုဂ္ဂိုလ် မဟုတ်ဘူးလို့တောင် ထင်ရတယ်။ တခါတလေ သူတို့ ခြံနောက်ဘက်ကဖြတ်သွား တိုင်း သူ့လှုပ်ရှားမှုတွေကို ခြံစည်းရိုး ၀ါးခြမ်းပြားအကာတွေကြားက ရိုးတိုးရိတ်တိတ် တွေ့ရတယ်။ အိပ်ယာ ခင်း တွေ၊ စောင်တွေ၊ ခြင်ထောင်တွေကိုလျှော်ဖွပ်ပြီး ကြိုးတန်းမှာ နေပူလှန်းနေတာ တွေ့ရတတ်တယ်။ တခါတရံ မီးဖိုချောင်ထဲမှာ ထိုင်ပြီး ထမင်းရည် ငှဲ့နေတာတွေ့ရတယ်။ သူ့ကိုတွေ့တိုင်း သူ့လက်မောင်းက ချေဂွေဗားရားကို မျက်လုံးက ရောက်ရှိမြင်တွေ့နေရတယ်။
တရက်တော့ သူ့အိမ်က ပေါက်တူးငှါးချင်လို့ သူ့ခြံထဲထိဝင်သွားတယ်။ အိမ်ပေါ်မှာလည်း လူရှိပုံမရဘူး။ ဘာသံမှ မကြားရဘူး။ ဒါနဲ့ နောက်ဘက်က ရေချိုးခန်းဘက်သွားကြည့်တော့ ရေချိုးခန်းထဲမှာ အ၀တ်လျှော် သံ ကြားနေရတယ်။ ကျနော်က အသံပေးလိုက်တော့ အ၀တ်လျှော်သံရပ်သွားပြီး ရေချိုးခန်းတံခါး ပွင့်လာတယ်။ ချေဂွေဗားရားပုံနဲ့ပုဂ္ဂိုလ်ဟာ တံခါးဝမှာခန့်ခန့်ကြီးရပ်ပြီး ကျနော့်ကိုမေးတယ်။
“ဘာကိစ္စလဲ”
ကျနော်ကလည်း လာတဲ့ကိစ္စကိုပြောရင်းနဲ့ ရေချိုးခန်းထဲကို မျက်စေ့ကစားကြည့်မိတော့၊ “အားပါးပါး ချေဂွေဗားရားတယောက် အိမ်တွင်းအကြမ်းဖက်မှုဒဏ်ကို ခံနေရပါလား” လို့
စိတ်ထဲ ချက်ချင်းတွေးလိုက်မိ ပါတော့တယ်။ ရေထည့်တဲ့ ကော်ဇလားအကြီးကြီးထဲမှာ အ၀တ်အစားတွေ မနည်းမနောစိမ်ထားတာ တွေ့ရ တယ်။ ကြမ်းပေါ်မှာလည်း လျှော်လက်စ ဘရာစီယာတွေ၊ ရေစိမ်ပြီးညှစ်ထားတဲ့ ထမိန်တွေကို တွေ့လိုက်ရ တော့တယ်။ ကျနော် သူ့ကိစ္စတွေကို တွေ့သွားပြီဆိုတာ သူသိတော့ …
“ဟီး ဟီး ”
ဆိုပြီး သမိန်ပေါသွပ်ရှက်နေတဲ့ ပုံစံမျိုးဖြစ်သွားတယ်။ မဆီမဆိုင် ရှက်ကိုးရှက်ကန်းနဲ့ နောက်ထပ်ပြော လိုက်သေးတယ်။
“အိမ်ကမိန်းမ သိပ်နေမကောင်းဘူးဗျ”လို့
ပြောလိုက်သေးတယ်။ ကျနော်လည်း သူပေးလိုက်တဲ့ ပေါက်တူးကိုယူပြီး ပြန်ထွက်လာခဲ့ပါတယ်၊ ဒီနေ့တော့ လျှော်လိုက်ပေဦးတော့ ချေရေလို့ စိတ်ထဲက ပြောလိုက်မိပါတော့တယ်။
နောက်တဦးကတော့ လမ်းထိပ်ကားဂိတ်က ချေဂွေဗားရားပါ။ သူလည်း ချေ ခရေဇီတယောက်ပဲ။ သူ ထိုးထားတာကမှ တကယ့်ရှယ်။ ကျောကုန်းအပြည့် ချေပုံကို ကာလာနဲ့ထိုးထားတာ။ ပုံထဲမှာ ချေ ဆောင်းတဲ့ဦးထုပ် က အနီရောင်ဆိုတော့ ပုံကစိုပြီး အရောင်ပိုတောက်တာပေါ့။ ထိုးတဲ့လူရဲ့ အသားအရေ ကလည်း ဖြူ၊ အရပ် ကမြင့်၊ ရင်အုပ်ကြီးက ကားကား၊ ကျောပြင်ကြီးက ကျယ်ကျယ်နဲ့ဆိုတော့ ပိုလှနေ တာပေါ့ဗျာ။ သူ့ကြည့် လိုက်ရင် အမြဲတမ်း အင်္ကျီကျွတ်နဲ့ ဒါမှလည်း ချေရဲ့ပုံကို လူမြင်နိုင်မှာကိုး။ ဒီလူက လက်ဘက်ရည်ဆိုင် ထိုင်တာတောင် လမ်းမဘက်ကို ကျောပေးပြီးမှထိုင်တာ။ ဆိုင်ရှေ့က ဖြတ်သွားတိုင်း ဆိုင်ထဲကို လှမ်းကြည့် လိုက်လို့ ချေ ရဲ့ပုံကိုတွေ့ရင် ဒီလူရှိနေတာ သေချာနေပြီ။
သူ့ အလုပ်အကိုင်က ကားဂိတ်မှာ။ လူမိုက်လုပ်ရတယ်။ ကားဂိတ်မှူးက မွေးထားတဲ့ လူဖြစ်တယ်။ ဂိတ်မှာ အလုပ်အားရင်လည်း တခါတလေ ကားနောက်လိုက်ပြီး စပါယ်ယာ လိုက်လုပ်သေးတယ်။ ကားနောက် လိုက်တဲ့ နေ့တွေဆိုရင် သူ့ပုံစံအတိုင်း အပေါ်ပိုင်းက ဗလာကျင်းလို့။ လက်ထဲမှာလည်း ဂျမ်းတုံးကြီး။ ကျောကုန်းမှာက ချေဂွေဗားရားနဲ့။ ကား နောက်ပြန်မလိမ့်အောင် ဂျမ်းတုံးလိုက်ခုနေတဲ့အခါ နောက်ကနေ မြင်နေရတဲ့ ချေဂွေဗားရားပုံဟာ အတော့်ကို မသက်မသာ နိုင်လှတယ်။ နေပူကြီးထဲ ချေဂွေဗားရား ကိုယ်တိုင် လက်မှာ ဂျမ်းတုံးကြီး ကိုင်ပြီး ကားဘီးကို လိုက်လိုက်ခုပေးနေရသလိုပဲ။
အော် ချေဂွေဗားရားကို ကိုယ့်လူတွေက ခုထိ အနားမပေးကြသေးဘူး။ သူ့ခမျာ ကြုံရင်ကြုံသလို အ၀တ် လည်း လျှော်ပေးနေရ။ ကားစပါယ်ယာလည်း လုပ်ရ။ ဂျမ်းတုံးလည်း လိုက်ခုရ။ ဒါနဲ့တောင် မပြီးသေးဘူး ကားဂိတ်ကြေးကို မိုက်ကြေးခွဲပေးနေရတယ်။
ဒါဟာ ကျနော်တို့ဆီက အစွဲအလမ်း ရှေးအယူအဆတခုနဲ့ ကြည့်မယ်ဆိုရင် သူဟာမကျွတ်သေးဘူး။ ကမ္ဘာမှာ ဖိနှိပ်မှုတွေ၊ ကျူးကျော်မှုအသစ်တွေ သွေးစုပ်မှုတွေ ရှိနေသေးတယ်။ အဲဒီတော့ အဖိနှိပ်ခံတွေကို ထားသွားဖို့ စိတ်မချနိုင်ဖြစ်နေလို့ ခုလို အိမ်နီးနားချင်း ချေဂွေဗားရားတွေကို အကူအညီတွေ လိုက်လုပ် ပေးနေရတယ်လို့ တလွဲလိုရာ ထင်မှတ်ပြောဆိုနေကြရင် ခက်မယ်။ အဲဒါကြောင့် သူ့ခရဇီတွေစုပြီး ဆွမ်းကပ် အမျှဝေမယ့်အစား ချေဂွေဗားရားရဲ့တန်ဖိုးကို အသေအချာ သိဖို့ လိုအပ်နေပြီပေါ့။ အဲဒီလိုမှမလုပ်ရင်တော့ ကျနော်တို့ဆီက အိမ်နီးနားချင်း ဆေးမင်ကြောင် ချေဂွေဗားရားတွေကြောင့် သူရဲကောင်း ချေဂွေဗါးရား အစစ်ခမျာမှာ မသက်သာ ….။
ခန့်အောင်
***************************************
အရက်သောက်ရင် ယူအန်လျှောက်မယ်
ခန့်အောင်
Monday, September 01, 2008
ရှစ်လေးလုံးအရေးတော်ပုံကြီးနောက်ပိုင်း ကျနော်တို့ကျောင်းသားလူငယ်တွေ တောထဲတောင်ထဲကို ရောက် လာခဲ့ကြပြီး အဲဒီကမှ အကြောင်းအမျိုးမျိုးနဲ့ အကြောင်းကြောင်းကြောင့် တတိယနိုင်ငံတွေမှာသွားပြီး အခြေ ချဘို့ဖြစ်လာကြတယ်မဟုတ်လား။
အစပိုင်းတုန်းက ယူအန် ဒုက္ခသည်အဖြစ်လျှောက်တယ်ဆိုတာ ဗန်ကောက်မှာပဲရှိတာ အဲဒီတော့ ဒုက္ခသည် လျှောက်ချင်ရင် ဗန်ကောက်တက်ကြရတယ်။ ယူအန်ရုံးက လက်ခံတယ်ဆိုရင် ဘတ်ငွေ ၃၀၀၀ ရမယ်။ နေစရာကတော့ ကိုယ့်ဟာကိုယ်ငှားနေပေါ့။ ဒီလိုနည်းနဲ့ ဗန်ကောက်ထဲမှာ ဗမာပြည်က ကျောင်းသား လူငယ်တွေ ပြန့်နှံ့နေကြတယ်။
နောက်ပိုင်း ထိုင်းအစိုးရနဲ့ယူအန်က ဗန်ကောက်ထဲမှာ ဗမာပြည်သားတွေ အတွက် မနီလွိုင်း ဒုက္ခသည်စခန်းဆိုတာဖွင့်လိုက်တယ်။ ဗန်ကောက်မှာ ဒုက္ခသည်အဖြစ်တင်ထားသူ လျှောက်ထားသူးမှန်သမျှ ဒီစခန်းကိုဝင်ကြရတယ်။ ဒီစခန်းက နေစရာ စားစရာပေးမယ် အသုံးစားရိတ် အဖြစ်ငွေနည်းနည်းပေးတယ်။ ဒီစခန်းကိုဝင်တဲ့ ဒုက္ခသည်ကိုပဲ တတိယနိုင်ငံထွက်ဘို့ စဉ်းစားပေးမယ် ဖြစ်လာတယ်။ အဲဒီတော့ ထိုင်းနိုင်ငံကို နည်းပေါင်းစုံနဲ့ရောက် နေတဲ့သူတွေရော ကျနော်တို့ကျောင်းသား လူငယ်တွေပါ ယူအန်ဒုက္ခသည်အဖြစ်ခံယူချင်ရင် မနီလွိုင်း စခန်းကိုဝင်ကြရတယ်။ နယ်စပ်က လျှောက်ချင် တဲ့ သူတွေကလည်း နယ်စပ်နဲ့နီးတဲ့မြို့တွေကနေတဆင့် ဗန်ကောက်ကိုတက်ကြတယ်။
အဲဒီအချိန် လူတွေက တက်ကြွတဲ့အရွယ်တွေလေ လုပ်မယ်ဆိုလဲဇွတ်ပဲ မလုပ်ဘူးဆိုလဲ အရှင်းဒိုးမယ် ဆိုလဲမြန်တယ်။ တခုခုလုပ်တော့မယ် ဆုံးဖြတ်တော့မယ်ဆိုရင် လှည့်ကြည့်စရာ အတွယ်အတာတွေ ချိုင့် တွေ အဆင့်တွေ မရှိသေးဘူး။ ခုတော့ အချိန်တွေကြာလာတာနဲ့အမျှ အိမ်ထောင်တွေကျ သားသမီးတွေရ အရင်လို ဒုန်းဒုန်းဒိုင်းဒိုင်းလုပ်မရတော့ဘူးလေ တခုခုလုပ်တော့မယ်ဆို အတွေစအမျှင်တန်းတွေ တသီ တတန်းနဲ့ပေါ့။
၂၀၀၃/၂၀၀၄ ကာလမှာ ယူအန်ဒုက္ခသည်ရုံးတွေဟာ ထိုင်းနယ်စပ်မြို့တွေထိရောက်လာကြတယ်။ နယ်စပ် က လူတွေရော ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့လူတွေပါ ဒုက္ခသည်အဖြစ်နဲ့ တတိယနိုင်ငံသွားချင်တယ် ဆိုရင် ယူအန်ရုံးရှိတဲ့နယ်စပ်မြို့တွေမှာ သွားရောက်နေထိုင်ပြီးဆက်သွယ်ကြတယ်။ တတိယနိုင်ငံထွက်ခွင့် ရရင်လည်း သွားကြပေါ့။ အရင်လို ဗန်ကောက်ရောက်အောင် သွားစရာမလိုတော့ဘဲ နယ်စပ်မြို့တွေမှာတင် ကိစ္စပြီးတဲ့အတွက် အလွန်အဆင်ပြေတယ်လေ။ ဒုက္ခသည်အဖြစ်လျှောက်တဲ့လူတွေထဲမှာ နယ်စပ်ဒုက္ခသည် တွေ တောထဲကရဲဘော်တွေချည်းမဟုတ်ဘူး။ နယ်စပ်မြို့တွေမှာ နေထိုင်နေကြတဲ့ လူတွေပါ လျှောက်ကြ တာ။ တောထဲကရဲဘော်တွေ နယ်စပ်ဒုက္ခသည်စခန်း လူတွေကတော့ ရှင်းတယ် ယူအန်လျှောက်တဲ့ ရည်ရွယ်ချက်ကိုက တတိယနိုင်ငံသွားမှာဖြစ်တယ်။ မြို့ပေါ်က ဒုက္ခသည်အဖြစ်လျှောက်တဲ့ လူတွေထဲမှာ တော့ တတိယနိုင်ငံကို သွားချင်ကြတာလဲပါတယ်။ ထိုင်းရဲအဖမ်းမခံရအောင် လျှောက်ထားချင်တာလဲပါ တယ်။ ထိုင်းရဲက စစ်လားဆေးလားနဲ့ရစ်လာရင် ယူအန် ဒုက္ခသည် လက်မှတ်ပြလိုက်တာနဲ့ နည်းနည်းတော့ သက်သာတယ်။
အရင်တုန်းက လူတွေက တကိုယ်တည်းသမားတွေမဟုတ်လား။ လုပ်စရာရှိရင် ပြတ်ပြတ်ပဲ။ ခုတော့အိမ် ထောင် တွေနဲ့။ ယူအန် လျှောက်ထားတော့လည်း ကိုယ်တယောက်တည်း မဟုတ်တော့ဘူး။ အတွယ်အတာ တွေနဲ့လေ။ တတိယနိုင်ငံကို ကိုယ်ကမသွားချင်တောင်မှ ကိုယ့်ရဲ့မိန်းမက သွားချင်းရင်သဘောထားခွဲပြီး သွားပေးလို့ရတယ်။ ကိုယ့်သားသမီးကလည်း အသက် ၁၈ နှစ်ပြည့်ရင် ခွဲပြီးသွားချင်သွားလို့ရနေတယ်။ ကိုယ်မလိုက်လည်း မိန်းမက “ဘိုင့်ဘိုင်” လုပ်ပြီး လစ်သွားလဲဖြစ်နေတဲ့အခြေအနေ။
၂၀၀၅ ခုနှစ်နောက်ပိုင်းမှာတော့ တရားဝင် ဒုက္ခသည်ဖြစ်ရေးနဲ့ တတိယနိုင်ငံသွားအခြေချရေးတွေဟာ နယ် စပ် ဒုက္ခသည်စခန်း တွေထဲထိရောက်လာတယ်။ အဲဒီအချိန်မှာတော့ ယူအန်ဒုက္ခသည် ဖြစ်ချင်သည်ဖြစ်စေ မဖြစ်ချင်သည်ဖြစ်စေ ဒီစခန်းတွေမှာနေမယ်ဆိုရင် တရားဝင်ဒုက္ခအဖြစ် အသိမှတ်ပြုခံထားရသူမှ နေထိုင် ခွင့် ရှိတယ် တတိယနိုင်ငံသွားပြီး အခြေချဖို့ သဘောထားပေးပိုင်ခွင့်ရှိတယ်။ ဒီလိုနဲ့ပဲ စခန်းတွင်းမှာ နေထိုင် နေကြတဲ့လူတွေအားလုံး တရားဝင်ဒုက္ခတွေလည်းဖြစ် တတိယနိုင်ငံကိုသွားခွင့်ရှိသူတွေလည်း ဖြစ်ကုန်ဆို ပါတော့။ ခု ကာလက တတိယနိုင်ငံကိုသွားပြီး အခြေချဘို့ အခွင့်အရေးတွေရကြတော့၊ တအိမ်ထောင် တည်းမှာပဲ တယောက်ကသွားမယ် တယောက်က မသွားဘူး။ လင်မယားနှစ် ယောက်စလုံးကသွားချင်တာ တောင် ယောက္ခမလုပ်သူက ငါသေမှပဲသွားလို့ ဆိုတာမျိုးတွေလည်းရှိသေးတယ်။
အရင်က ကျနော်တို့အိမ်ထောင်ရေးတွေမှာ ယောက်ျားနဲ့မိန်းမ စကားများတာပဲဖြစ်ဖြစ် ရန်ဖြစ်တာပဲ ဖြစ်ဖြစ် ရက်အတော်ကြာ တယောက်နဲ့တယောက် စိတ်ဆိုးစိတ်ကောက်ပြီး စကားမပြောဘဲနေကြရုံပဲ။ ယောက်ျား ကို စိတ်တိုင်းမကျတာ စိတ်တိုစရာတွေတွေ့ရင် ဆောင့်အောင့်ပြီး အိုးခွက်တွေကို ဂလုံးဂလွမ် လုပ်ပြီး အသံပေးလိုက်တယ် အဲဒီလောက်ပဲ။
နေညိုရင်ဖြင့် လေပြိုတတ်တဲ့ အပေါင်းအသင်းရောင်းရင်း ယမကာ ဆွေသဟာတိုင်း “ညမူကလိုး” နဲ့ အဖေါ်လုပ်ရမြဲလေ။ ကျနော်တို့နေတဲ့စခန်းထဲမှာက “ညမူကလိုး” ဆိုတဲ့ တောအရက်ကလည်း ဈေးပေါတော့ ကျနော်တို့အဖွဲ့တွေနဲ့ အကိုက်ဖြစ်နေတာပေါ့။ ညနေစောင်းပြီဆိုရင်ပဲ ပလပ်စတစ်အိတ်ထဲက အရက်ကို အချိုရည်ဗူးခွံကြီးထဲကိုထဲ့ အချိုရည် သုံးဘတ်တန်တဗူးနဲ့ရော လူ လေး ငါး ယောက်ဝိုင်းထိုင်ပြီး ခွက်သေးတလုံးနဲ့ ပတ်ကြတယ်။ “ညမူကလိုး” အရှိန်ရလာတော့ တွေ့ကရာရှစ် သောင်း ပြောရင်းနဲ့ ကမ္ဘာ့အရေး မြန်မာ့အရေး ဒုက္ခသည်အရေး၊ အရေးတကာ့အရေးတွေကို “ညမူကလိုး” နဲ့ မြည်းကြ အရက်ကုန်တော့ ကိုယ့်အိမ်ကိုယ်ပြန်ကြပေါ့။
အိမ်ရောက်တော့ မိန်းမမျက်နှာမကောင်းတော့ဘူး။ ဘယ်ကောင်းမလဲ မကြိုက်တာလုပ်လာတာကိုး။ အရင် က ဒီလိုအခြေအနေ ဖြစ်လာရင် စိတ်ကောက်ပြီး နှစ်ရက်လောက် စကားမပြောပဲနေရောမဟုတ်လား။ ဒီည တော့ မိန်းမပြောလာတာက …
“တော် ဒီအရည်တွေ သောက်နေအုံးမယ်ဆိုရင် ကျမယူအန်တင်ပြီး နိုင်ငံခြားသွားမယ်”
ဟု ပြောလာပါတော့တယ်။ ယူအန်တင်မယ်အသံကြားလိုက်တာနဲ့ ဆံပင်တွေဘာတွေထောင် အမူးတွေဘာ တွေပျောက်ပေါ့။ ဒီကိစ္စကအလွန်အရေးကြီးတယ်လေ မြန်မြန်ရှင်းရမယ်။
“မိန်းမနဲ့ကွာ မသောက်နဲ့တော့ ဆိုလည်း ရပါတယ်ကွ မင်းတင်မယ့် ယူအန်ကြီးတော့ မလုပ်လိုက်ပါနဲ့ကွာ”
ဟု မိန်းမကိုသွက်သွက်ကလေး ချော့လိုက်ရတယ်။ မသောက်တော့ဘူးလို့ ကတိပေလိုက်ရတော့ ညမူကလိုး နဲ့ ဝေးရမယ့်အရေး စိတ်လေးနေမိတယ်။ တော်တော်နဲ့ လည်းအိပ်မပျော်နိုင်ဘဲ တောင်တွေးမြောက်တွေး စဉ်းစားစရာ အမျှင်တန်းတွေ ခေါင်းထဲရောက်လာတယ်။
ကျနော်တို့တွေ နအဖရဲ့တိုင်းပြည်အပေါ် လူထုအပေါ်ကိုစနစ်တကျ ယုတ်မာခဲ့ပုံတွေကို အသံနဲ့တမျိုး ဓါတ်ပုံနဲ့တသွယ် သတင်းနဲ့တဖုံ ဗွီဒီယိုနဲ့တနည်း နောက်ဆုံးခံစားခဲ့ရသူကိုယ်တိုင် တွေ့ဆုံမေးမြန်းနည်းနဲ့ တချိမ့် ဒီလိုနည်းပေါင်းစုံနဲ့ တကမ္ဘာလုံးကိုရော ယူအန်ကိုပါသိအောင် ယူအန်အနေနဲ့ နအဖကို အရေးယူ ဖိအားတွေပေးလို့ရအောင် နည်းအမျိုးမျိုးနဲ့တင်ပြခဲ့ကြတယ်မဟုတ်လား။
နအဖ က ယူအန်ကိုအရေးမစိုက်တဲ့အပြင် ရှစ်လေးလုံးအရေးတော်ပုံကြီးကို ပစ်ခတ်နှိမ်နင်းပြီးတဲ့နောက် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှု ဒီပဲရင်အရေးအခင်း ရွှေဝါရောင်တော်လှန်ရေး စသည့် ရဟန်ရှင်၊ လူ၊ ကျောင်းသားပြည်သူ လှုပ်ရှားမှုများကိုနှိမ်နင်းရင်း ထပ်ခါထပ်ခါ ညှဉ်းပမ်းသတ်ဖြတ် ဖမ်းဆီးမှုတွေကို ဆက် လက် လုပ်ပြနေဆဲပါ။ နအဖ ကတော့ ယူအန်ကို မကြောက်ရေးချမကြောက်။ ခုတော့ နအဖ က ယူအန်ကို မကြောက်ရပဲ ယူအန်ကို နအဖ က အရေးစိုက်လာအောင်လုပ်ခဲ့တဲ့ ကြိုးစားခဲ့ကြတဲ့ ကျနော်တို့သာယူအန်ရဲ့ အနီးကပ်ချိမ်းခြောက်တာကိုခံနေရပါရောလား။
နဖူးပေါ်လက်တင်စဉ်းစားလိုက်တာ မိုးလင်းတာတောင်သတိမထားမိလိုက်ဘူး။
“တုံ” “တုံ” “တုံ” “တုံ” “တုံ” “တုံ”
ရပ်ကွက် ဂိုဒေါင်ဘက်က တုံးခေါက်သံကြားရတယ်။
“ယောက်ကျားရေ … ဒီနေ့ဆန်ထုတ်မယ်ထင်တယ်တော့ ဂိုဒေါင်မှာတုံးခေါက်နေပြီ”
ခန့်အောင်
***************************************
⇒
ရေလည်းမနောက်စေချင် ငါးလည်းမမူးစေချင်
ခန့်အောင်
Monday, September 01, 2008
ကျနော် အိမ်ထောင်ကျတော့ ကျနော့်အသက်က ၂၅ နှစ်။ အခုဆိုရင်ပဲ သားကြီးက ၁၂ နှစ်တောင်ရှိပြီ။ ၄ တန်း တက်နေတယ်။ ကျနော်ကတော့ အဖွဲ့အစည်းက တာဝန်ပေးချက်နဲ့ မြို့ပေါ်မှာနေရတယ်။ တခါ တလေလောက်ပဲ မိန်းမနဲ့ကလေးတွေနေတဲ့ရွာကို ပြန်ရောက်ဖြစ်တယ်။ မြို့နဲ့ရွာကို ဆိုင်ကယ်နဲ့ အသွား အလာလုပ်ရတယ်။ သွားရလာရလွယ်ကူအောင် ဆိုင်ကယ်တစီးလဲ ၀ယ်သုံးရသေးတယ်။ မြို့ကအလုပ်တွေ တာဝန်တွေကို လုပ်နေရတယ်ဆိုတော့ ရုံးနဲ့၊ဖုံးနဲ့၊ ကွန်ပြူတာအင်တာနက်နဲ့ပေါ့ဗျာ။
⇒
ရေလည်းမနောက်စေချင် ငါးလည်းမမူးစေချင်
ခန့်အောင်
Monday, September 01, 2008
ကျနော် အိမ်ထောင်ကျတော့ ကျနော့်အသက်က ၂၅ နှစ်။ အခုဆိုရင်ပဲ သားကြီးက ၁၂ နှစ်တောင်ရှိပြီ။ ၄ တန်း တက်နေတယ်။ ကျနော်ကတော့ အဖွဲ့အစည်းက တာဝန်ပေးချက်နဲ့ မြို့ပေါ်မှာနေရတယ်။ တခါ တလေလောက်ပဲ မိန်းမနဲ့ကလေးတွေနေတဲ့ရွာကို ပြန်ရောက်ဖြစ်တယ်။ မြို့နဲ့ရွာကို ဆိုင်ကယ်နဲ့ အသွား အလာလုပ်ရတယ်။ သွားရလာရလွယ်ကူအောင် ဆိုင်ကယ်တစီးလဲ ၀ယ်သုံးရသေးတယ်။ မြို့ကအလုပ်တွေ တာဝန်တွေကို လုပ်နေရတယ်ဆိုတော့ ရုံးနဲ့၊ဖုံးနဲ့၊ ကွန်ပြူတာအင်တာနက်နဲ့ပေါ့ဗျာ။
⇒
ပုစွန်ဆိတ် ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ်နှင့် ခွပ်ဒေါင်းစစ်သည် ဘယ်ညာချီ
ခန့်အောင်
Saturday, August 16, 2008
အချိန်က ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံအပြီး န၀တ(နအဖ) စစ်အုပ်စုကို လက်နက်ကိုင် ပြန်တိုက်မယ် ဆိုပြီး တက်ကြွတဲ့လူငယ်များဟာ ဗမာပြည်ရဲ့ အရှေ့ဘက် လူမျိုးစုလက်နက်ကိုင်ဒေသတွေကို ရောက်ရှိ နေချိန်ပါ။ စစ်အုပ်စုနအဖကို လက်နက်ကိုင်ပြီး တိုက်ပစ်မယ်ဆိုတဲ့ စိတ်ကူးပုံဖေါ်မှု အမျိုးမျိုးနဲ့လေ။ ကျနော် ဆိုရင်လဲ နှစ်ပတ်လောက် သင်တန်းတက်ပြီး ကျနော်တို့နယ်ဘက်မှာပြန်ချမယ်လို့ စိတ်ကူးထားတာ
⇒
လ္ဘက်ရည်ဆိုင်က ချေဂွေဗားရား
ခန့်အောင်
⇒
ရပ်ကွက်ထဲက ဗွီဒီယိုရုံ ...
ခန့်အောင်
|