အမြန်ချောခေတ်မှာလည်း သတိရလျက်ပါပဲ

လူထု ဒေါ်အမာ
Friday, December 11, 2009

ကျမက ကျမရေးထားတဲ့ဆောင်းပါးလေးတပုဒ် ကျမမြေးတယောက် ကို မဂ္ဂဇင်းတစောင်ဆီ အမြန်ချောပို့နဲ့ ပို့ပေးဖို့ခိုင်တော့ မြေးက "အ ဘွားက စာတိုက်ကနေမပို့ပဲကိုး၊ အမြန်ချောကပိုက်ဆံအများကြီးပေး ရတာပေါ့" တဲ့။

"အဘွားဆောင်းပါးက နောက်ကျနေပြီမြေးရဲ့၊ အမြန်ချောပို့က, ကနေ့ပို့ရင် မနက်ဖြန်ရောက်တာ၊ စာတိုက်ကကြာတယ်"လို့ ပြော တော့အဲဒါတော့လည်း ဟုတ်တယ်။ ဒါပေမယ့် နောက်တော့စော စောရေးထားတဲ့ သူက အမြန်ချောခပေးရတာကို နှမြောနေတယ် ထင်ပါရဲ့။ ကျမကတော့လည်း မဂ္ဂဇင်းတွေကို ကိုယ့်ဆောင်းပါးစော စောရောက်နေအောင် ပို့နိုင်တယ်မရှိဘူး။ ဗာဟီရကိစ္စတွေနဲ့ စာမရေး ဖြစ်တာ၊ ဧည့်သည်များလို့ စာမရေးရတာ၊ လူက အိုတော့နားနေရ သေးလို့ စာရေးချိန်နည်းတာတွေ ကြောင့်လေ။

မဂ္ဂဇင်းတိုက်ကဖုန်းဆက်မှ၊ ဖုန်းခေါ်မရတော့ အမြန်ချောနဲ့စာရေး ကင်းမှ မဖြစ်မနေရေးပို့ရတာက များများရယ်။ ပြီးတော့မဂ္ဂဇင်းတွေ ကလည်း သူ့ထက်ငါစောအောင် လုပ်ကြတယ်ထင်ပါရဲ့။ သူတို့မှာ လည်း အခက်အခဲတွေက အများကြီးရှိမှာကိုး။ အဲဒီတော့ ဒူးလောက် တင်မှရင်လောက်ကျတယ် ဆိုပြီး လောဆော်ကြရမှာပေါ့။ ကျမမှာ လည်း မြေးလေးပြောသလို အမြန်ချောခနှမြောလို့ စာတိုက်ကနေပို့ ချင်ပေမယ့် ကိုယ့်ကော်ပီကစောစော ပြီးမနေတော့လည်း အခက် သား။ ပြီးတော့စာတိုက်ကလည်း ဘယ်နေ့ပို့ရင် ဘယ်နေ့ရောက်တယ် လို့ မသေချာဘူးလေ။

ရှေးကများတော့ ကျမနဲ့ဦးလှက ကျောင်းကထွက်မှပုံမှန် မိတ်ဆွေချင်းမဟုတ်တဲ့ ဆက်ဆံရေးမျိုးကို ပြောင်းသွားတာဆိုတော့ သူက ရန်ကုန်၊ ကျမကမန္တလေးမှာနေရတာမို့ စာနဲ့ပဲဆက်သွယ်ကြတာပါ။ ဦးလှကို စာရေးဆရာသိပ္ပံမောင်ဝက ကိုလှလို့မခေါ်ဘူး။ မောင်ဝက နာမည်ပေးတတ်တဲ့လူမို့ "ကိုလူရေး" လို့ နာမည်ပေးထားပါတယ်။ သူ့နာမည်က"မောင်လူအေး"၊ ဦးလှက "မောင်လူရေး" တဲ့။ ဘာလို့ လဲဆိုတော့ ဦးလှက စာရေးနိုင်လွန်းလို့တဲ့။ သိပ္ပံမောင်ဝဆီကို ဦလှက စာတွေအများကြီးရေးတာ၊ စာအလွန်ရေးနိုင်တယ်ဆိုတဲ့ သိပ္ပံ မောင်ဝထက် သူကပိုရေးဖော်ရလို့ သူ့ကို မောင်လူရေးလို့ နာမည်ပေးတာတဲ့။

အဲဒီမောင်လူရေးက တနှစ်ကျော်ကျော် သမီးရည်းစားဖြစ်နေတဲ့ သူ့ရည်းစားဆီကိုတနေ့စာ (၂) စောင်နေ့တိုင်းရေးပါတယ်။ မနက်ခင်း မှာ စာတစောင်ရေးတယ်၊ အဲဒီစာကိုမြို့ထဲကစာတိုက်ပုံးနီးရာမှာ သွားအထည့်ခိုင်းလိုက်တယ်။ အဲဒီစာဟာ ညနေ (၄) နာရီ-(၅) နာရီ မန္တလေးကို မီးရထားနဲ့ပါလာပြီး မန္တလေးဘူတာကိုမနက်လင်းတော့ ရောက်လာပါတယ်။ အဲဒီစာ မန္တလေးစာတိုက်ကြီးကိုရောက်လာ တော့ စာတိုက်ကြီးက မနက် (၈) နာရီ၊ (၉) နာရီမှာမြို့ထဲစာဝေထွက်မယ့် စာပို့လက်ထဲထည့်ပေးလိုက်လို့ ကျမကိုမနက် (၃) နာရီ လောက်ရောက်လာပါတယ်။

ဦးလှစာကို ညမိုးချုပ်မှ ဘူတာသွားထည့်ပေးရသူများကတော့ ကလောင်ပျံ ကိုဘကိုးတို့၊ ကာလာမောင်ဝင်းတို့၊ ဦးအုန်းမြင့်တို့ထင်ပါရဲ့။ သူတို့က ဟိုးတုန်းကကြီးပွားရေး ဘော်ဒါတွေကိုး၊ ဦးလှအဲဒီလို မနက်တစောင်၊ ညတစောင်ရေးတဲ့စာတွေ ကျမဆီကိုမနက်,စာဝေချိန် မှာတစောင်၊ ညနေ,စာဝေချိန်မှာ တစောင်မှန်မှန်ရပါတယ်။ တကယ်လို့များ မရဘူး၊ တစောင်တလေက နောက်ကျမှရတယ်ဆိုရင် အဲဒီ စာဘယ်နေ့ဘယ်အချိန်မှာ ကျမလက်ကိုရတယ်လို့ စာအိတ်ပေါ်မှာ စာရေးပြီး ကျမကစာတိုက်ကို ဒီစာအိတ်ခွံပို့ပြီး တိုင်တန်းရင်စာ တိုက်ကချက်ချင်း အရေးယူတယ်။ ဘယ်သူ့ချို့ယွင်းချက်ကြောင့် ဒီစာနောက်ကျရတယ်ဆိုတာကို သူတို့ကစုံစမ်းတယ်။ ပြီးတော့သက် ဆိုင်ရာကာယကံဆီကိုလည်း သူတို့ဘက်က ဘာချွတ်ယွင်းလို့ ဒီလိုနောက်ကျရတာပါ။ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အရေးယူနေပါ ပြီ၊ နောင်ကို ဒီလိုမဖြစ်စေရပါဘူး ၀မ်းနည်းပါတယ်ဆိုတဲ့ တောင်းပန်စာပြန်လာပါတယ်။

ရှေးတုန်းက စာပို့တိုက်ကအဲဒီလောက် စိတ်ချရပါတယ်။ ကျမရေးတဲ့စာ တနေ့တစောင်ကတော့ ဦလှဆီကိုအဲလောက် အချိန်မှန်မှန်ကြီး မရောက်ပေဘူး။ ဘာလို့လဲဆိုတော့ ကျမစာတွေကသူ့လို တရာဝင်ရေးနိုင် ပို့နိုင်စာတိုက်ထည့်နိုင်တာမှ မဟုတ်ဘဲကိုး။ သြော်-ဟိုးတုန်း ကတော့လည်း စာပို့ခက ၁ပဲ (၄ပြား)နဲ့ ၆ ပြားမို့ တနေ့စာနှစ်စောင် ရေးနေကြတာထင်ပါရဲ့။ ခုလိုအမြန်ချောတခါပို့ (၇၅) ကျပ်ဆိုတာ မျိုးနဲ့တော့ စာပို့ခနဲ့ပဲမွဲလောက်ပါရဲ့။

ခုတော့စာရေးတဲ့ ကိုလူရေးလည်း မှမရှိတော့ဘူး။ ဘူတာပြေးပြေးစာထည့်ပေးရတဲ့ ကိုဘကိုးလည်း မရှိတော့ဘူး။ ကာလာမောင်ဝင်က တော့ကျမနဲ့ အဆက်ပြတ်နေတယ်။ ဦးအုန်းမြင့်နဲ့ ကျမကဖြင့်ရှိလေသေးရဲ့။

လူထု ဒေါ်အမာ

ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း အမှတ် (၂၈)၊ နိုဝင်ဘာလ၊ ၂၀၀၉

ပန်းချီ စစ်ငြိမ်းအေး





Name: Subject:

The JavaScript Source



Tell a friend: