မြမဉ္ဇူနှင့် သမိုင်းခေတ်များ
ဒဂုန်တာရာ
Tuesday, December 15, 2009
(က)
ကျနော်စတင်တွေ့ရှိရသော မြမဉ္ဇူကား၊ မြမဉ္ဇူမှန်းမသိသောအရွယ်၊ ကျနော်ဂျူဘလီဟောဟု နာမည်ထင်ရှားသောအဆောက်အဦး တွင် အဆိုတရပ်တင်သွင်းနေသော အမျိုးသမီးမအမာ။ ကျနော့်ဘေးက လူတယောက်ကိုမေးကြည့်သော့အခါ တက္ကသိုလ်အင်းလျားကျောင်း ဆောင်မှ မအမာဟုသိလိုက်သည်။ ထို့နောက် တဖြည်းဖြည်းသိလာ ရသည်ကား စာရေးဆရာမမြမဉ္ဇူ။ ကျနော် အလွန်ကြိုက်သောဂျာ မန်စာရေးဆရာ၏ "ဒေါသ" ၀တ္ထုကို ဘာသာပြန်ထားသောဝတ္ထု၊ ထိုအခါက ကျနော်မှာဆယ်ကျော်သက်အရွယ်၊ ယခုအခါထင်ရှား သော လူထုဒေါ်အမာ ဖြစ်နေပေပြီကော။
(ခ)
ထိုအခါကျနော်သည် မိမိကိုယ်ကိုနောင်အခါတွင် ငြိမ်းချမ်းရေးသမား ဖြစ်လာမည်ဟုမထင်ခဲ့၊ ကျနော်မည်သူနှင့်မျှ ရန်မဖြစ်ဖူးသည်ကို တော့ မှတ်မိနေသည်။မှတ်ဉာဏ်ကတော့ ဒီလောက်ပဲအတိတ်ကိုသ တိရမိသည်။ ကျနော်ကတိရက်လတ်မြို့ အမျိုးသားအထက်တန်း ကျောင်းကကျောင်းသာလေး၊ ရန်ကုန်ဂျူဗလီဟောတွင်ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို တက်ရောက်နေသူ။ မအမာဆိုသော နာမည်ကိုတော့မှတ်မိနေသည်။ ရုပ်ရစဉ်ကခပ်ချောချော။ အင်းလျားကျောင်းသူတဲ့ ကျနော်ကဆယ်တန်းပင်မဖြေ ရသေး။ ကျနော်သည် ဂန္တ၀င်ကဗျာများကို ဖွဲ့ဆိုရေးသားနေသောအခါ ဒေါင်းမင်းသီတာဟုခေါ်သော ရတုပုဒ်စုံကို ဒို့ဗမာအကြောင်းဘွဲ့ ဟုခေါင်းစဉ်တပ်ထားသည်။ ယင်းကဗျာသည် ၁၉၃၄ ဒဂုန်မဂ္ဂဇင်းက ၀ိက္ဏပေါင်းစပ်တွင် ပါရှိသည်။
ကျနော်မှတ်မိနေသည်ကား ရန်ကုန်မှ ပြန်လာသောဦးလေးတယောက်ထံသို့ မဂ္ဂဇင်းသွားယူသော မြင်ကွင်း၊ ကျနော်၏ ကဗျာကိုပထမ ဦးဆုံးပုံနှိပ်စာလုံးဖြင့် တွေ့ရှိရသောအခါရင်ခုန်လာသည်။ ၅ လမ်းရှိအိမ်မှာဘုရားလမ်းရှိ ကျနော်တို့အိမ်သို့ လမ်းလျှောက်လာရင်းကျ နော့်စာကဗျာကို ဖတ်မိနေသည်။ ကဗျာက ဒေါင်းမင်းသီဟ၊ သောင်းခွင်ဒီပါ၊ မောင်းညီလာဟု အချီဆို၊ အချဆို ရတုပိုဒ်စုံ၊ ကျနော်တို့ ကျောင်းတွင် သင်ကြားနေသည်မှာ စိန္တိကျော်သူ၏ရတုများဖြစ်သည်။ ထိုအခါက ကျနော်သည် ကျောင်းသုံးစာအုပ်များတွင် သင်ကြား လျှက်ရှိသော ဂန္တ၀င်ကဗျာလဋိပ၀ိရများကို နှစ်သက်နေသောအခါ ယင်းဂန္တ၀င်စိတ်ဓာတ်ဖြင့်ပင်လျှင် ကဗျာများကို ရေးဖွဲ့လျှက်မိမိစိတ် ရင်းမှ တဆင့်ပုံနှိပ်စာလုံးသို့ ပြောင်းလဲပေါ်ထွက်နေသော စာလုံးများကို ကြည့်ရင်းရင်ခုန်လျှက်ရှိသည်ကို ယနေ့တိုင်မှတ်မိလျှက်ရှိနေ သေးသည်။
(ဂ)
သည်ကြားထဲတွင်ဒေါ်အမာ၏စာအုပ်များကို ဖတ်နေရသည်ကျနော်ယူနီဘာစီတီကောလိပ်သို့ ရောက်သည့်နှစ်ကလားမသိ။ ဒေါ်အမာ ၏ မောရစ်ကောလစ်၏ ထရှိုင်းအင်ဘားမားအမည်ရှိ စာအုပ်ကိုဘာသာပြန်ထားသော စာအုပ်ကိုဖတ်ခဲ့ရသည်။ ထရိုင်းရယ်ဆိုသော အင်္ဂလိပ်စာလုံးကို မအမာက အမှုအခင်းများဟုဘာသာပြန် ထားသည်များကို စိတ်ထဲနဲနဲတွေဝေနေမိပေသည်။ မကြိုက်တော့မ ဟုတ်၊ ကြိုက်သည်လည်းမဟုတ်။ ထရှိုင်ရယ်ဆိုသော အင်္ဂလိပ်စကားလုံးမှာ အမှုအခင်းလည်းဖြစ်နိုင်သည်။ အခြားသမိုင်းအဖြစ်အ ပျက်တခုလည်း အဓိပ္ပါယ်ကောက်ရသည်။ ထိုအခါ ကျနော်သည်အင်္ဂလိပ်ဘာသာဖြင့် ရေးထားသောစာအုပ်များကို ကျားကုတ်ကျားခဲ ဖတ်နေသောအခါလည်း ဖြစ်သည်ဟုဆိုနိုင်သည်။
ထို့နောက် မောရစ်ကောလစ်၏ နေမ၀င်ဘုရင်များစာအုပ်ကိုလည်း ဖတ်သည်၊ ကြိုက်သွားသည်၊ ရှမ်းပြည်ကိုသွားချင်နေသောအခါ ကိုဗဟိန်းက ရှမ်းပြည်သွားရန်ခေါ်သောအခါ ချက်ခြင်းပင်ခေါင်းငြိမ့်လိုက်သည်။ ကျနော်ရှမ်းပြည်ကို မောရစ်ကောလစ်၏ ရှမ်းပြည်အ ဖြစ်မြင်နေသောအခါလည်း ဖြစ်သည်။ တကယ်ကလည်း ၁၉၃၉ အောက်တိုဘာလတွင် ကျောင်းပိတ်ရက်၌ ကိုဗဟိန်နှင့်အတူရှမ်း ပြည်နယ်သို့တက်ခဲ့ကြသည်။ ထိုအခါကမန္တလေးသို့ ပထမဦးဆုံးရောက်ဖူးသောအခါ။ ရှမ်းပြည်နယ် ဖယ်ဒရယ်လစ်တက်စတိတ်ဟုရေး သည်ကိုမှတ်မိနေသည်။ ထိုအခါကတော့ ဖယ်ဒရယ်လစ်တက်ဟူသော စကားကို ကောင်းစွာသိသည်မဟုတ်။ ပြည်ထောင်စုဟုနောက် အခါလွတ်လပ်ရေးရသောအခါမှ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးဖွဲ့စည်းပုံကို ပြည်ထောင်စုဟူသော စကားလုံးသစ်ဖြင့်ခြယ်သထား သည်ကိုကား ကျနော့်ခေါင်းထဲ စွဲနေသည်။
ထိုအခါက ရှမ်းပြည်ရောက်သောအခါ ရှမ်းပုလိပ်များကိုကျနော် တွေ့ရသည်။ မြန်မာပြည်တွင်ကား အင်္ဂလိပ်အစိုးရက ကာကီရောင်ဖြင့် သာပုလိပ်များကို ၀တ်ဆင်စေသည်။ ရှမ်းပြည်ပုလိပ်ကတော့ အပြာရင့်၊ ခေါင်းပေါင်းကအနီ၊ သူတို့ကရှမ်းပုလိပ်ကို ခေါင်းပေါင်းနီဟုခေါ် သံကြားရသည်။ ကျနော်တို့သည်ထိုအခါက နိုင်ငံခြားတခုခုသို့သွားကာ လက်နက်များရရန် ကြိုးစားမည်ဟူသောအခါ လူငယ်တို့၏ စိတ်ကူးယာဉ်အတိုင်း ရှမ်းပြည်သို့တက်ခဲ့ကြခြင်းဖြစ်သည်။ ကိုဗဟိန်းကတော့ တရုပ်ပြည်သို့ ယင်အန်ရှိကွန်မြူနစ်ပါတီနှင့် ဆက်သွယ် ရန်သွားခြင်းဖြစ်သည်။
ကျနော်ကတော့ သူ့အဖော်၊ ကျနော်နှင့်ကိုဗဟိန်းက ကျောင်းတွင်တတွဲတွဲနေသောအခါ ဖြစ်သည်။ ရှမ်းပြည်မသွားခင် ဘုန်းကြီးလမ်းရှိ စင်ထရယ်ဟော်တယ်တွင် ထိုအခါကတရုပ်သံအရာရှိက ကျနော်တို့အားနှုတ်ဆက်ပွဲ၊ ထမင်းစားပွဲဖြင့် ဧည့်ခံသည်။ ကျနော်တို့စာပွဲတခု သည် ယင်းသံအမတ်၊ သူတို့အဆိုအရ ခန့်အပ်ထားသောကောင်စစ်ဝန် ဖြစ်မည်လားမသိနှင့် မိတ်ဆက်ပေးသောကာလ၊ ဆရာချိုဟု ကျနော်တို့ခေါ်ကြသော ဒီဒုတ်ဦးဘချိုက ကျနော်၏ခရီးစဉ်ကို စီစဉ်ပေးသည်။ ကျနော်တို့စားပွဲတွင် သခင်နု၊ ချန်ကေရှိတ်၏ ကောင်စစ် ၀န်နှင့် အခြားမိတ်ဆွေများ ပါဝင်သည်။ ကျနော်နှင့်ကိုဗဟိန်းက ယင်းစာပွဲတွင်အတူရှိနေကြသည်။
အခြားစားပွဲတွင်တော့ တရုတ်ကောင်မလေးများနှင့် တဟားဟားရယ်နေသော တက်ဘုန်းကြီးသိန်းဖေ။ ကျနော်တို့မှာ တရုတ်ပြည်ချန် ကေရှိတ်အစိုးရ၏ ဧည့်သည်တော်များ ဖြစ်နေကြသည်ကိုကား နောင်အခါမှ သတိထားမိလိုက်သည်။ တကယ်ကတော့ ကျနော်တို့၏ ခရီးမှာလျှို့ဝှက်ခရီး၊ သို့မဟုတ် မြန်မာအလင်းသတင်းစာကား မသိ။ ကိုဗဟိန်းနှင့်ကျနော်တို့ ရှမ်းပြည်သွားမည့်အကြောင်း ပါလာခဲ့ သည်။ ၁၉၃၉ အောက်တိုဘာ ကျောင်းပိတ်ရက်အတွင်း ဖြစ်သည်။ ကိုဗဟိန်းကတော့ တက္ကသိုလ်သမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌ။ ကျနော်ကတက္ကသိုလ်သမဂ္ဂ အမှုဆောင်အဖွဲ့ဝင်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ လူမှုဆက်ဆံရေးကော်မ တီ၏ သဘာပတိ။ ထိုနှစ်က ဥက္ကဋ္ဌက ဒီဆေးကျောင်းသား ကိုလှရွှေ၊ နောင်နှစ်တွင်တော့ ကိုလှမောင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော နှစ်ကာလတက္ကသိုလ်သမဂ္ဂတွင် ၀ါဒပြန့်ပွားရေးမှူး၊ ယင်းအဖြစ်အပျက်များသည် ယခုအခါ သမိုင်းဖြစ်နေသည်။ သိသူလည်းသိ၊ မသိသူ လည်းမသိဖြစ်နေသည်။ ကျနော်တို့သည် ရန်ကုန်မှပြည်သို့ မီးရထားဖြင့်သွားကြသည်။
ကျနော်တို့ မီးရထားကိုပထမဦးဆုံး အကြိမ်စီးခြင်းဖြစ်သည်။ ပြည်မှ အောင်လံသို့မော်တော်ကား၊ ပြည်တွင်းကျောင်းသား ပြဿနာကို ဖြေရှင်းရန်သွားသည်။ ကျနော်တို့ကို အောင်လံရှိအရေးပိုင်ဦးဖေအိမ်တွင် ဖိတ်ကြားချက်အရထမင်းစားခဲ့ကြသည်။ ဦးဖေမှာ ၁၉၃၅ ကျောင်းသားသပိတ်တွင် သူ၏သမီးကနာမည်ကြီး၊ သူ၏မောင်ကတယောထိုးသူကိုလှဖေ။ သူနှင့်ခင်မင်သဖြင့် အဖေဖြစ်သူဝန်ထောက် ဦးဖေက ထမင်းဖိတ်ကျွေးခြင်း ဖြစ်သည်ဟုနားလည်ထားသည်။ ကိုဗဟိန်းကတော့ကျောင်းသားသမဂ္ဂတွင် နာမည်ကြီးနေသောသူဖြစ် သည်။ ဆရာမှိုင်းမှာ ဗိုလ်ရန်နိုင်၏ဦးလေးဖြစ်သည်။ ထိုအခါကတော့ တက္ကသိုလ်သမဂ္ဂအတွင်းရေးမှူး ဦးထွန်းရှိန်၊ ရဲဘော်သုံးကျိတ် မပေါ်သေး၊ ကျနော်ကတော့ယင်းကာလကို ညီညွတ်ရေးကာလဟု ခေါ်သည်။
ကျောင်းသားသမဂ္ဂနှင့် ဒို့ဗမာအစည်းအရုံးတို့ လက်တွဲစကာလ။ ထို့ကြောင့်ကျနော် ညီညွတ်ရေးကာလဟု အမည်ပေးလိုခြင်းဖြစ်သည် ဟု ကျနော်နားလည်လိုက်သည်။ ထိုအခါ မအမာသည် အိမ်ထောင်မကျသေး၊ ကိုလှနှင့်ကတော့ ကျနော့်တို့ခင်မင်ကြသည်၊ ကိုလှက ၃၇ လမ်းတွင်လားမသိ။ အိမ်ရှိသည်၊ ကျနော်တို့ရောက်ဖူးသည်၊ ကိုလှက သွက်သွက်လက်လက် အိမ်တွင် ခန်းဆီးအစိမ်းများ တဖြတ် ဖြတ်၊ သူ့အိမ်တွင် သခင်ဇင်ကိုလည်း တွေ့ရသည်။ ထိုအခါကတော့ နောင်အခါကျော်ကြားသော သခင်ဇင်ဖြစ်မည်ဟု မအောက်မေ့ခဲ့။ ထိုအခါ ကိုလှသည် ကြီးပွားရေးမဂ္ဂဇင်းကို ထုတ်ဝေနေသည်။
ကိုလှနှင့်ကတော့ ကျောင်းသားဘ၀ကတည်းက ခင်မင်ရင်းနှီးသည့်မိတ်ဆွေ မအမာကိုတော့ မောရစ်ကောလစ် ဘာသာပြန်သူအဖြစ် သတိတော့ရသည်။ သို့သော် မန္တလေးရောက်သောအခါ မအမာနှင့်မသိကျွမ်းခဲ့။ ကိုဗဟိန်းက မိတ်ဆက်မပေးတာလည်း ဖြစ်မည်။ ထိုအခါက သမဂ္ဂကျောင်းသားများသည် အင်းလျားကန်စောင်းတွင် နိုင်ငံရေးရာကိစ္စများကို ဆွေးနွေးကြသည်။ ဆည်းဆာက၀ိုးတ၀ါး၊ လရောင်ကပြိုးပြက်။ မှောင်ရိပ်များက ယှက်သန်းလျှက်ကိုဗဆွေက ကျနော့်ကို လွတ်လပ်ရေးရသည့်နှစ်က ကန္နားလမ်းရှိပြည်သူစာပေ တိုက်တွင် မကြာခဏဆုံကြရင်း "အေး မင်းအဲသည့် အဖွဲ့ထဲပါကွာ" ဟု ပြောတိုင်းကျနော်ဘာမှ ပြန်မပြော။
ကိုဗဆွေနှင့်ကျနော်မှာ ခင်မင်ရင်းရှိဆဲ၊ စစ်ကိုင်းကျောင်းဆောင်တွင်ရှိစဉ် ထမင်းစားပွဲတခုတွင် အတူစားဖော်စားဖက်။ "အေး မင်းတို့ သည်ကောင်ကို အထင်မလွဲနှင့်ကွ၊ သည်ကောင်က ဒို့နေရာလိုချင်လို့ လုပ်နေတာမဟုတ်ဘူး။ သူယုံကြည်ရာသူလုပ်နေတာ" ဟု ပြော ကြောင်း ကိုချစ်လှိုင်မှတဆင့် ပြန်ပြောသံကြားရသည်။ ကျနော့်ကိုတော့မပြော။ ထိုအခါကကျနော်သည် သူနှင့်သွားတွေ့ရာ "မင်းဘာ လာလုပ်တာလဲ" ဟု ပြုံးကာပြောတတ်သည်။ ကျနော်ကဘာမှပြန်မဖြေ။ "အခုအခြေအနေကို ခင်ဗျားက တာဝန်ရှိတယ်၊ ခင်ဗျားတရား ခံပဲ" ဟုပြောသောအခါ ကိုဗဆွေက မဲ့ပြုံးပြုံးကာ "ဟုတ်တယ်ကွ၊ တကယ်တော့ ဗိုလ်နေ၀င်ကဒို့လူမဟုတ်ဘူး" ဟု ပြောတာကိုမှတ်မိ နေသည်။
ကိုနော်က ဒို့လူဆိုသဖြင့်ခိုက်သွားသည်။ ထိုအခါက ကျနော်တို့သည် လက်နက်မရှိဘဲနှင့် ဗြိတိသျှအင်ပိုင်ယာကို တိုက်ရန်မဖြစ်ဟုနား လည်ကြသည်။ ဆွေးနွေးပွဲတိုင်းကျနော်ပါသည်။ ကျနော်ကသူတို့လက်နက်အကြောင်း ပြောသောအခါ ကျနော်ကဘေးတွင်ထွက်ထိုင် ကာ "သည်ထဲမှာ ကျနော်တော့မပါဘူးဗျ" ဟု ပြောသည်။ သူတို့က ကျနော့်ကိုအတွေးသမား။ အရေးသမားဟုပြောသည်။ တယောက် ကအငေးသမားဟုဆက်သည်။ အငေးသမားဆိုသည့်စကားကို ပြောသည်ကိုတော့မမှတ်မိ။ ကျနော်တို့ဝိုင်းထဲကတော့ဝိုင်းထဲက၊ ကျ နော်တို့တရုပ်ပြည်သို့မရောက်။
ကျနော်တို့ ဘတ်စ်ကားစီး၍ ၀က်တိမ်သို့သွားသောအခါ သိန္နိကို သဘောကျသွားပြီး၊ "ကိုဗဟိန်းရေ ကျနော်တို့တညအိပ် ရအောင်ဗျာ" ဟု ပြောပြီး။ ကျနော်တို့ကားပေါ်မှ ဆင်းခဲ့ကြသည်။ တကယ်ကတော့ ကျနော်တို့တည်းစရာမရှိ၊ ကျနော်တို့ဘိုတဲသို့ သွားရောက်တည်း သောအခါ ဘိုတဲက ကျနော်တို့ကိုပြောသည်။ ဗိုလ်တဲတွင်နိုင်ငံခြား အရာရှိများတည်းပြီး မည်သည့်ဧည့်သည်မှ အတည်းမခံကြောင်း ပြောသည်။ အစောင့်ရှမ်းအမျိုးသမီးများက မြန်မာလိုမပြောတတ်ကြ၊ ဗြိတိသျှအစိုးရထံမှစာများ ကိုပြပြီးကျနော်တို့ကို အတည်းမခံ။ သို့ နှင့်ကျနော်တို့ တရုတ်ပြည်သို့ မရောက်ဘဲပြန်ကြသည်။ ယင်းအကြောင်းများမှာ ယခုသမိုင်းဖြစ်နေသည် မဟုတ်ပါလား။
(ဃ)
၁၉၆၂ နောက်ပိုင်းတွင်ကျနော်တို့ ခေတ်တခေတ် တွေ့ကြုံခံစားရသည်။ ထိုအခါမန္တလေးသို့လည်း ရံဖန်ရံခါရောက်တတ်သည်။ အကြောင်း အမျိုးမျိုးဖြင့် ရောက်ခြင်းဖြစ်သည်။ ကိုလှနှင့်မအမာတို့အိမ်ဝင်မြဲ။ သူတို့အိမ်တွင်လည်း တခါတရံတည်းခိုတတ်သည်။ မအ မာသည်လည်း ယင်းခေတ်များကိုဖြတ်သန်းရင်းက လူထုဒေါ်အမာအဖြစ် ထင်ရှားစပြုလာပေပြီ။ သူမသည်ပြည်သူကိုကိုယ်စားပြုသော ငြိမ်းချမ်းရေးဘက်တော်သား ဖြစ်လာပေပြီ။ မန္တလေးရောက်တိုင်း ကျနော်ဝင်သောအခါ ကိုလှနှင့် စကားပြောဖြစ်သည်က များသည်။ သူတို့ အသိုင်းအ၀ိုင်းသည် မန္တလေးလူငယ်များ၏ အသိုင်းအ၀ိုင်းတွင် ပါဝင်နေသည်ကိုတွေ့ရသည်။ ထိုအခါ သူမသည်ဘာသာပြန်မ ဟုတ်တော့ဘဲ မိမိလေ့လာထားသော ရွှေမန်တင်မောင်၊ ဖိုးစိန်၊ စိန်ဂတုံးစသော သဘင်ပညာရှင်များအကြောင်းကို ပြည်သူချစ်သော အနုပညာရှင်များအမည်ဖြင့် စာအုပ်များရေးသားခဲ့သည်။ သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိလည်း ပါဝင်သည်။
ယင်းသို့ဖြင့် မအမာသည် အနုပညာရေးရာစာအုပ်များ ထုတ်ဝေလျှက်ရှိနေသည်။ လူထုသတင်းစာများ၊ လူထုဂျာနယ်စသော ဂျာနယ် သတင်းစာများတွင် အယ်ဒီတာအဖြစ်ဆောင် ရွက်ရင်းသတင်းစာဆရာ အဖြစ်ရှိနေသည်ကိုတွေ့နိုင်သည်။ အမရပူရမဟာဂန္ဓာရုံကျောင်း ပရ၀ုဏ်တွင် ကျင်းပသောသူမ၏ မွေးနေ့သို့ ကျနော်ရောက်ရှိသွားသည်။ ကျနော်ကတော့ထုံးစံအတိုင်း ရန်သူမရှိ၊ မိတ်ဆွေသာ ရှိ၊ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာဟူသော ငြိမ်းချမ်းရေးစကားပြောပြီး သူတို့ ပေးသောချိုးဖြူငှက်များကို လွှတ်ပေးသည်။ ကျနော်ကတော့ ငြိမ်းချမ်းရေးရသပါသော အနုပညာကို ကျေနပ်ပေသည်။
ကျနော်ပါဝင်ဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ဖင်လန်ပြည်နယ်တွင် ဌာနချုပ်ပြုလုပ်ထားသော ကမ္ဘာ့ငြိမ်းချမ်းရေးကောင် စီကကျနော့်အား သဘာပတိအဖွဲ့ဝင်အဖြစ် ဖိတ်သည်မှာနောက်ဆုံးဖြစ်ရပ်၊ ၁၉၇၀ ကျော်ကဖြစ်မည်။ ယင်းသဘာပတိအဖွဲ့ အစည်းအ ဝေးများကို ဘူလ်ဂေးရီးယားပြည် ဆိုဗီယာတွင်၎င်း၊ ရောမတွင်၎င်းကျင်းပရာ ကျနော့်ထံသို့ဖိတ်စာပို့လိုက်သည်။ လေယာဉ်ပျံလက် မှတ်ပါပါသည်၊ သို့သော် အကြောင်းအကြောင့် ကြောင့်မသွားဖြစ်ခဲ့။
ထို့နောက်တွင်ကား ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီမှာ မရှိတော့ပြီ မအမာသည် လူထုဒေါ်အမာအဖြစ် ကျနော်တို့နှင့်အတူ ငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးတွင် ပါဝင်လျှက်ရှိနေသည်က အမှန်ပင်။ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ ပထမဦးဆုံး ဥက္ကဋ္ဌမှာ နိုဘယ်ဆုရှင် ဒေါက်တာ ဂျိုးလီယက်ကျူရီ၊ ကွယ်လွန်သောအခါ အင်္ဂလန်မှ နိုဘယ်ဆုရှင် ဒေါက်တာဘာနဲယ်၊ သူ၏ဆောင်းပါးကို ကျနော်ကျောင်းသားဘ၀က အင်္ဂလိပ်စာရွေးချယ်မှုတွင် သင်ကြားခဲ့ရဖူးသည်။ နောက်ဆုံး ဥက္ကဋ္ဌမှာ အိန္ဒိယမှ ရိုမက်ချန်ဒရာ၊ ကျနော်ကတော့ ငြိမ်းချမ်းရေးနည်းဖြင့် သာလျှင် ကမ္ဘာ့ငြိမ်းချမ်းရေး ရရှိနိုင်မည် ယုံကြည်ဆဲ၊ မအမာလည်း ယင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပေသည်။
ဒဂုန်တာရာ
ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း အမှတ် (၂၈)၊ နိုဝင်ဘာလ၊ ၂၀၀၉
ယခင် စာမူများ ...
စာမလိပ်ချင်ဘူး....မောင်ဝဏ္ဏ
ဒေါ်မေရှင်၊ ဦးမြတ်လေးနှင့် ကျနော်.... အေးမင်း (မန်းတက္ကသိုလ်)
ကလေးနှင့် စွန့်စားချင်စိတ်.... ဂျူး
ရုပ်ရှင် အနုပညာသစ် ရှာခြင်း.. ဒဂုန်တာရာ
အကယ်ဒမီမင်းသားကြီး မြတ်လေးနဲ့ စကားထွေတလာ... မောင်ညီညွတ်
ဆင်ဖြူတော်မှီ ကြံစုတ်တဲ့စာတွေ... လူထုစိန်ဝင်း
မျက်ခုံးလှုပ်နေရှာပြီဖြစ်တဲ့ မြန်မာ့ လက်ဖက်ရည်ကြမ်းဝိုင်း... လူထုဒေါ်အမာ
မြတ်လေး၏ အတ္ထုပ္ပတ္တိအကျဉ်း.... အယ်ဒီတာ
ဂန္တ၀င်အက်တာ အိုလီဗီယာ... မောင်မြတ်လေး
ဒုတိယယထပ် (ယာ) ၌ အာဖရိကမြင်းကျား မြက်စားခြင်း... မောင်သာချို
ကာလီဖိုးနီးယားမိုနိုလော့ဂ် (၃၆) လျော်ပေတော့... ဂျက်ကွမ်းခြံကုန်း
မြတ်လေးပြောတဲ့ မြတ်လေးအကြောင်း... အယ်ဒီတာတဦး
ပရဟိတ ... မိုးဆက်သစ်
သီတာရဲ့ဇာတ်သိမ်းခန်း ... မောင်သာနိုး
"ဖူးငုံချွေတဲ့လက်"
အမိုးတိုင်းမှာ အိမ်ရှိတယ် ... ဇေယျာလင်း
ယက္ခဂုမ္ဘာန် .... ဒဂုန်တာရာ
|