သမိုင်းကောင်းတဲ့လူထု ပြည်သူချစ်တဲ့ စာရေးဆရာ
လူထုစိန်ဝင်း Monday, December 21, 2009
"ဒီနှစ်နိုဝင်ဘာမှာ ဘာလုပ်ဦးမှာလဲ"
စက်တင်ဘာလကုန်တာနဲ့ စာပေသမားတွေမေးကြတဲ့ မေးခွန်းပါ။ လာသမျှလူတိုင်းမေးကြတာ ဖြစ်တယ်။ တောင်သမန်ကို လွမ်းရှာကြတာကိုး။ အမေလူထုဒေါ်အမာအသက် ၇၀ ပြည့်တဲ့နေ့ကစပြီး လူငယ်စာပေသမားတွေ စတင်လှုံ့ဆော်ကျင်းပခဲ့ တဲ့တောင်သမန်အင်း စောင်းက မွေးနေ့အခန်းအနားကို နှစ်ပေါင်းနှစ်ဆယ်ကျော်နှစ်စဉ် မပျက်တက်ခဲ့ကြတာဆိုတော့လွမ်း သင့်တာပေါ့လေ။ အမေမာကဒါ မျိုးတွေမကြိုက်ပေမယ့် နိုင်ငံတနံတလျားက စာပေသမားလူငယ်၊ လုံမငယ်တွေကိုစုစုစည်း စည်းတွေ့ရတော့ ကြည်နူးရှာတယ်။
ဒါ့ကြောင့် လူငယ်တွေလုပ်ကြတာကို မတားမြစ်တော့ဘူး။ ဒီပွဲကိုလူငယ်လေးတွေသာမက အမေ့ထက်တောင်နည်းနည်းပို ကြီးသေးတဲ့ ရန်ကုန်စာပေလောက စာအုပ်တိုက်ကြီးရဲ့ဖခင်ကြီး သခင်ခင်ညွန့်လိုပုဂ္ဂိုလ်မျိုးလည်း ကြိုးစားပြီးအရောက်လာ လေ့ရှိတယ်။ စာရေးဆရာတွေ စာနယ်ဇင်းသမားတွေသာမကဘူး စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ စတဲ့ဒေသများကကျောင်းသူ ကျောင်းသားအရွယ် ခပ်ငယ်ငယ်လေးတွေလည်း နှစ်စဉ်မပျက်မကွက် ရောက်လာကြတယ်။ ဆရာတော်သံဃာတော်များ လည်း စကု၊ စလင်း၊ မင်းဘူးစတဲ့ဒေသများက ရောက်လာကြတယ်။ ချင်းတောင်တန်းက သံဃာများလည်းနှစ်စဉ်လာလေ့ရှိ တယ်။ နှစ်စဉ်နှစ်တိုင်းရဟန်းရှင်လူ လေး၊ ငါး၊ ခြောက်ရာ လောက်ရောက်လာကြမြဲဖြစ်တယ်။
အမေက ပြည်သူချစ်သောစာရေးဆရာမကြီး တယောက်ဖြစ်တာကိုး။ အမေကလည်း ပြည်သူတွေကိုချစ်ပါတယ်။ အမေ့ဘ၀ တလျှောက်လုံးမှာ ခပ်ငယ်ငယ် ကောလိပ်ကျောင်းသူလေး ဘ၀ကတည်းကိုကပြည်သူတွေနဲ့ တသားတည်းကြအောင်နေခဲ့ တာပါ။ ကိုအောင်ဆန်းတို့ ကိုဘဟိန်းတို့နဲ့အတူ နယ်ချဲ့ဆန့်ကျင်ရေး သပိတ်တပ်ဦးမှာပါခဲ့တာပါ။ တချို့ကျောင်းသားခေါင်း ဆောင်တွေသပိတ်လှန်ပြီး ကျောင်းပြန်ဝင်သွားကြပေမယ့် မန္တလေးက မအမာကတော့ ရာသက်ပန်သပိတ်မှောက်ပြီးကော လိပ်ကိုကျော်ခိုင်းခဲ့ပါတယ်။ အဲဒီနောက်သတင်းစာဆရာမ မအမာ ဖြစ်လာတော့လည်း သူ့ကလောင်နဲ့ သူ့သတင်းစာဟာတ ကယ့်ကို "ပြည်ကြီးပခုံး" "ပြည်ကြီးလက်ရုံး" ဖြစ်ခဲ့ပါတယ်။ တိုင်းပြည်နဲ့လူမျိုး ထိခိုက်နစ်နာစေမယ့် ကိစ္စမှန်သမျှမှာ အမုန်းခံ၊ အညှိုးအတေးခံပြီးတော့ကို ရဲရဲဝံ့ဝံ့ထောက်ပြ ဝေဖန်ရေးသား ခဲ့တာဖြစ်တယ်။
အဲ့ဒါကြောင့်လည်း မန္တလေးကထုတ်တဲ့ စောင်ရေသိပ်များလှတာမဟုတ်တဲ့ "လူထု" သတင်းစာရဲ့သြဇာဟာ တနိုင်ငံလုံးအ ထိညောင်းခဲ့တာဖြစ်ပါတယ်။ ဒီလိုသမိုင်းကောင်းခဲ့လို့လည်း လူထုသတင်းစာဟာ ပြည်သူများရဲ့ အားပေးထောက်ခံမှုကိုရခဲ့ တာပါ။ သတင်းစာသမားဘ၀မှာ မုန်တိုင်းတွေကိုဘယ်လိုခါးစည်းခံပြီး ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ခဲ့ရသလဲဆိုတာ တနိုင်ငံလုံးက သိကြပါတယ်။ ဒါကြောင့်လဲအခုလို "အမေ... အမေ" နဲ့ချစ်နေကြတာပါ။ ချစ်ခင်လေးစားမှုဆိုတာ လုပ်ယူလို့ရတာမျိုးမှ မဟုတ်တာ။ လူတွေရဲ့ရင်ထဲက အလိုလိုဖြစ်လာကြတာလေ။ လူထူသတင်းစာကို စထုတ်တဲ့ (၁၉-၄-၄၆) နေ့ကနေရပ် ဆိုင်းသွားခဲ့ရတဲ့ (၇-၇-၆၇) နေ့အထိတရက်မကျန် ပြန်လှန်ကြည့်ပြီးတော့ဆိုတဲ့ ပေတံနဲ့တိုင်းကြည့် လိုက်မယ်ဆိုရင်.....
၁၉၄၆-၄၇-၄၈ ကာလများ ရန်ကုန်မြို့ကြီး ဖက်ဆစ်ဂျပန်တို့ လက်အောက်ရှိနေဆဲကာလ မန္တလေးကို မဟာမိတ်တပ်တွေ သိမ်းပြီးပြီး ချင်း ဦးလေးလှက ဆရာဦးကျော်ရင် (ပါမေက္ခချုပ်ဟောင်း-ကွယ်လွန်)နဲ့ လက်တွဲပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး ဖ-တ-ပ-လ (ဖဆပလ) ဆိုင်းဘုတ်ကိုတင်ခဲ့ပါတယ်။ ဦးလေးလှဟာနောင်မှ သူ့ကိုထောင်သွင်းအကျဉ်းချထားခဲ့တဲ့ ဖဆပလ အဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့သူ လို့ဆိုနိုင်ပါတယ်။ လူထုသတင်းစာဟာဖတပလနဲ့အတူ လွတ်လပ်ရေးတိုက်ပွဲ "ပြည်ကြီး လက်ရုံး" အဖြစ်ပါဝင်ခဲ့။
၁၉၄၉ ခုဧပြီလ ၂၄ ရက်...။ ဖဆပလအစိုးရက သတင်းစာတိုက်ကို ဒိုင်းနမိုင်းဖြင့် ဖောက်ခွဲခဲ့။
၁၉၄၉ နိုဝင်ဘာလ (၁) ရက်သတင်းစာပြန်ထုတ်ခဲ့။
၁၉၅ ခုမှ ၁၃၅၆ ခုအထိ လူထုဦလေးလှအား ဖဆပလ အစိုးရကပုဒ်မ (၅) ဖြင့်ရန် ကုန်ထောင်ကြီးမှာ ချုပ်နှောင်ထားခဲ့။
၁၉၅၆ ခုမေလ (၁၀) ရက်မှ အောက်တိုဘာ (၁) ရက်အထိ လူထုသတင်းစာအယ်ဒီတာချုပ် ဆရာကြီးရွှေဥဒေါင်းအား ပုဒ်မ (၅) ဖြင့်ဖမ်းဆီးထားခဲ့။
၁၂-၃-၁၉၅၉...သတင်းစာချိတ်ပိတ်ခံရ။
၁၀-၅-၁၉၅၀...သတင်းစာပြန်ထွက်။
၇-၇-၆၇.........သတင်းစာရပ်စဲခံရ။
ဂျပန်ဖက်ဆစ်တို့ရဲ့ အဓမ္မ၀ါဒီကို ပြည်သူတရပ်လုံးနှင့်အတူ တွန်းလှန်တိုက်ခိုက်ခဲ့ပေမယ့် အမေရိကန်က သူ့ရဲ့အသစ်စက် စက် အနုမြူ ဗုံးလက်နက်ဆန်းကို အာရှတိုက်သား ဂျပန်လူမျိုးတွေအပေါ် စမ်းသပ်ဖေါက်ခွဲခဲ့တဲ့ ရာဇ၀တ်မှုကြီးကို ဆန့်ကျင် ရှုတ်ချခဲ့ပါတယ်။ ကိုရီးယားကျွန်းဆွယ်စစ်ပွဲကြီး ဖြစ်လာတဲ့အခါလည်း အမေရိကန်နယ်ချဲ့လက်သစ်တွေက ကုလသမဂ္ဂအဖွဲ့ ကိုခုတုံးလုပ်ပြီးဝင်ရောက်စွက် ဖက်ချယ်လှယ်ခဲ့တာကို ဆန့်ကျင်ခဲ့ပါတယ်။
အမေရိကန်သမ္မတကနေဒီ လုပ်ကြံသတ်ဖြတ်ခံတော့ နိုင်ငံရေးအရလုပ်ကြံသတ်ဖြတ်မှုကို ရှုတ်ချခဲ့ပါတယ်။ အမေရိကန်နယ် ချဲ့ရဲ့လက်ပါးစေအဖြစ် နိုင်ငံကိုနှစ်ခြမ်းခွဲပစ်ခဲ့တဲ့ ငိုဒင်ဇင်း၊ ငိုဒင်နူညီနောင်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ခဲ့ပေမယ့် သူတို့ညီ နောင်ကို စီအိုင်အေက အာဏာသိမ်းပိုက်ပုံသဏ္ဍာန် ဖန်တီးပြီး သတ်ဖြတ်ပစ်ခဲ့တဲ့အမေရိကန် နယ်ချဲ့သမားကိုအပြင်းအ ထန်ရှုတ်ချ ကန့်ကွက်ခဲ့ပါတယ်။ နယ်ချဲ့အရင်းရှင်စနစ်ကြီးကို ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးဖက်က တလျှောက်လုံးထောက်ခံ အားပေးလာခဲ့ပေမယ့် အဲဒီဆိုဗီယက်ကိုယ်တိုင်က နယ်ချဲ့လမ်းစဉ်ကိုလိုက်ပြီး "ဆိုရှယ်နယ်ချဲ့" ဘ၀ကိုကူးပြောင်းသွားတော့လည်း ပြတ်ပြတ်သားသား ဆန့်ကျင်ဝေဖန်ခဲ့ပါတယ်။
ဘာတစ္စတာအာဏာရှင်ရဲ့နယ်ချဲ့လက်ဝေခံအစိုးရကိုတော်လှန်ပုန်ကန်ပြီး ကျူးဘားနိုင်ငံသစ်ကိုထူထောင်ခဲ့တဲ့ ကတ်စ်ထရို ကိုချီးကျူးထောက်ခံခဲ့ပေမယ့် ကိုယ့်နိုင်ငံကို ဆီုဗီယက်ရဲ့လက်ဝေခံ ရုပ်သေးရုပ်အဖြစ်အရောက်ခံခဲ့တဲ့ ကတ်စ်ထရိုကိုတော့ ဝေဖန်ကန့်ကွက်ခဲ့ပါတယ်။ နယ်ချဲ့အမျိုးမျိုးရဲ့ လက်အောက်ကလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဖရိကနဲ့လက် တင်အမေရိကတိုက် ကနယ်ချဲ့ဆန့်ကျင်ရေး တိုက်ပဲဝင်တွေကို ထောက်ခံခဲ့ပေမယ့် လွတ်လပ်ရေးရပြီးနောက် ဖိနှိပ်ချုပ်ချယ် ရေးဝါဒကို ကျင့်သုံးလာကြသူ တွေကိုတော့ဆန့်ကျင် ဝေဖန်ခဲ့ပါတယ်။
ဗြိတိသျှနယ်ချဲ့သမားတွေရဲ့ လက်အောက်ကလွတ်မြောက်ရေးအတွက် ရဲရဲတောက်တိုက်ပွဲဝင်ခဲ့တဲ့ အစ္စရေးနိုင်ငံသားတွေ ကိုယ်တိုင်က ပါလက်စတိုင်းလူမျိုးတွေရဲ့ နယ်မြေကို အဓမ္မသိမ်းယူအခိုင်ကျင်းပခဲ့ပြီး ပါလက်စတိုင်းလူမျိုးတွေကို နိုင်ငံမဲ့လူ မျိုးတွေဖြစ်အောင် လုပ်ခဲ့တာကိုတော့ ဆန့်ကျင်ခဲ့ပါတယ်။
နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲဝင်အိန္ဒိယခေါင်းဆောင်ကြီး နေရူးကိုထောက်ခံခဲ့ပေမယ့် အိမ်နီးချင်း နိုင်ငံလေးတွေဖြစ်ကြတဲ့ နီပေါ၊ ဆစ်ကင်း၊ ဘူတန်နဲ့ သီဟို နိုင်ငံတို့အပေါ် ဗိုကျလွှမ်းမိုးချင်နေတဲ့ နေရူးကိုတော့ ဆန့်ကျင်ဝေ ဖန်ခဲ့ပါတယ်။
အာရှလွှမ်းမိုးရေး ရည်ရွယ်ချက်နဲ့ လက်သစ်ကိုလိုနီနယ်ချဲ့ သမားကဖွဲ့စည်းထူတောင်ခဲ့တဲ့ ဆီးတိုး၊ စင်တိုးစတဲ့အဖွဲ့တွေမှာ တက်ကြွစွာပါဝင်ခဲ့ပြီး ပြည်တွင်းမှာလည်း အဓမ္မ၀ါဒကို ကျင့်သုံးခဲ့တဲ့ မာရှယ်အယွတ်ခန်ရ့ ပါကစ္စတန်နိုင်ငံကိုရှုတ်ချခဲ့ပေ မယ့် ကက်ရ်မီးယားပြည်နယ်ကို အိန္ဒိယက သိမ်းပိုက်စိုးမိုးထားတဲ့ကိစ္စမှာတော့ ပါကစ္စတန်နိုင်ငံဖက်က ထောက်ခံရပ်တည်ခဲ့ ပါတယ်။
ကြားနေနိုင်ငံတခုဖြစ်တဲ့ လောနိုင်ငံရဲ့ဝန်ကြီးချုပ်မင်းသားကြီး သူဝဏ်ဖူးမားကို စီအိုင်အေရဲ့လက်သပ်မွေး စစ်ဗိုလ်တစုက ဖြုတ်ချအာဏာသိမ်းခဲ့စဉ်က မင်းသားကြီးဖက်က ထောက်ခံအားပေးခဲ့ပေမယ့် အာဏာပြန်ရလာတဲ့ အခါကျတော့ မင်းသား ကြီးက သူ့ရဲ့ညီတော်မင်းသားကြီးသူဖါနုဝဏ်ရဲ့ ပသက်လောအဖွဲ့ကို ပြည်တွင်းစစ်ခင်းပြီး တိုက်ခိုက်ခဲ့တာကိုတော့ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။ အဲဒီအချက်တွေဟာ စာမျက်နှာတွေကပြောဖြစ်နေတဲ့ လူထုသတင်းစာရဲ့ သမိုင်းပေါ့။
"နေသောင်းထောင် အရောက်မညှိုးသလိုပ
ပြေကောင်းအောင် ဆောင်မကိုးရယ်လို့
ရွှေဒေါင်းတောင် ကလောင်တမျိုးရယ်နှင့်
တောင်ရိုးမှာ ဆရာကြဲမပေါ့လို့.....။"
ကြွေးကြော်ခဲ့တဲ့ ကျေးဇူးရှင်ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ရှေ့ဆောင်လမ်းညွန်မှုအတိုင်း မဖေါက်မပြန်မသွေမဖယ်၊ ချွေး နဲ့သွေးနဲ့ ရေးခဲ့ကြတဲ့သမိုင်းပါ။ ဒီလိုသမိုင်းကောင်းပြီး တိုင်းပြည်နဲ့လူမျိုးလူမျိုးကို ချစ်တဲ့အတွက် တိုင်းပြည်နဲ့လူမျိုးက ပြန်ချစ်တာပါ။ ကျနော်တို့တတွေဒါကို ကောင်းကောင်းသတိထားသင့်တယ်။ စာရေးဆရာဆိုတာ ပြည်သူစာဖတ်ပရိတ်သတ် အားပေးမှ ရပ်တည်ချင်တာဖြစ်တယ် ပြည်သူကိုမချစ်တဲ့ မငဲ့ကွက်တဲ့စာရေးဆရာမျိုးကို ဘယ်ပြည်သူကချစ်မှာအားပေးမှာ လဲ။ အမေမာလို ပြည်သူချစ်တာက အမေမာက ပြည်သူကိုချစ်လို့ဖြစ်တယ်။ ကျနော်တို့တတွေလည်း ပြည်သူချစ်တာအား ပေးတာခံယူချင်ရင်အမေမာလိုပဲ တသက်လုံးပြည်သူဘက်က ရပ်တည်ရပါလိမ့်မယ်ဆိုတဲ့အကြောင်း နှိုးဆော်လိုက်ရပါတယ်။
လူထုစိန်ဝင်း
ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း အမှတ် (၂၈)၊ နိုဝင်ဘာလ၊ ၂၀၀၉
အခြားဆောင်းပါးများ
ဒလက်တောပုံပြင်
လူထုလှုပ်ရှားမှုနှင့် ဒီမိုကရေစီပြောင်းလဲခြင်းဖြစ်စဉ်
“စစ်လည်း မဖြစ် ငြိမ်းချမ်းရေးလည်း မရ”
(သို့မဟုတ်)
ညွှန်းဆိုချင်တဲ့ စာအုပ်လေးတအုပ်
မီးစင်ကြည့်ကရင်း မီးလောင်ပြာကျတော့မယ့် စစ်အာဏာရှင်အစိုးရ
ရန်ကုန်တက္ကသိုလ်ကျောင်းတိုက်ကြီးရဲ့ ခြောက်ဆယ်စုနှစ်ပုံရိပ်များ
ဆောင်းပါးများ စာမျက်နှာသို့
|