ခင်ဆွေဦး
Wednesday, January 27, 2010
မြန်မာပြည်မှ စာရေးဆရာမတစ်ယာက်၏ အသွင်သဏ္ဌာန် ဘယ်လိုလဲ၊ မှန်းဆကြည့်မည်။
အများတကာ တွေးထင်ထားသည့်အတိုင်းပင် အရပ်မနိမ့်မမြင့် (သာမန် မိန်းကလေးအရပ်ထက်တော့ ပိုရှည်မည်)၊ ပိန်ပိန်သွယ်သွယ် ထူထဲသော မျက်မှန်တစ်လက်အောက်မှ တောက်ပသော မျက်လုံးအစုံ၊ မျက်နှာလုံးလုံး၊ မေးသွယ်ချွန်ကာ လေးကိုင်းသဏ္ဌာန်ထောင့် စွန်းကွေးသော နှုတ်ခမ်းပါးမှ အပြုံးလဲ့လဲ့။ ဤကား စာရေးဆရာစစ်စစ်ဖြစ်အံ့။ အန်တီခင်မျိုးချစ်နှင့် မမကြည်အေးတို့ကို သည်အတိုင်း တွေ့မြင်ရပေမည်။ ထို့ထက် ထူးဆန်းသော တိုက်ဆိုင်မှုတရပ်မှာ အန်တီခင်မျိုးချစ်နှင့် မမကြည်အေးတို့မှာ သားအမိအရင်းသဖွယ်တူ ညီသောရုပ်ရည်ရှိကြသည်။ ပညာရှင်တို့၏ အရည်အချင်းနှင့် ဂုဏ်သိက္ခာ ပြည့်ဝသော ရုပ်ရည်၊ ပြီးနောက်ကျမ ငယ်စဉ်ကတည်းက စွဲလမ်းနှစ်ခြိုက်သော ထက်မြက်သောသဏ္ဌာန်။
အန်တီ့ကို ကျမငယ်စဉ်ဘ၀ကတည်းက မြင်ဖူးခဲ့သည်။ ၀ံသာနု ပင်နီအင်္ကျီရင်စေ့၊ ယောထဘီနှင့်။ စိန်ပွင့်များနှယ် အရောင်တလက် လက်တောက်ပနေသော မျက်လုံးအစုံနှင့်။ ထို့နောက် ၁၉၄၉ ခုနှစ် ကျမခုနှစ်တန်းကျောင်းသူအရွယ် ဖေဖေနှင့်အန်တီတို့ ရုပ်ရှင်အကဲ ဖြတ်လူကြီး (ဆင်ဆာမင်းသား) ဖြစ်လာကြသည့်အခိုက် တပတ်တခါလောက် ရုပ်ရှင်ရုံတို့တွင်ဆုံမိကြသည်။ ဖေဖေ့ကိုသူကဆရာဟု တရိုတသေခေါ်ပြီး ဖေဖေက `ခင်မြ´ ဟု အန်တီ့နာမည်ရင်းကို ချစ်စနိုးနှင့်ခေါ်သည်။ ရုပ်ရှင်ကုမ္ပဏီတွေမှ ကျွေးသောဆိတ်သား ပတ်(ဖ်)မုန့်များ၊ ကိတ်မုန့်များ၊ ရံဖန်ရံခါပေါင်မုန့်ကြော် စသည်တို့ကို လက်ဖက်ရည်နှင့်တကွ တည်ခင်းကျွေးမွေးလျှင် ၀၀ဖိုင့်ဖိုင့်ဖေဖေ ကသိပ်မစားနိုင်။ အန်တီက ဖေဖေထက်နှစ်ဆမက စားနိုင်လေသည်။
“ခင်မြ နင်ကပိန်သေးသေးမို့ အစားပုပ်တာလူသိမှာမဟုတ်ဘူး။ ကြည့်စမ်း။ ပန်းကန်ထဲကမုန့်တွေကုန်သွားတာ ငါလို့ထင်မှာပေါ့။ သွား ငါ့နားလာမထိုင်နဲ့” ဖေဖေကနောက်ပြောင်သည်။
“အဲဒါကြောင့် တမင်ရွေးထိုင်တာပေါ့ ဆရာရဲ့”
တဟက်ဟက်နှင့် ရယ်နေသေးသည်။ ဟန်ပန်လေသံမရှိ။ အပြစ်ကင်းကာ ဖြူစင်သော ကလေးငယ်ပမာ ရယ်နေသေးသည်။
လောကကြီးတွင် အပေါ်ယံပကာသနဖက်၍ ဟန်လုပ်ရသောအလုပ်ကို အမုန်းဆုံးဟု အန်တီမကြာမကြာ စာထဲထည့်ရေးဖူးသည်ထင် ပါသည်။ ထိုစဉ်ကအန်တီသည် အသက် ၃၀ မျှသာရှိဦးမည်။ ဟောလီဝုဒ်မှ အမေရိကန်ရုပ်ရှင်ကားတွေကို အတော်နှံ့နှံ့စပ်စပ်သိနေ သည်။ အင်္ဂလိပ်ဘာသာဖြင့် မဂ္ဂဇင်းတွေဂျာနယ်တွေကို သူ၏လွယ်အိတ်ထဲ အမြဲထည့်ယူလာကာ ဖေဖေ့ကိုပြပြပြီး ပြောနေတတ် သည်။ ကျမမှာအန်တီ ငယ်စဉ်တုန်းကရေးခဲ့သော `ကောလိပ်ကျောင်းသူ´ လုံးချင်းဝတ္ထု၊ `မောင်တို့ယောက်ျား´ လုံးချင်းဝတ္ထုများကို ဖတ်နှင့်ပြီးဖြစ်ရကာ အန်တီ၏ သွက်လက်ဖျတ်လက်သော အရေးအသား၊ ဟာသရသမြောက်သော အခန်းများကို သတိရပြီးတစိမ့်စိမ့် တွေးကာ ရယ်ချင်နေမိသည်။
“ဟာသရသဆိုတာ လောကကို သရုပ်ဖော်ရာမှာ အလွန်ကောင်းတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်”
သောင်းပြောင်းထွေလာ မဂ္ဂဇင်းတွင် `ဟာသရသနှင့်ပြဇာတ်´ ခေါင်းစဉ်အောက်မှ အန်တီရေးခဲ့သော ဆောင်းပါးတွင် ဖော်ပြခဲ့ခြင်းဖြစ် ပါသည်။
“ဟာသပညာကို စနစ်ဇယားချပြီး လေ့လာဖို့လိုပါတယ်၊ အပျော်အပြက်ပဲလို့ ပေါ့ပေါ့တန်တန်ထားလို့ မဖြစ်ပါဘူး။ ဟာသပညာဟာ သဘင်ရဲ့ အသက်အသွေးခဲဖြစ်ပါတယ်” တဲ့။
သူပြောသော စကားတိုင်းတွင် လူ့လောက မတရားမှုများ၊ အမြင်မတော် ကမောက်ကမများကို သရော်သော အမြင်ဖြင့်ကြည့်၍ ပြောပြ တိုင်း ကျမတို့ ရယ်မောကြရသည်။
“မခင်မြက သိပ်ထက်တာ”
မေမေမကြာမကြာ ပြောဖူးသည်။
“ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်ခင် မြန်မာပြည်ကို အင်္ဂလိပ်စာရေးဆရာ H.G. Well (အိပ်ခ်ျ ဂျီ ၀ဲလ်) လာတုန်းက ကိုလိုနီစနစ်အောက်မှာ ဖိနှိပ်ချုပ်ချယ်ခံရတာတွေကို ဓာတ်ပုံတွေပြ၊ ပြောပြတာ သမီးတို့ဖေဖေက သိပ်သဘောကျတာ”
အန်တီ ချောမွေ့ကာလှပသော အင်္ဂလိပ်စကားပြောကို ကမ္ဘာကျော်စာရေးဆရာကြီးက `ငေး´လို့ နားထောင်နေရသည်တဲ့။ ကြယ်ပွင့် နှယ်ပြိုးပြက်သော မျက်လုံးအစုံနှင့် မျက်မှန်လေးတ၀င့်ဝင့်ပင့်တင်ကာ စိတ်လိုက်မာန်ပါပြောဆိုနေသော တက္ကသိုလ်ကျောင်းထွက်စာ ရေးဆရာမလေးမှာ အသက်အရွယ်အားဖြင့် ၁၉ နှစ်ပဲရှိဦးမယ်။ ပင်နီရင်ဖုံးအင်္ကျီနှင့် အနီရောင်တိုင်းရင်းဖြစ် ပခုက္ကူလုံချည်နှစ် နံစပ်၊ ခေါင်းထက်မှသဇင်ပန်းရနံ့များ သင်းသင်းပျံ့ပျံ့မွှေးနေသည်။ အရည်အချင်းပြည့်ကာ ထက်မြက်၍ သတ္တိကောင်းသော မြန်မာမလေး တဦး။ ရယ်လိုက်လျှင်လည်း အားပါးတရရယ်တတ်သည်မို့ ပွင့်လင်းရိုးဖြောင့်သော စရိုက်မှာ အထင်းသားပေါ်လွင်နေပေသည်။
သူ၏ ကလောင်မှာ ဓားသွားကဲ့သို့ ထက်ရုံမက သူပြောဆိုသော စကားတို့သည်လည်း ဓားသွားပမာ ထက်လှသေးသည်။
ကျမနှင့် ကျမတို့မိသားစုသည် အန်တီတို့မိသားစုကို ဆွေမျိုးရင်းခြာပမာ ဆက်ဆံခဲ့ကြသည်။ အန်တီနှင့်ပက်သက်၍ ရေးဖွဲ့စရာအခန်း ကဏ္ဍပေါင်း မြောက်မြားစွာရှိသည်။ စာတအုပ်စာမကရေးဖွဲ့စရာတွေ ကျမမှတ်ဉာဏ်တွင်ရှိနေသည်။ အန်တီ၏တဦးတည်းသားဒေါက် တာခင်မောင်ဝင်းကို ကျမက `အ၀င်း´ ဟုခေါ်လျှင် အန်တီသည်သဘောကျကာ `အ၀င်းတဲ့´ တခစ်ခစ် ရယ်နေတတ်သည်။ အ၀င်းနှင့် ဒဂုန်ဦးငွေသား မောင်ကျော်ဌေးတို့ကားရွယ်တူ။ သူတို့ ၁၀ နှစ်သားအရွယ်တွင် ကျမတို့နေထိုင်ရာ ၅၁ လမ်းနေအိမ်သို့လာရောက် ကစားကြသည်။ မောင်ကျော်ဌေးကား ကျမတို့အိမ်တွင်ညအိပ်ညနေ ဘော်ဒါဆောင်ပမာလာနေသည်။ သူတို့နှစ်ဦးရင်းနှီးချစ်ခင်ကြ သည်။ နောင်တွင်မောင်ကျော်ဌေးကား ရေနှစ်သေဆုံးတော့ အားလုံ ကြေကွဲထိခိုက်ရသည်။ အန်တီမျက်ရည်မဆည်နိုင်။ သံယောဇဉ် ကြီးမား၍တွယ်တာပုံမှာ သူများတကာထက် ပိုသည်ထင်သည်။
အ၀င်းသည် မိမိ (ရွှေရည်ဝင်း) နှင့် အိမ်ထောင်ကျပြီး အမြွှာမောင်နှမမွေးတော့ အန်တီ့ခမျာနေ့မအားညမအား ကလေးထိန်းနေရ သည်။ ကျမအန်တီနေထိုင်ရာ ဧရိပ်သာ (ပြည်ရိပ်သာလမ်း) နေအိမ်သို့သွားလည်တိုင်း ကလေးနှစ်ဦး၏ပုခက်နား တွင်ထိုင်နေတာတွေ့ ရသည်။
“ပုခက်လွှဲတဲ့လက်ကမ္ဘာကို အုပ်စိုးမလားတော့မသိဘူး။ ဒီကလေးတွေပုခက်ထဲကနေ ပုခက်လွှဲတဲ့သူကို အုပ်စိုးနေတာတော့အမှန်ပဲ ခင်ဆွေဦးရေ၊ ညည်းလေး မြေးရရင်တို့ကို ကိုယ်ချင်းစာတတ်လာမယ်”
တဟားဟားနှင့် ရယ်ပြန်သည်။ ကလေးကို ပခုံးပေါ်ထမ်းသိပ်နေသော ဆရာဦးခင်မောင်လတ်ကို မေးငေါ့ပြကာ
“ပုခက်လွှဲသူရဲ့ လင်ယောက်ျားလဲ အဆစ်ပါတယ်”
ပြောရင်းရယ်ပြန်သည်။ စာမရေးနိုင်တာတနှစ်ရှိပြီဟာ ညည်းညူနေသေးသည်။ သူ့ရှေ့တွင် ကလေးငယ်နှစ်ယောက်ကို ထမင်းခွံ့ကျွေး ရင်းကျမအားရှိတ်စပီးယား၏ အလွမ်းဘွဲ့ပြဇာတ်တွေကို ပြောပြရွတ်ပြနေသေးသည်။ မက်(စ်)တ် ပြဇာတ်ထဲမှ ဇာတ်ကောင်၏စကား တွေကိုအလွတ်ရွတ်ပြသည်မှာ မမောမပန်း။ ဟာသပြဇာတ်များ (four great comedies) ကိုပြောရင်း ဟာသအနှစ်သာရ၊ ထုတ်နုတ် ကာပြောပြပြီး အတောမသတ်ရယ်နေလေသည်။ သည်ပြဇာတ်ထဲမှအခန်းတိုင်း စာသားအတော်များများ အလွတ်ရွတ်ပြနိုင်သည်။ ကောင်းလိုက်တဲ့ဦးနှောက်နှင့် သူ၏မှတ်ဉာဏ်။ ကျမမှာ အလွတ်မမှတ်နိုင်သဖြင့် မှတ်စုစာအုပ် ဆောင်ထားရကြောင်းပြောလျှင်
“ညည်းလေးက တယ်ပျင်းတာဘဲ၊ ဖအေနှင့်လုံးဝမတူဘူး။ ဆရာကသိပ်တော်တာ” ဟု ပြောသေးသည်။
ကျမရေးသော `ချစ်ခြင်းဖွဲ့ဆိုမယ်´ မဂ္ဂဇင်းဝတ္ထုရှည်တပုဒ် ငွေတာရီတွင်ပါလာပြီး မကြာမီ ဆရာဦးခင်မောင်လတ်နှင့် အန်တီတို့တကူး တကကားငှားကာ ကျမအိမ်သို့ ပေါက်ချလာကာ
“ကွန်ဂရက်ကျူလေရှင်း ခင်ဆွေဦး” ဟု ၀မ်းသာအယ်လဲပြောလာကြသည်။ သူတို့အားပေးပုံ အားပေးနည်းကို ကျမပီတိဖြစ်ရကြည်နူး ရသည်။ ဆက်လက်ကြိုးစားချင်စိတ်ကို လှုံ့ဆော်ပေးလိုက်သလိုပင်။
တရားသူကြီး ဦးမြင့်သိန်းက ဂါဒီးယန်းသတင်းစာတွင် ကျမ၏ `ဖြူဖြူဖွေးဖွေး´ ဆိုသောဝတ္ထူတိုကို အင်္ဂလိပ်ဘာသာ ပြန်ဆိုထည့်ပြီး ဦးမြင့်သိန်းနှင့် ကျမတို့နှစ်ဦးဆုံစည်းဖို့ရာ အန်တီ့နေအိမ်သို့ဖိတ်လေသည်။ အန်တီခင်မင်ရင်းနှီးသော ဆရာထင်လင်း။ ဦးလေးသော် တာဆွေ၊ မမကြည်အေးတို့ပါ ဖိတ်သည်။
“ကြည်ကြည်လဲ လာလိမ့်မယ်၊ ခင်ဆွေဦးနဲ့ စကားပြောလို့ကောင်းလို့တဲ့၊ အချိန်ရှိတယ်မဟုတ်လား၊ တနေကုန်နေနော်”
မိုးလယ်နေ့တနေ့၊ နေသာလျက်နှင့် မိုးဖွဲဖွဲကျနေသည်။ အန်တီ့ခြံထဲမှ ဇွန်ပန်းရနံ့၊ စပယ်ပန်းရနံ့များ သင်းပျံ့နေသည်။ အန်တီက ဘဲ သားဆီချက် လုပ်ကျွေးဖို့ ပြင်ဆင်နေရာ ကျမ ၀ိုင်းကူညီ လုပ်ကိုင်လာခဲ့သေးသည်။
“ငါ့သမီးလာတော့ အန်တီသက်သာတာပေါ့”
“အမယ် နင်က လုပ်တတ်လို့လား”
ဦးလေးသော်တာဆွေက ကျမကို မယုံမကြည်နှင့် မေးလာလေသည်။
“အမယ် လုပ်တတ်တာပေါ့” ကျမဖြေအပြီးတွင်
“ပျက်မှာပဲ၊ စားကောင်းမှာ မဟုတ်ပါဘူး” ဦးလေးဆွေက မျက်နှာရှုံ့ကာ ပြောလိုက်သည်။
အန်တီက ကျမဘက်က
“နင်ကလည်း ပါးလ်စ်ဘက်ခ်ရဲ့ This Proud Heart (ဤမာန) ထဲကလိုပေါ့ဟဲ့၊ ဒီထဲက ဇာတ်လိုက်မလေး ဆူခင်းဟာ ပန်းပုထုတော် သလို အိမ်ထောင်မှုလည်းနိုင်နင်းတာပဲ”
အန်တီက သူ့ထုံးစံအတိုင်း ၀တ္ထုထဲမှ စာပိုဒ်များကို အင်္ဂင်္လိပ်ဘာသာဖြင့် တရစပ်ရွတ်ပြနေသေးသည်။
“တနေ့တခြား သူခုံမင်လာခဲ့သည်။ အိမ်ကလေး၏အလုပ်များကို လုပ်ရသည်နှင့်ပင် သူ၏လက်များက ကျေနပ်ကြသည်။ အိမ်အပြင်အ ဆင်ကိုအသစ်အသစ်ပြင်ကာ စိတ်ကူးရသလို အလှဆင်ချင်တိုင်း ပရိဘောဂများကို အကျနဆုံးနေရာချလေ့ရှိသည်။ ပြီးလျှင်မူမီးဖိုခန်း သို့ဝင်၍ ချက်နည်းပြုတ်နည်း စာအုပ်တပိုက်ပိုက်နှင့် အစားအသောက် စီစဉ်ချက်ပြုတ်မည်။ အားလုံးပြီးလျှင်တော့ ကျေနပ်ရောင့်ရဲ၍ မာ့(က်) ပြန်အလာကို စောင့်၏”
ကျမတွင် တသက်လုံးအရိုးစွဲခဲ့သော အယူအဆဖြစ်သည်။ မိန်းမဘ၀ မီးဖိုချောင်ထဲဝင်ပြီး အိမ်မှုကိစ္စတွင်နစ်မြုပ်ကာ ဘ၀အရှုံးဖြစ်ရ သည်ဟူသော အတွေးတို့ကို အန်တီကပြောင်းလဲစေခဲ့သည်။ ပင်ပန်းညည်းညူခဲ့ရသော အိမ်မှုကိစ္စအ၀၀ အလုပ်အတွက် အရင်တုန်း ကလိုဝန်ထုပ်ဝန်ပိုး မဖြစ်တော့။ ပန်းကန်ဆေးခြင်းသည်လည်း အနုပညာတစ်ရပ်ဟု အဆိုတော်ခင်ဝမ်းက နောင်တွင်ပြောကြားလာခဲ့ ရာအားလုံးသော အလုပ်များ (အသေးအဖွဲကအစ) ကျမအတွက် ပျော်စရာလိုဖြစ်ခဲ့သည်။ ထို့ကြောင့် ဟင်းချက်ကောင်းသော မိုးမိုး (အင်လျား)၊ သီချင်းဆရာမယံယံ၊ စာရေးဆရာမဂျူး၊ မသိင်္ဂီ (ပန်းချီ) တို့သည်ကျမနှင့်ဘ၀တူများ ဖြစ်ကြသည်။ အမြင်ကျယ်သောအန် တီ၏ဉာဏ်ပညာသည် ကြီးမားပါဘိ။
ကျမ စပယ်ဖြူမဂ္ဂဇင်းထုတ်ဝေတော့ အန်တီသည် လစဉ်ဆောင်းပါးများ ရေးပါးရခြင်းဖြင့် ကူညီလေသည်။ မိန်းမတို့လွတ်မြောက်ရေး နှင့် ပက်သက်သော အန်တီ့ဆောင်းပါးများကို စာဖတ်သူများ ကြိုက်နှစ်သက်ကြလေသည်။ အန်တီ၏သမီးချွေးမ မိမိကို ရွှေရည်ဝင်း ကလောင်အမည်နှင့် အင်္ဂလိပ်ဘာသာပြန် ၀တ္ထုတိုများ၊ ဆောင်းပါးများ အရေးခိုင်းလေသည်။
အန်တီရေးခဲ့သော စာလေးတစောင်မှာ လွမ်းစရာအမှတ်အသားအဖြစ်ကျန်ရစ်သည်။
ဆောင်းပါးရေးပြီးပါပြီ၊ ဒါပေမယ့် ခင်ဆွေဦးနဲ့ ကိုယ်တိုင်တွေ့ပြီး ပြောစရာတွေရှိသေးတယ်၊ ကလေးတွေချည်းမလွှတ်ပါနဲ့၊ ကိုယ်တိုင် လည်းလာပါဦး၊ အန်တီ့မှာပေးစရာတွေရှိပါသေးတယ်၊ အခုလူကြုံလို့ စာရေးလိုက်တာပါ။
အန်တီခင်မျိုးချစ်
ကျမတွင်အလုပ်တွေပိ၍ အန်တီ့ဆီမရောက်လျှင် အန်တီသည်ကျမအလုပ်တိုက်ရှိရာ ၃၄ လမ်းသို့သော်လည်းကောင်း၊ ကျမနေထိုင် ရာ သာယာအေးလမ်း နေအိမ်သို့သော်လည်းကောင်း ရောက်လာတတ်လေသည်။ ၁၉၈၄၊ ၈၅၊ ၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိအန်တီ အပြင်သို့ သွားနိုင်လာနိုင်သေးသည်။ ကျန်းမာရေးအတန်အသင့် ကောင်းသေးသည်။ သို့သော်ဆယ်နှစ်ကျော်ကျော် ကာလအတွင်း ကျန်းမာရေး တစတစချို့တဲ့လာသော အန်တီ့အတွက် အားလုံးစိုးရိမ်ပူပင်ကြောင့်ကြရသည်။ အန်တီကတော့ အရယ်အမောမပျက် ဟာသစွက်လျက် စကားတွေဖောင်ဖွဲ့ပြောနိုင်တုန်းပင်။ အန်တီ့ပြောစကားများကို နားထောင်ချင်လှသော်လည်း တိုက်ပွဲသဏ္ဍာန်ရုန်း ကန်ရသောလူ့ဘ၀တွင် အန်တီ့ဆီ အသွားအလာကျဲပါးသွားလေသည်။ အန်တီနှင့် နှစ်အနည်းငယ်ဝေးခဲ့လေသည်။
၁၉၂၂ ခုနှစ်၊ ကျမသည်ကန်တော်လေး (ကလျမဂ္ဂဇင်း) မှ အပြန် ၄၅ ကားစီးလာရာကျမနေထိုင်ရာ သမိုင်းရောက်ခါနီးတွင် ဘာသာ ဈေးရှေ့ကားဘရိတ်ပေါက်ပြီး ရှေ့မှအုတ်တင်လာသော လော်ရီကားဝင်တိုက်သဖြင့် ကျမခါးရိုးမှပေါင်အထိ ဒဏ်ရာဖြင့်အိပ်ရာထဲနှစ် လသာသာလဲခဲ့ဖူးသည်။ အန်တီက သတင်းကြားပြီး ရွှေကူးမေနှင်းကိုငွေထုတ်ပေးကာ…
“ခင်ဆွေဦးဆီ တခုခုဝယ်သွားပြီး သွားကြည့်ပါဦး၊ ကားတိုက်ခံရတာ ဘယ့်နှယ်နေလဲ၊ သက်သာပြီလားမေးခဲ့”
မေနှင်းက စထရောဘယ်ရီခြင်း နှစ်ခြင်းဝယ်လာပြီး ကျမနေထိုင်ရာ ဦးဖိုးမှန်လမ်းနေအိမ်သို့ မောကြီးပန်းကြီး ပေါက်ချလာသည်။
“အန်တီက တော်တော်စိတ်ပူနေတာ မမဦးရဲ့၊ ခုလို ထိုင်နေတာ တွေ့ရလို့ တော်ပါသေးရဲ့”
“မတ်တတ်တော့ မရပ်နိုင်သေးဘူး။ တရုတ်တိုင်းရင်းဆရာနဲ့ ဆက်ကုနေတယ်၊ တော်တော်ကောင်းသွားပြီလို့ ပြောလိုက်နော်၊ မကြာ ခင် လမ်းလျှောက်နိုင်လာမှာပါ”
“သက်သာပြီလို့ ပြောလိုက်ပါမယ်၊ နို့မဟုတ်ရင် အန်တီစိုးရိမ်နေတာ”
နောက်နှစ်လအကြာ ကျမ လမ်းလျှောက်နိုင်စပြုသော အချိန်တွင် အန်တီ့ဆီရောက်တော့ အန်တီ ပြုံးမလိုမဲ့မလိုနှင့်
“မိုးမိုးတစ်ယောက် ဆုံးသွားပြီ၊ တော်ရောပေါ့ကွယ်၊ ခင်ဆွေဦးက လိုက်မသေပါနဲ့ဦး”
ပြောလိုက်သည့်အခါ အတော်ပင်ချည့်နဲ့နဲ့ဖြစ်ပြီး ရုပ်အဆင်းပျက်နေသော အန်တီ့မျက်နှာကို မကြည့်ရက်တော့ဘဲ သူ့လက်သေးသေး လေးကို ကျမလှမ်းကိုင်ပြီး
“ခုတော့ တုံးကျော်ပါပြီ အန်တီရဲ့”
ရယ်ရင်း မျက်ရည်တွေလည်လာမိသည်။ အန်တီကလည်းသူ့မျက်လုံးအိမ်မှ ထွက်ကျလာသော ဝေဒနာမျက်ရည်ရော စိတ်ကြောင့် ကြေကွဲရသောမျက်ရည်တွေရော လက်ကိုင်ပြီဝါနှင့်သုတ်ပြီး တခစ်ခစ်နှင့်ရယ်နေပြန်သည်။
နောက် ၁၉၉၃ ခုနှစ်တွင် ဆရာကြီးဂိုအင်ကာဂျီ ဦးစီးဖွင့်လှစ်သော ငါးထပ်ကြီးဘုရားလမ်းမှ `ဓမ္မဇောတိက´ ရိပ်သာတွင်အန်တီသည် သူနာပြုဆရာမတစ်ဦးနှင့် တရားစခန်းလာဝင်သေးသည်။ ကျမစိတ်ထဲ ကြည်နူးဝမ်းသာလိုက်သည်ဖြစ်ခြင်း။ ကျမသည်ဓမ္မလုပ်သား အဖြစ်အဆောင်တွင် ညအိပ်ညနေနေကာ ဒေါ်ဒေါ်မာ(လူထု) နှင့် အန်တီတို့ကို စောင့်ရှောက်ခွင့်ကြုံခဲ့ပါသည်။ နံနက်ခင်းစာစားချိန် ထမင်းအစားနည်းသော အန်တီ့အတွက်ကျမက ထမင်းစားခန်းမှ ကော်ဖီနှစ်ခွက်ယူလာကာ ချပေးလေသည်။ ဓမ္မလုပ်သားအဖြစ် ထမင်းစားခန်းတာဝန်ထမ်းဖက် အမေရိကန်သူ Debbie က သူ့စည်းကမ်းအတိုင်း …
“ဘာလို့သူက ကော်ဖီနှစ်ခွက်ပေးရတာလဲ”
“သူက ထမင်းအစားနည်းတယ်၊ သူနာပြုနဲ့တောင် တရားလာထိုင်ရတာ၊ ဒါပေမယ့်သူ့ကို easy chair (ပက်လက်ကုလားထိုင်) ပေး တာတောင်မယူဘဲ ဒီအတိုင်း ကြမ်းပြင်ပေါ်ထိုင်တာ ရှင်တို့လည်းတွေ့သားပဲဟာ၊ ဘာလဲဒီကိစ္စဆရာကြီးကို ခွင့်တောင်းရမလား”
ကျမကခပ်စွာစွာပြန်မေးတော့ ဒက်ဘီက ပျာပျာသလဲနှင့်
“အို ရပါတယ် ရပါတယ်၊ လူတစ်ယောက် ကော်ဖီနှစ်ခွက်ပေးတော့ ကျမသိပ်မရှင်းလို့ပါ”
ကျမကော်ဖီနှစ်ခွက်ကို အန်တီ့ရှေ့ချပေးတိုင်း အန်တီကကလေးလေးလို တခစ်ခစ်ရယ်နေပါတော့သည်။ ရိပ်သာတွင်အန်တီ့ကျန်းမာ ရေးအတန်အသင့် ကောင်းလာပါသည်။ အန်တီရိပ်သာမှမပြန်ခင် ကျမ၏မှတ်စုစာအုပ်တွင် သူ၏လက်ရေးနှင့် ကော်လာရစ်(ခ်ျ) Coleridge ကဗျာတစ်ပုဒ်ရေးပေးခဲ့သေးသည်။ အန်တီကကျမ၏ပါးကို အသာလိမ်ဆွဲကာ
“အိမ်လဲ ခဏခဏလာနော်၊ ကျန်းမာရေး လည်းဂရုစိုက်ဟုတ်လား”
ကျမသည် ရိပ်သာမှအပြန် အန်တီရေးပေးသော ကဗျာကို ဖတ်တိုင်း အလွမ်းပြေရသည်။
Oh happy living things.
No tongue their beauty might declare
A spring of love gushed from my heart
And I blessed them unaware
Coleridge
Khin Myo Chit
9.11.93
အိုး၊ ပျော်စရာ သက်ရှိ သက်မဲ့အရာတွေ
သူတို့ရဲ့ အလှကို ဘယ်သူမှ မကြေညာကြပါလား။
ကျွန်တော့်နှလုံးသားထဲကတော့ အချစ်ပွင့်လင်းရာသီ
တရစပ်ထွက်ခဲ့ပေါ့၊
အလှတရားအားလုံးကို လူမသိ သူမသိ ကောင်းချီးပေး
သာဓုခေါ်ပါရဲ့။
ခင် ဆွေ ဦး ။
ပိတောက်ပွင့်သစ်
စာပေအနုပညာမဂ္ဂဇင်း
အမှတ် (၂၉)၊ ဒီဇင်ဘာလ၊ ၂၀၀၉
ယခင်စာမူများ...
မဟာကဗျာ .... ပါရဂူ
မေတ္တာပွင့်လင်းရာသီများ.... ခင်ဆွေဦး
လူငယ် ဘလော့ခ်နှင့် .... လူထုစိန်ဝင်း
ခင်မျိုးချစ် ... ပါရဂူ
ကြောင်မီးကျွတ်သွားခြင်း... အီကြာကွေး
သမိုင်းကောင်းတဲ့လူထု ပြည်သူချစ်တဲ့ စာရေးဆရာ ... လူထုစိန်ဝင်း
ဒေါ်ဒေါ် (လူထုဒေါ်အမာ) ... မောင်မိုးသူ
မြမဉ္ဖူနှင့် သမိုင်းခေတ်များ ... ဒဂုန်တာရာ
ဒေါ်ဒေါ်သို့အလွမ်းစာ ... သိမ်းမောင် (စန္ဒရား)
ရာပြည့်ပါရဂူ ... ဒဂုန်တာရာ
ကြက်တူရွေးနှင့် ကျီးကန်း ... ပါရဂူ
ပျော်ပါးမော်ကြွား တို့စာပေသမား ... ကြူးနစ်
"အိုမင်းရင့်ရော်တော့ အမေ့မေ့အလျော့လျော့နဲ့ပါ" ... လူထုဒေါ်အမာ
လိုတဲ့စကားလုံး .... ထွဏ်းသွေးအိမ်
နီရိုး ... မိနှောင်း
အမြန်ချောခေတ်မှာလည်း သတိရ ... လူထုဒေါ်အမာ
"ဖူးငုံချွေတဲ့လက်"
အမိုးတိုင်းမှာ အိမ်ရှိတယ် ... ဇေယျာလင်း
ယက္ခဂုမ္ဘာန် .... ဒဂုန်တာရာ
ပြည်တွင်းခေတ်ပြိုင်ရနံ့ စာမျက်နှာသို့
|