Monday, January 04, 2010
အီကြာကွေး






"ယောက်က္ခမကို... ခေါင်းတုံးတုံး၍...နှပ်ချေးနဲ့နယ်...တဘတ်ဘတ်မြည်အောင် ရိုက်ကြပါကွယ်... တူနယ်... တဲ့နယ်... တဲ့နယ်... တူ နယ်" ဤအသံကြားသည်နှင့် ရပ်ကွက်ကဟားကြလေသည်။ အင်း..သူ့မိသားစုခမျာမှာတော့ မဟားနိုင်ရှာ။ ကြောက်လွန်းလို့တုန်နေကြ ပြီ။ ကြောင်မီးတယောက် မူးလာပြန်ပြီ။

ကြောင်မီးဆိုသည်မှာ နာမည်အရင်းမဟုတ်၊ အင်မတန်မှမူးလွန်း၊ ဆိုးလွန်း၊ သောင်းကျန်းလွန်းသဖြင့်အရပ်ကပေးထားသော နာမည်ပျက်၊ နာမည်ပြောင်ဖြစ်သည်။ နာမည်ရင်းက ကြောင်မီးနှင့်ပြောင်းပြန် ကြီးမောင်ပါ။ မိဆွေကမေဆွိ၊ မချိုက မိုချ၊ ကန်တော်ကြီးက ကီးတော်ကျန် ပြောင်းပြန်နာမည်လေးတွေက ချစ်စရာကောင်းသလောက် ကြီးမောင်ကြောင်မီးဆိုတာကြီး ကမူတညှိုးကြီးဖြစ်နေသည်။ ချစ်စရာကောင်းရမည့်အစား ဟားစရာကောင်းနေသည်။ အစကတော့ ကြောင်မီးတယောက်အ ရက်ကိုအပျော် သောက်ခဲ့တာပါ။ ပင်ကိုယ်ကပျော်တတ်သူဆိုတော့ အလကားနေရင်းလည်း ပျော်နေတာပဲ။ အရက်သောက် တော့မူးမူးနှင့် ပိုပျော်သည်ဆိုပြီး သောက်ခဲ့ခြင်းဖြစ်သည်။

အရက်၏ထုံးစံအတိုင်း အပျော်သောက်ရင်းသောက်ရင်းမှ ရေချိန်တက်လာသည်။ ခန္ဓာကိုယ်ထဲမှအာရုံကြောတွေက အယ်လ် ကိုဟော၏ဒဏ်ကို ခံနိုင်ရည်ရှိလာကြသည်။ တခွက်နှင့်မဖြုံတော့ နှစ်ခွက်။ တပက်နှင့်မတိုးတော့ နှစ်ပက်စသည်ဖြင့်အရက် ရေချိန်တဆင့်ထက် တဆင့်မြင့်လာသည်။ ပထမတခွက်တွင် လူကအရက်ကိုသောက်သည်။ ဒုတိယတခွက်တွင် အရက်က အရက်ကိုသောက်သည်။ တတိယတခွက်မှာတော့ အရက်ကလူကိုသောက်တော့သည်။ ကြောင်မီးကစတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ၊ သတ္တမ မရေမတွက်နိုင်အောင်သောက်နေ သူဆိုတော့ ကျန်းမာရေးကို အရက်ကပြန်သောက်နေသည်မှာ အတော်ကြာနေပြီ။

သို့သော် ကြောင်မီးကားယနေ့အထိ နောင်တမရသေး။ အရက်ကျွန်ဘ၀မှ မလွတ်မြောက်သေး။ သောက်ကောင်းကောင်းနှင့် အတိုင်းအဆမရှိနေ့စဉ်ရက်ဆက် ဆက်သောက်နေသည်။ အရက်၏ဒဏ်ကြောင့် လူရုပ်ပင်ကောင်းကောင်မပေါ်ချင်တော့ပေ အသားတွေကနီစပ် စပ်ပွစိစိ၊ ခြေခုံတွေက ခပ်အမ်းအမ်း၊ ဗိုက်ကပူဖောင်းဖောင်း ၀ါရင့်အရက်ချိုးပုံထွက်နေသည်။

"ဧကော...ဘ၀ဂ်..ဒွိ...ပဏ္ဏိတံ.. တြိ...ဒဿနံ...စတု..သူနက္ခံတဲ့။ ဧကော တခွက်သောက်သည်ရှိသော်...ဘ၀ဂ် အထက်သို့ ရောက်နေသလိုမြောက်လာ၏ ဒွိ နှစ်ခွက်သောက်သည်ရှိသော်-ပဏ္ဏိတံ အရာရာကို နှံ့သိသောပညာရှိဖြစ်လာ၏ တြိ သုံးခွက် သောက်သည်ရှိသော်-ဒဿနံ အတွေးအမြင်နက်ရှိုင်းသော ဒဿနဆရာကြီးဖြစ်လာ၏။ စတု လေးခွက်သောက်သည်ရှိသော် မူကား- သုနက္ခံလေးဘက်ထောက်၍ ခွေးဘ၀သို့ရောက်လေသတည်း"

ဤကားအရက်နှင့် ပတ်သက်သောကြောင်မီး၏ အဆိုအမိန့်ဖြစ်သည်။ စတု-သုနက္ခံ ဖြစ်လုဆဲအချိန်တွင် (ယောက္ခမကိုခေါင်း တုံးတုံး၍) သီချင်းပြောင်ကိုဆိုလေ့ရှိသည်။ ဤသီချင်းဆိုလာလျှင် သူရေချိန်ကိုက်လာပြီ။ သိုင်းကွက်နင်း၍တလမ်းလုံးကိုသူ တယောက်တည်းနှင့် အပြည့်လျှောက်လာပြီး။ မောင်းလာသောကားက ရှောင်သွားသော်လည်း ရပ်ထားသောကားကိုသူက ၀င်တိုက်ပြီး လမ်းဘေးဓါတ်တိုင်မှ လင်းနေသောမီးလုံးကို မော့ကြည့်ကာ..."ဟဲ့ကောင်မ...မီတာတက်မှာကိုမကြောက်လို့နင် ကမီးဖွင့်ထားတာလား...ခုပိတ်လိုက်စမ်း" ဟုလှမ်းဟောက်တတ်သည်။ ကြောင်မီးမူးလာလျှင် စာကလေးတို့ဆိုက်ကားသမား တွေကလည်း ဝေးဝေးကရှောင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဆိုက်ကားတက်စီးပြီး ဟိုသူငယ်ချင်းအိမ်ပို့ခိုင်း၊ ဒီသူငယ် ချင်းအိမ်ပို့ခိုင်း၊ ဟိုလူ့သွားနှောက်ယှက်၊ ဒီလူ့သွားနှောက်ယှက် အရပ်လည်ကာဒုက္ခပေးပြီးမှ အိမ်ပြန်သည်။ ဆိုက်ကားခ တောင်းတော့ မနက်မှယူတဲ့။ မနက်ကျတောင်းတော့လည်း ညကပေးပြီးပြီတဲ့။ ဘယ်တော့မှတောင်းမရ။

တခါကဆိုက်ကားသမား အသစ်လေးတယောက်သည် အရက်ဆိုင်ရှေ့တွင် ကြောင်မီးနှင့်ဆုံသည်။ ကြောင်မီးကအရက်မူးမူး ဖြင့်ဆိုင်ထဲမှထွက်လာပြီး ဆိုက်ကားပေါ်တက်ထိုင်သည်။ ဘယ်ပို့ရမလဲဆရာဆိုတော့ နေဦးငါစဉ်းစားဦးမယ်တဲ့။ ဇက်အကျိုး သားနှင့်စဉ်းစားနေပြီမှ ခေါင်းမော့ကြည့်သည်။ အရက်ဆိုင်ဆိုင်းဘုတ်ကို မြင်သောအခါ "ဟိုက်... ရှာလပတ်ရည် ငါသွားမှာဒီ နေရာပဲကွ"ဟု ပြောပြီးဆင်းသွားသည်။ ထွက်လာသောဆိုင်ထဲသို့ ပြန်ဝင်သွားသည်။ ဆိုက်ကားသမား အသစ်ကလေးမှာရူး ချင်ချင်ဖြစ်ကျန်ခဲ့လေသည်။

"အို....ဘာတဲ့တုန်းဟ..ဘာမှမဟုတ်ဘူး..ယောက္ခမကို...ခေါင်းတုံးတုံး၍နှပ်ချေးနဲ့နယ်....တဘတ်ဘတ်မြည်အောင်ရိုက်ကြပါ ကွယ် .. တူနယ်..တဲ့နယ်.. တဲ့နယ်..တူနယ်"

တကယ်.အရိုက်ခံတာက ယောက္ခမ မဟုတ်မယားဖြစ်သည်။ ထွက်ကြိုတာနောက်ကျလို့ဆိုပြီး အပြစ်မရှိအပြစ်ရှာကာရိုက် ခြင်းဖြစ်သည်။ မယားဖြစ်သူမှာ လင်ဆိုးမယားတဖားဖားဘ၀ဖြင့် ကြောင်မီးနှိပ်စက်သမျှခံနေရသည်။ သားသုံးယောက်မွေး ထားရာအကြီးကောင်နှင့် အလတ်ကောင်တို့လည်း မကြာမကြာအရိုက်ခံရသည်။ အငယ်ဆုံးသားလေးမှာ သုံးနှစ်ကျော်ကျော် သာရှိသေးသဖြင့် သူတယောက်သာ ကံကောင်းစွာကင်းလွတ်ခွင့်ရနေသည်။ ကြောင်မီး၏ယောက္ခမ ယောင်္ကျားသူကြီးမှာ ဘုရားတရားသမားဖြစ်သည်။ ဘာသာရေးကိုင်းရှိုင်းသည်။ ရှေးအဘိုးကြီးပီပီ သျှောင်ထုံးကြီးနှင့်ဖြစ်သည်။ ကြောင်မီး၏ ယောက္ခမကိုခေါင်းတုံးတုံး၍ သီချင်းကြောင့်ဒီ ကောင်အ၀ီစိသွားမယ့်ကောင်ဟု ပြောပြီးပြန်သွားသည်။ နောက်မလာတော့ မယားလုပ်သူက ကြောင်မီးလိမ္မာလို လိမ္မာငြားဆိုပြီး (အရက်သမား အမှားတထောင်) စာအုပ်ကိုဖတ်ခိုင်းသည်။ ကြောင်မီး ကမဖတ်။ စာအုပ်နာမည်ကို မှတ်ထားပြီးညမူးပြန်လာသောအခါ အော်သည်ကား...

"အရက်သမား အမှားတစ်ထောင် အမှန်တသောင်း ဘယ်ကောင်ပြောချင်သေးသလဲ ပြောတဲ့ကောင် ကြောင်မီးနဲ့တွေ့မယ်"

မယားကရော အပေါင်းအသင်းတွေကရော သဗ္ဗေ္ဗသတ္တာ ကမ္မသကာဆိုပြီး ကြောင်မီးကိုလက်လျော့ထားလိုက်ကြပြီး ကြောင် မီးဆိုတဲ့ကောင်ကလည်း လူမိုက်ကံကောင်း တလောကအရက်တွေ အဆိပ်ဖြစ်ပြီးသေကြတုန်း ဒီကောင်ပါမသွား။ သောက် ဖော်သောက်ဖက် အရက်သမားတွေ၏ မသာကိုလိုက်ပို့ရင်း ခွေးသူခိုးက အော်ကြီးဟစ်ကျယ်ငိုခဲ့သေးသည်။ ကိုယ့်လူသေရွာ သွားတော့ ငါဘယ်သူနဲ့သွားသောက်ရမလဲတဲ့။ တနေ့သောအခါ သူ့ဒဏ်မခံနိုင်တော့သောသူ့မယားက ဂုရုကွေးထံအကြံ ဉာဏ်လာတောင်းသည်။ ဒီကိစ္စနှင့်ပတ်သက်၍ဂုရုကြီးတနည်းနည်းတော့ ကြည့်လုပ်ပေးပါဦးတဲ့။ ဂုရုကွေးသည်ရှေ့တလက် မနောက်ပြောင် ခေါင်းတုံးဆံတောက်အသစ်ကျပ်ချွတ်ကို နောက်စိသုံးချက်ပွတ်လိုက်ရာ ထူးမြတ်သောအကြံဉာဏ်တချက် ၀င်းကနဲ လက်လာသည်။

"ကဲ..ကဲ.. သူပြန်မလာခင်အရက် တပိုင်းဝယ်ထား။ ငါပြောသလို တိတိကျကျလုပ်။ တနေ့မရရင်နေ့စဉ်လုပ်"

ကျားနှင့်ဆင်လယ်ပြင်မှာတွေ့သလို ကြောင်မီးနှင့် သူ့မိသားစုထိုညနေမှာတွေ့ကြပြီ။ ကြောင်မီးသည် ရေချိန်ကိုက်လာ၍ထုံးစံ အတိုင်းဆိုနေကျသီချင်းကိုဆို၍ ပြန်လာ၏ အိမ်ဝတွင်ထွက်ကြိုနေကျ မယားကိုမတွေ့ရ။ အိမ်တံခါးကဟင်းလင်းပွင့်နေ သည်။

"ဟဲ့ကောင်မ...အေးတင်..အေးတင် နင်ဘယ်မှာလဲ"

ဟိုက်..ရှာလပတ်ရည်။ အရက်နံတွေနှင့် တအိမ်လုံးဟောင်နေပါလား။ သေသေချာချာကြည်လိုက်မှ မယားရောသားသုံး ယောက်ပါကြမ်းပေါ်မှာ ဟိုတယောက်ဒီတယောက် လဲနေကြသည်။ တယောက်ခြေထောက်ကို တယောက်ခေါင်းပြုရင်းဖရိုဖ ရဲလဲနေကြသည်။ သူတို့ကိုယ်တွေက အရက်နံတွေတထောင်းထောင်း ထွက်နေသည်။

"ငါ့ကို အေးတင်လို့ခေါ်တာဘူလဲ..ငါဒီမှာလဲနေတာ မမြင်ဘူးလား။ စီးထားတဲ့ဖိနပ်နဲ့ ပါးထတီးလိုက်လို့ သွားချေးဘရိတ်ဒန့်စ် ကသွား မယ်...ထွမ်"

သူ့မယားက တံတွေးဖြင့်လှမ်းထွေးသည်။ ဟိုက်...ရှာလပတ်ရည်.. မလွယ်ပါလား။ အနှစ်နှစ်အလလ ခေါက်ရိုးကျိုးလာသော မိန်မသည် အရက်သောက်ပြီး ကနေ့ ပြန်အာခံနေပြီ။

"ဟိုကောင်..သားအကြီးကောင်"
"ဘူလဲကွ..ငါ့ခေါ်တာ အကြီးကောင်ဆိုတော အကြောင်ကီးပေါ့။ ကြီးမောင်ဆိုတော့ ကြောင်မီးလေ..ဟား..ဟား..ဟား..ဟား"
"ဟာ... ဒုက္ခပါပဲ ဘယ်လိုဖြစ်ကုန် ကြတာလဲ"
"ဟေ့ကောင်...အလတ်ကောင်..ထစမ်း..ထစမ်း...ထစမ်း ထမင်းသွားခူးစမ်း"
"ဘာအလတ်ကောင်လဲ သွားစမ်းပါ...ဒီမှာမူးနေတယ်။ လက်ပါတယ်မဟုတ်လား ကိုယ့်ဟာကိုယ်ခူးစား"

မယားလည်းပြောမရ သားနှစ်ယောက်လည်းပြောမရ။ အငယ်ဆုံးသားကို ဟောက်ကြည့်တော့ သူကပိုတောင်ဆိုးသေး။

"ဟေ့ ဘယ်ခွေးမှလူမထင်ဘူး။ ဘယ်ကြောင်မှ ခွေးမထင်ဘူး။ ဘယ်ဆိတ်မှ နွားမထင်ဘူး.. ဘွတ်အဲ"

ကြောင်မီးမှာ သောက်လာသောအရက်တွေ ဘယ်ရောက်ကုန်မှန်မသိအောင် အမူးပြေသွားသည်။ ထိုပုံစံအတိုင်းသုံးရက်တိုင် တိုင်အကြိုဆိုခံရသောအခါ ကြောင်မီးမှာ အကြီးအကျယ်ကြောက်သွားသည်။ နောက်မသောက်တော့ပါဘူးဟု ကတိပေးကာ အရက်ဝဋ်မှကျွတ်သွားသည်။ ဂုရုကွေးအကြံပေးသည့်အတိုင်း အ၀တ်အစားတွေမှာအရက်ဆွတ်ကာ မိသားစုတစုလုံးကခပ် ကြမ်းကြမ်းတုံ့ပြန်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ ကြောင်မီးတယောက် အရက်သမားဘ၀မှကျွတ်သွားလေပြီ။ ဂွတ်ထဂွတ် ထကောင်းလေစွ ကောင်းလေစွ။

ရယ်စရာ ရသစုံမဂ္ဂဇင်း၊ အမှတ် (၅၀)၊ ဇန်န၀ါရီလ၊ ၂၀၁၀

အီကြာကွေး













ယခင်စာမူများ...

စာမလိပ်ချင်ဘူး....မောင်ဝဏ္ဏ
ဒေါ်မေရှင်၊ ဦးမြတ်လေးနှင့် ကျနော်.... အေးမင်း (မန်းတက္ကသိုလ်)
ကလေးနှင့် စွန့်စားချင်စိတ်.... ဂျူး
ရုပ်ရှင် အနုပညာသစ် ရှာခြင်း.. ဒဂုန်တာရာ
အကယ်ဒမီမင်းသားကြီး မြတ်လေးနဲ့ စကားထွေတလာ... မောင်ညီညွတ်
ဆင်ဖြူတော်မှီ ကြံစုတ်တဲ့စာတွေ... လူထုစိန်ဝင်း
မျက်ခုံးလှုပ်နေရှာပြီဖြစ်တဲ့ မြန်မာ့ လက်ဖက်ရည်ကြမ်းဝိုင်း... လူထုဒေါ်အမာ
မြတ်လေး၏ အတ္ထုပ္ပတ္တိအကျဉ်း.... အယ်ဒီတာ
ဂန္တ၀င်အက်တာ အိုလီဗီယာ... မောင်မြတ်လေး
ဒုတိယယထပ် (ယာ) ၌ အာဖရိကမြင်းကျား မြက်စားခြင်း... မောင်သာချို
ကာလီဖိုးနီးယားမိုနိုလော့ဂ် (၃၆) လျော်ပေတော့... ဂျက်ကွမ်းခြံကုန်း
မြတ်လေးပြောတဲ့ မြတ်လေးအကြောင်း... အယ်ဒီတာတဦး
ပရဟိတ ... မိုးဆက်သစ်
သီတာရဲ့ဇာတ်သိမ်းခန်း ... မောင်သာနိုး
"ဖူးငုံချွေတဲ့လက်"
အမိုးတိုင်းမှာ အိမ်ရှိတယ် ... ဇေယျာလင်း
ယက္ခဂုမ္ဘာန် .... ဒဂုန်တာရာ

ပြည်တွင်းခေတ်ပြိုင်ရနံ့ စာမျက်နှာသို့








Name: Subject:

Free JavaScripts provided
by The JavaScript Source



Tell a friend: